ဝါတွင်းကာလ ၏ အဓိပ္ပာယ်နှင့် သမိုင်းကြောင်း။

ဝါတွင်းကာလ (Lent) ဆိုသည်မှာ အီစတာပွဲတော် (Easter) ကို ကျင်းပရန် ပြင်ဆင်သည့်အနေဖြင့် ဆု တောင်းခြင်း၊ နောင်တရခြင်း၊ ခြိုးခြံခြင်းနှင့် ကောင်းမှုကုသိုလ်ပြုခြင်းတို့ ပြုလုပ်ရသော ထူးခြားသည့် အချိန်ကာလ ဖြစ်ပါသည်။ သာသနာတော်၏ ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ အလေ့အထများကို ပြန် လည် ဆန်းသစ်လိုသော ဆန္ဒဖြင့် ဒုတိယအကြိမ်မြောက် ဗာတီကန်ကောင်စီ၏ “သန့်ရှင်းသော ဝတ်ပြုကိုး ကွယ်မှုဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ” (The Constitution on the Sacred Liturgy) တွင် ဤသို့ဖော် ပြထားသည် –

“ဝါတွင်းကာလ၏ ထူးခြားသော ဝိသေသနှစ်ရပ်ဖြစ်သည့် — ဆေးကြောခြင်းမင်္ဂလာကို ပြန်လည် သတိ ရခြင်း (သို့မဟုတ်) ဆေးကြောခြင်းအတွက် ပြင်ဆင်ခြင်းနှင့် နောင်တရခြင်းတို့ကို — ဝတ်ပြု ကိုးကွယ် မှုနှင့် ဘာသာသင်ကြားမှုများတွင် ပိုမိုအလေးပေးသင့်သည်။ ၎င်းတို့အားဖြင့် ဘာသာဝင်များသည် ဘုရား သခင်၏ နှုတ်ကပတ်တော်ကို ပိုမိုနာယူကာ ဆုတောင်းခြင်းအတွက် အချိန်ပိုမိုပေးရင်း သာသနာတော်က သူတို့ကို အီစတာပွဲတော် ကျင်းပရန် ပြင်ဆင်ပေးခြင်း ဖြစ်သည်” (အမှတ် ၁၀၉)။

Lent ဟူသော စကားလုံးသည် အင်္ဂလို-ဆက်ဆွန် (Anglo-Saxon) စကားလုံးဖြစ်သော “နွေဦး” ဟု အဓိပ္ပာယ် ရသည့် lencten နှင့် “နွေဦးအချိန်” သာမက ဝါတွင်းကာလ အများဆုံးကျရောက်ရာ “မတ်လ” ကို ဆိုလိုသည့် lenctentid စကားလုံးတို့မှ ဆင်းသက်လာခြင်း ဖြစ်ပါသည်။

အစောပိုင်းကာလ ဝါတွင်းပြင်ဆင်မှုများ

သာသနာတော်၏ အစောဆုံးကာလများကတည်းက အီစတာအတွက် ဝါတွင်းပြင်ဆင်မှုများ ပြုလုပ်ခဲ့ ကြသည့် အထောက်အထားများ ရှိခဲ့သည်။ ဥပမာအားဖြင့် စိန့်အိုင်ရေးနီးယပ်စ် (St. Irenaeus, ခရစ် သက္ကရာဇ် ၂၀၃ တွင် ကွယ်လွန်) သည် ပုပ်ရဟန်းမင်းကြီး စိန့်ဗစ်တာ ၁ (Pope St. Victor I) ထံသို့ အီစတာ ကျင်းပပုံနှင့် ပတ်သက်၍ အရှေ့နှင့် အနောက်နိုင်ငံများကြား ကွာခြားချက်များကို စာရေးသားရာတွင် –

“ငြင်းခုံမှုမှာ နေ့ရက်အတွက်သာမက အစာရှောင်ခြင်း၏ ပုံသဏ္ဌာန်နှင့် ပတ်သက်၍လည်း ဖြစ်သည်။ အချို့က တစ်ရက်၊ အချို့က နှစ်ရက်၊ အချို့က ထိုထက်မက အစာရှောင်သင့်သည်ဟု ယူဆကြသည်။ အချို့မှာမူ သူတို့၏ ‘နေ့’ ကို ၄၀ နာရီအထိ သတ်မှတ်ကြသည်။ ဤကဲ့သို့ ကွဲပြားမှုများသည် ယခုခေတ်မှ စတင်ခဲ့ခြင်းမဟုတ်ဘဲ ကျွန်ုပ်တို့၏ ဘိုးဘေးများ (တမန်တော်များ) လက်ထက်ကတည်းက ရှိခဲ့ခြင်း ဖြစ်သည်” ဟု ရေးသားခဲ့သည်။

