မီးဖိုချောင်ထဲက မေတ္တာရှင် သို့မဟုတ် ရဟန်းလောင်းတွေရဲ့ မိခင်တစ်ပါး။

(ဒေါ်အက်စတာမဂျူးဖော၏ နှစ် (၂၅) ပြည့် ငွေရတု ဓမ္မအမှုတော်ဆောင်ခရီး)

ဘုရားသခင်ရဲ့ အမှုတော်ဆောင်ခြင်းဆိုတာ ယဇ်ပလ္လင်ထက်မှာ တရားဟောတာမျိုးမှ မဟုတ်ပါဘူး။ မီး ဖိုချောင်ထဲကနေ မေတ္တာစေတနာတွေနဲ့ ချက်ပြုတ်ကျွေးမွေးခြင်းကလည်း ဘုရားသခင်ရဲ့ ဘုန်းတော်ကို ထင်ရှားစေတဲ့ မွန်မြတ်လှတဲ့ အမှုတော်ဆောင်ခြင်း တစ်ခုပါပဲ။

ဒီလိုမျိုး တိတ်ဆိတ်ငြိမ်သက်စွာနဲ့ အများအကျိုးကို သယ်ပိုးခဲ့တာ ဒီကနေ့ဆိုရင် (၂၅) နှစ် တင်းတင်း ပြည့်ခဲ့ပါပြီ။ သူမကတော့ တောင်ငူသာသနာဖွား အသက် (၅၆) နှစ်အရွယ် ဒေါ်အက်စတာ မဂျူးဖော ဖြစ်ပါတယ်။

သူမဟာ ၂၀၀၁ ခုနှစ်ကနေ ယခု ၂၀၂၆ ခုနှစ်အထိ (၂၅) နှစ်တာ ကာလပတ်လုံး ကျိုင်းတုံမြို့၊ ယေဇူးရွှေ နှလုံးတော် ရဟန်းဖြစ်သင်ကျောင်းမှာ ရဟန်းလောင်းကျောင်းသားတွေကို မိမိရဲ့ သားအရင်းတွေပမာ သဘောထားပြီး ပြုစုစောင့်ရှောက်ခဲ့သူပါ။ ရဟန်းလောင်းလေးတွေ ဘုရားလမ်းမှာ လျှောက်လှမ်း နိုင်ဖို့ အတွက် ဘေးနားကနေ မေတ္တာစေတနာအပြည့်နဲ့ ချက်ပြုတ်ကျွေးမွေးခဲ့သလို၊ လိုအပ်တဲ့ ဆိုဆုံးမမှုတွေ ကိုလည်း မိခင်တစ်ယောက်လို လမ်းပြပေးခဲ့ပါတယ်။ သူတို့ ၀မ်းနည်းချိန်၊ ပျော်ရွှင်ချိန်တွေမှာ ထပ်တူမျှ ဝေခံစားပေးပြီး၊ အခက်အခဲတွေ ကြုံလာရတိုင်းမှာလည်း သူမကို အမြဲစောင့်ရှောက်နေတဲ့ ဘုရားသခင် ရှိတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ရဲရဲဝံ့ဝံ့ ကျော်ဖြတ်ပြကာ စံနမူနာပြခဲ့သူလည်း ဖြစ်ပါတယ်။

သူမရဲ့ (၂၅) နှစ်တာ ကာလအတွင်းမှာ ရဟန်းဖြစ်သင်ကျောင်းရဲ့ ကျောင်းအုပ် ဘုန်းတော်ကြီး (၁၀) ပါးနဲ့ ရဟန်းလောင်းကျောင်းသားပေါင်းများစွာကို ပြုစုစောင့်ရှောက်ခွင့် ရရှိခဲ့ပါတယ်။ သူမရဲ့ မေတ္တာရိပ် အောက်မှာ ကြီးပြင်းခဲ့ကြတဲ့ ရဟန်းလောင်းတွေထဲက ထွက်ပေါ်လာတဲ့ ရဟန်းတော် (၁၅) ပါးဟာဆိုရင် ဒီကနေ့အချိန်မှာ သာသနာ့တာဝန်တွေကို ထမ်းရွက်နေကြတဲ့ ရဟန်းတော်တွေ ဖြစ်လာခဲ့ကြပါပြီ။