Rufinus က ဤကျမ်းပိုဒ်ကို ဂရိဘာသာမှ လက်တင်ဘာသာသို့ ပြန်ဆိုသောအခါ ပုဒ်ဖြတ်ပုဒ်ရပ် အထား အသိုကြောင့် “၄၀ နာရီ” အစား “တစ်နေ့လျှင် ၂၄ နာရီဖြင့် ၄၀ ရက်” ဟု အဓိပ္ပာယ်ထွက်သွားခဲ့သည်။ သို့သော်လည်း ဤစာပိုဒ်၏ အရေးကြီးပုံမှာ “ကျွန်ုပ်တို့၏ ဘိုးဘေးများ” (တမန်တော်များကို ဆိုလိုခြင်း ဖြစ်သည်) လက်ထက်ကတည်းက ၄၀ ရက်ကြာသော ဝါတွင်းပြင်ဆင်မှု ရှိခဲ့ခြင်းပင် ဖြစ်သည်။ သို့သော် ဝါတွင်း၏ အလေ့အထနှင့် ကြာမြင့်ချိန်မှာ ရှေးဦးအသင်းတော်များ တစ်ခုနှင့်တစ်ခု တူညီမှု မရှိသေးပေ။

ဝါတွင်းကာလ စံနစ်တကျ ဖြစ်လာပုံ

ခရစ်သက္ကရာဇ် ၃၁၃ ခုနှစ်တွင် ခရစ်ယာန်ဘာသာကို တရားဝင် ခွင့်ပြုပြီးနောက် ဝါတွင်းကာလသည် ပိုမိုစံနစ်တကျ ဖြစ်လာခဲ့သည်။ နိကေးယားကောင်စီ (Council of Nicea, ၃၂၅) ၏ စည်းမျဉ်းများတွင် တစ်နှစ်လျှင် နှစ်ကြိမ် အစည်းအဝေး ကျင်းပရမည်ဖြစ်ပြီး “တစ်ခုမှာ ဝါတွင်း ၄၀ ရက် မတိုင်မီ” ဖြစ်ရမည်ဟု ဖော်ပြခဲ့သည်။ စိန့် အာသနာစီးယပ်စ် (St. Athanasius, ၃၇၃ တွင် ကွယ်လွန်) ကလည်း သန့်ရှင်းသောရက်သတ္တပတ် (Holy Week) တွင် ပြင်းပြင်းထန်ထန် အစာမရှောင်မီ ၄၀ ရက်ကြာ အစာရှောင်ခြင်းကို ပြုလုပ်ရန် ဘာသာဝင်များကို တိုက်တွန်းခဲ့သည်။

၄ ရာစုနှောင်းပိုင်းတွင် အီစတာအတွက် ၄၀ ရက်ကြာ ပြင်ဆင်သည့် ဝါတွင်းကာလသည် တည်ရှိ နေပြီ ဖြစ်ပြီး ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းတို့မှာ အဓိက ဝိညာဉ်ရေးရာ ကျင့်စဉ်များ ဖြစ်ကြောင်း ကောက်ချက်ချနိုင်ပါသည်။

“၄၀” ဟူသော ဂဏန်း၏ အရေးပါမှု

“၄၀” ဟူသော ဂဏန်းသည် ဝိညာဉ်ရေးရာ ပြင်ဆင်မှုတွင် အမြဲတမ်း ထူးခြားသော အဓိပ္ပာယ် ရှိသည်။

• မိုးဇယ် (Moses): ပညတ်တော်ဆယ်ပါးကို လက်ခံရန် ပြင်ဆင်စဉ် စီနာရီတောင်ပေါ်တွင် “မိုးဇယ် သည် ထာဝရဘုရားနှင့်အတူ ၄၀ ရက်နှင့် ၄၀ လုံးလုံး အစာမစား၊ ရေမသောက်ဘဲ နေခဲ့သည်” (ထွက်မြောက်ရာ ၃၄:၂၈)။

• ဧလိယ (Elijah): ဘုရားသခင်၏ တောင်တော် ဟောရပ်တောင် (ဟောရပ်တောင်) သို့ “၄၀ ရက်နှင့် ၄၀ လုံးလုံး” လမ်းလျှောက်ခဲ့သည် (၁ ဓမ္မရာဇဝင် ၁၉:၈)။

• ယေဇူးခရစ်တော်: အရေးကြီးဆုံးအချက်မှာ ယေဇူးခရစ်တော်သည် အများပြည်သူသို့ တရား မဟောကြားမီ တောကန္တာရထဲတွင် “၄၀ ရက်နှင့် ၄၀ လုံးလုံး” အစာရှောင် ဆုတောင်း ခဲ့ခြင်း ဖြစ် သည် (မာတေဦး ၄:၂)။

အစာရှောင်ခြင်း စည်းမျဉ်းများ တိုးတက်ပြောင်းလဲလာပုံ

ဝါတွင်း ၄၀ ရက်ကို သတ်မှတ်ပြီးနောက် မည်မျှအထိ အစာရှောင်ရမည်နည်းဟူသော အချက်မှာ နောက် ထပ် တိုးတက်ပြောင်းလဲမှု ဖြစ်လာသည်။ ဂျေရုဆလင်တွင် လူတို့သည် တနင်္လာမှ သောကြာအထိ အစာ ရှောင်သော်လည်း စနေ၊ တနင်္ဂနွေတွင် မရှောင်ကြသဖြင့် ဝါတွင်းမှာ ၈ ပတ် ကြာမြင့်သည်။ ရောမနှင့် အနောက်နိုင်ငံများတွင်မူ တနင်္လာမှ စနေအထိ အစာရှောင်သဖြင့် ဝါတွင်းမှာ ၆ ပတ် ကြာမြင့်သည်။

နောက်ဆုံးတွင် တစ်ပတ်လျှင် ၆ ရက်နှုန်းဖြင့် ၆ ပတ် အစာရှောင်သည့် အလေ့အထက လွှမ်းမိုးလာပြီး အီစတာမတိုင်မီအစာရှောင်ရက်ပေါင်း ၄၀ ပြည့်ရန်အတွက် ပြာခံပွဲဗုဒ္ဓဟူးနေ့ (Ash Wednesday) ကို စတင်သတ်မှတ်ခဲ့သည်။

အစာရှောင်ခြင်း စည်းမျဉ်းများမှာလည်း ကွဲပြားကြသည်။

• အချို့ဒေသများတွင် အသားနှင့် တိရစ္ဆာန်ထွက်ပစ္စည်းအားလုံးကို ရှောင်ကြသည်။

• ပုပ်ရဟန်းမင်းကြီး စိန့်ဂရီဂေါရီ (St. Gregory, ၆၀၄ တွင် ကွယ်လွန်) က “ကျွန်ုပ်တို့သည် အသား နှင့် အသားမှ ထွက်သော နို့၊ ဒိန်ခဲနှင့် ဥများကို ရှောင်ကြဉ်ရမည်” ဟု စည်းမျဉ်းထုတ်ပြန်ခဲ့သည်။

ကာလကြာလာသည်နှင့်အမျှ ကိုယ်လက်လှုပ်ရှား အလုပ်လုပ်သူများအတွက် အားအင်ရှိစေရန် နေ့ဘက် တွင် အစာအနည်းငယ် စားခွင့်ပြုခြင်း၊ ငါးစားခွင့်ပြုခြင်း၊ နောက်ပိုင်းတွင် ပြာခံပွဲဗုဒ္ဓဟူးနေ့အပါအဝင် ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့များမှလွဲ၍ အသားစားခွင့်ပြုခြင်း စသည့် ဖြေလျှော့မှုများ ရှိလာခဲ့သည်။ (သို့သော်လည်း နို့ထွက်ပစ္စည်းများကို ရှောင်ကြဉ်သည့် အလေ့အထကြောင့် အီစတာကြက်ဥများကို ကောင်းချီးပေးခြင်းနှင့် ပြာခံပွဲးဗုဒ္ဓဟူးနေ့မတိုင်မီနေ့ (Shrove Tuesday) တွင် အနောက်တိုင်း ထုံးတန်း အစဉ်လာအရ ပန်ကိတ် (Pancakes) စားခြင်း အလေ့အထများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။)