ဒေါ်အက်စတာမဂျူးဖောရဲ့ (၂၅) နှစ်ပြည့် ငွေရတု ကျေးဇူးတင်ဂုဏ်ပြုမစ္ဆားတရားတော်ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့က ယေဇူးရွှေနှလုံးတော် ရဟန်းဖြစ်သင်ကျောင်းရှိ မယ်တော်ဂူရင်ပြင်မှာ ကျင်းပခဲ့ပါတယ်။ ဒီပွဲကို ရဟန်းတော် (၂၅) ပါး ပါဝင်ပူဇော်ခဲ့ကြပြီး မွန်ဆီညော် စတီးဗင်းအားချူ က တရားရေအေး တိုက်ကျွေးခဲ့ပါတယ်။

မွန်ဆီညော်က “သူမရဲ့ ဆက်ကပ်ခြင်းဟာ အလုပ်သဘော သက်သက်မဟုတ်ဘဲ ဘုရားသခင်ရဲ့ ခေါ်တော် မူခြင်း (Vocation) အဖြစ် ခံယူထားတာ ဖြစ်ပါတယ်။ အခက်အခဲတွေ ကြုံရတိုင်း ဘုရားရှင်ကို ဖွင့်ဟ တိုင်တည်ပြီး ကျော်ဖြတ်ခဲ့တာကြောင့် ဒါဟာ ဘုရားနဲ့အတူ လျှောက်လှမ်းတဲ့ အသက်တာပါပဲ။ လူ အများရှေ့မှာ မစ္ဆားတရားဟောရတဲ့ အမှုတော်နဲ့ မီးဖိုချောင်ထဲမှာ လူမမြင်သူမမြင် ဆက်ကပ်ရတဲ့ အမှုတော်ဆောင်ခြင်းတို့ဟာ ဘုရားဘုန်းဂုဏ်တော်အတွက် တန်းတူညီမျှ အရေးပါပါတယ်” လို့ ထိမိစွာ ဟောကြားခဲ့ပါတယ်။

ပွဲအခမ်းအနားမှာတော့ သူမရဲ့ မေတ္တာနဲ့ ပြုစုပျိုးထောင်မှုကို ခံယူခဲ့ဖူးတဲ့ တပည့်ဟောင်း ရဟန်းတော် များက ကျေးဇူးတင်တဲ့အနေနဲ့ ရွှေလက်စွပ်တစ်ကွင်းကို လက်ဆောင်ပေးအပ် ဂုဏ်ပြုခဲ့ကြပါတယ်။ ဒေါ်အက်စတာ မဂျူးဖောကလည်း သူမကို ကူညီပေးခဲ့ကြတဲ့ ရန်ကုန်နဲ့ ကျိုင်းတုံသာသနာမှ ဆရာတော် ကြီးများ၊ သီလရှင်များနဲ့ ဒီဂျူဘီလီပွဲကို ဦးစီးကျင်းပပေးခဲ့တဲ့ လက်ရှိ ကျောင်းအုပ်ဘုန်းတော်ကြီး အဲလ်ဖောင်းဆို တူးဂျာတို့ကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

မီးဖိုချောင်လေးထဲကနေ သာသနာအတွက် အသံတိတ် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်ခဲ့တဲ့ ဒေါ် အက်စတာမဂျူးဖောရဲ့ ဆက်ကပ်ခြင်းသက်တာဟာ ဂုဏ်ယူလေးစားဖွယ်ရာ ဖြစ်ပါကြောင်း ရေးသား ဖော်ပြလိုက်ရပါတယ်။

By Sr. Maria Goretti Su Su Hlaing

Website: rvamyanmar.org

www.youtube.com/@rvamyanmar8152

rvamyanmar
rvamyanmar
Articles: 3924

Leave a Reply

Your email address will not be published. Required fields are marked *