ယနေ့ခေတ် ဝါတွင်းကျင့်စဉ်များ

ယနေ့ခေတ်တွင် ဝါတွင်းကျင့်စဉ်များကို ပိုမိုရိုးရှင်း လွယ်ကူစေရန် ပြင်ဆင်ထားပါသည်။ ဝါတွင်း ကာလ သည် ပြာခံပွဲဗုဒ္ဓဟူးနေ့တွင် စတင်ပြီး တနင်္ဂနွေနေ့များမပါဘဲ ၄၀ ရက် ကြာမြင့်သည်။ လက်ရှိ အစာ ရှောင်ခြင်းနှင့် အသားရှောင်ခြင်း စည်းမျဉ်းများမှာ အလွန်ရိုးရှင်းပါသည် –

1. ပြာခံပွဲဗုဒ္ဓဟူးနေ့ နှင့် သောကြာနေ့ကြီး (Good Friday): ဘာသာသူများသည် အစာရှောင် ကြရ သည် (တစ်နေ့လျှင် နပ်မှန်တစ်နပ်နှင့် အားရှိရန် အဆာပြေအနည်းငယ်သာ စားခြင်း) နှင့် အသား ရှောင်ကြရသည်။

2. ဝါတွင်းကာလ သောကြာနေ့တိုင်း: အသားရှောင်ကြရသည်။

3. စွန့်လွှတ်ခြင်း: ဝါတွင်းကာလအတွင်း မိမိနှစ်သက်သော အရာတစ်ခုခုကို “စွန့်လွှတ်ရန်” (Give up something) တိုက်တွန်းထားဆဲ ဖြစ်သည်။ (မှတ်ချက် – စိန့်ဂျိုးဇက်ပွဲနေ့ သို့မဟုတ် သံသေန္ဓေ ယူနေ့ကဲ့သို့သော ပွဲနေ့ကြီးများနှင့် တနင်္ဂနွေနေ့များတွင် ဤစွန့်လွှတ်ခြင်းမှ ကင်း လွတ် ခွင့်ရှိ သည်။)

သို့သော် ကျွန်ုပ်အမြဲ သင်ကြားခံခဲ့ရသည်မှာ “အကယ်၍ သင်သည် ထာဝရဘုရားအတွက် တစ်ခုခုကို စွန့် လွှတ်လိုက်ပြီဆိုလျှင် အဆုံးထိ အောင့်အည်းသည်းခံပါ။ ဟာကွက် ပျော့ကွက် ရှာသော ဖာရိဇေ ဦးများ ကဲ့သို့ မပြုမူပါနှင့်” ဟူ၍ ဖြစ်သည်။

ထို့အပြင် အောက်ပါ ဝိညာဉ်ရေးရာ အလုပ်များကို လုပ်ဆောင်ရန်လည်း အလေးပေးသင့်သည် –

• လက်ဝါးကပ်တိုင်လမ်းစဉ် ဒုက္ခစရိယာ ကားလှဲးခြင်း (Stations of the Cross) လျှောက်ခြင်း။

• မစ္ဆားတရားတော်တွင် ပါဝင်ခြင်း။

• ကိုယ်တော်မြတ်ရှေ့မှောက်တွင် တစ်ပတ်လျှင် တစ်နာရီ ဆုတောင်းခြင်း။

• ကိုယ်တိုင်ဆုတောင်းခြင်းနှင့် ဝိညာဉ်ရေးရာ စာပေများ ဖတ်ရှုခြင်း။

• အထူးသဖြင့် ကောင်းမွန်စွာ အပြစ်ဖြေခြင်း (Confession) နှင့် နောင်တရခြင်း။

ရာစုနှစ်များစွာအတွင်း ကျင့်စဉ်များ ပြောင်းလဲသွားနိုင်သော်လည်း ဦးတည်ချက်မှာ အတူတူပင် ဖြစ်ပါ သည် – အပြစ်မှ နောင်တရရန်၊ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို အသစ်ပြုပြင်ရန်နှင့် ကျွန်ုပ်တို့၏ ကယ်တင် ခြင်းဆိုင်ရာ ထူးခြားသောနက်နဲမှုများကို ဝမ်းမြောက်စွာ ဆင်နွှဲနိုင်ရန် ပြင်ဆင်ခြင်းပင် ဖြစ်ပါသည်။

Fr. William Sanders

Website: rvamyanmar.org

/ @rvamyanmar8152

#rvamyanmar

https://catholiceducation.org/en/author/fr-william-saunders

rvamyanmar
rvamyanmar
Articles: 3878

Leave a Reply

Your email address will not be published. Required fields are marked *