
ဂျူဘီလီ (Jubilee) ပွဲတော် – စိန့်ပီတာ ဘာစီးလီကာ ဘုရားကျောင်းရှိ သန့်ရှင်းသောတံခါးပေါက် (Holy Door) ပိတ်ပွဲ အခမ်းအနား။

၁၉၇၅ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့ပြီး ၂၀၀၀ ပြည့်နှစ် သန့်ရှင်းသောနှစ်တွင် ရဟန်းမင်းကြီး စိန့်ဂျွန်ပေါလ် (ဒုတိယ) မှ ပိုမိုရိုးရှင်းအောင် ပြုပြင်ခဲ့သည့် အစဉ်အလာအရ၊ တံခါးရွက်များကို ပိတ်ခြင်းကိုသာ လူထု ရှေ့မှောက်တွင် ပြုလုပ်မည်ဖြစ်ပြီး တံခါးကို အုတ်ဖြင့် ပြန်လည်ပိတ်ဆို့ခြင်းကိုမူ (၁၀) ရက်ခန့်အကြာ တွင် သီးသန့်ပြုလုပ်သွားမည်ဖြစ်သည်။
ဗာတီကန် သတင်းဌာန
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့တွင် ကျရောက်သော သခင်ယေဇူး ဘုရားဂုဏ်တော် ထင်ရှားပြသ ခြင်းပွဲနေ့ (Solemnity of the Epiphany of the Lord) အခါသမယတွင် ရဟန်းမင်းကြီး လီယို (၁၄) သည် ရောမမြို့ရှိ ပုပ်ရဟန်းမင်းကြီး ပိုင်ဆိုင်သော ဘုရားကျောင်းကြီးများအနက် နောက်ဆုံးဖွင့်လှစ် ထားသည့် စိန့်ပီတာ ဘာစီးလီကာ (St Peter’s Basilica) ရှိ သန့်ရှင်းသောတံခါးပေါက်ကို ပိတ်သိမ်း မည်ဖြစ်သည်။ ဤသို့ဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် စတင်ခဲ့သော သန့်ရှင်းသောနှစ် (Holy Year) ကို တရားဝင် ရုပ်သိမ်းမည်ဖြစ်သည်။
တံခါးရွက်များ ပိတ်သိမ်းခြင်း
၁၉၇၅ ခုနှစ်မှစတင်၍ ကျင့်သုံးခဲ့ပြီး ၂၀၀၀ ပြည့်နှစ် မဟာဂျူဘလီနှစ်တွင် စိန့်ဂျွန်ပေါလ် (ဒုတိယ) က ပိုမိုရိုးရှင်းအောင် ပြင်ဆင်ခဲ့သည့် ထုံးတမ်းစဉ်လာနှင့်အညီ နံနက် ၉ နာရီ ၃၀ မိနစ်တွင် စတင်မည့် အခမ်း အနားတွင် တံခါးကို အုတ်ဖြင့် လူအများရှေ့မှောက် ပိတ်ဆို့ခြင်း မပြုတော့ဘဲ တံခါးရွက်များကို ပိတ် ခြင်းဖြင့်သာ ကန့်သတ်ပြုလုပ်မည်ဖြစ်သည်။
ရဟန်းမင်းကြီးသည် ပုံမှန်သန့်ရှင်းသောနှစ် (Ordinary Holy Year) အတွက် ကျေးဇူးတော်ချီးမွမ်းခြင်း ဆုတောင်းစာကို ရွတ်ဆိုမည်ဖြစ်သည်။ အခမ်းအနားတွင် သတ်မှတ်ထားသော ဆုတောင်းစာ၌ “ဤ သန့် ရှင်းသောတံခါးကို ပိတ်လိုက်ပြီ ဖြစ်သော်လည်း ကိုယ်တော်ရှင်၏ ကရုဏာတော်တံခါးမူကား ပိတ်သွား မည်မဟုတ်ပါ” ဟု ပါရှိပြီး၊ ဘုရားသခင်၏ ကျေးဇူးတော်တည်းဟူသော “ရတနာများ” သည် ဆက် လက်ပွင့်လင်းနေစေရန် ဆုတောင်းရာတွင် “ကျွန်ုပ်တို့၏ လောကီခရီးစဉ်အဆုံး၌ ကိုယ်တော်ရှင်၏ အိမ်တော်တံခါးကို ယုံကြည်စိတ်ချစွာ ခေါက်နိုင်ပြီး၊ အသက်ပင်၏ အသီးအပွင့်များကို စံစားနိုင် ပါစေ သတည်း” ဟု ဆက်လက်ပါရှိသည်။
ထို့နောက် “O clavis David” ဟုခေါ်သော ဓမ္မတေးကို သီဆိုနေစဉ် ရဟန်းမင်းကြီးသည် သန့်ရှင်းသော တံခါးပေါက်ဆီသို့ ချဉ်းကပ်သွားမည်ဖြစ်သည်။ ကိုယ်တော်သည် တံခါးခုံပေါ်သို့ တက်လှမ်းကာ ဒူး ထောက်၍ ခဏတာ ငြိမ်သက်စွာ ဆုတောင်းပြီးနောက် ကြီးမားသော ကြေးတံခါးရွက်နှစ်ချပ်ကို ကိုယ် တိုင် ပိတ်မည်ဖြစ်သည်။ ဤလုပ်ဆောင်ချက်သည် ဂျူဘီလီကာလ ကုန်ဆုံးသွားပြီဖြစ်သော်လည်း ဘုရားသခင်၏ ကရုဏာတော်မှာမူ အမြဲတမ်း ပွင့်လင်းနေကြောင်းကို ဖော်ညွှန်းခြင်းဖြစ်သည်။
သန့်ရှင်းသောတံခါးကို ပိတ်ပြီးသည်နှင့် ချက်ချင်းပင် ရဟန်းမင်းကြီးသည် စိန့်ပီတာ ဘာဆီလီကာ ဘုရားကျောင်းအတွင်း၌ Epiphany ပွဲနေ့ မစ္ဆားတရားတော်ကို ဦးဆောင်ကျင်းပမည်ဖြစ်သည်။
အုတ်ဖြင့် ပိတ်ဆို့ခြင်း
သန့်ရှင်းသောတံခါးကို အုတ်ဖြင့် အမှန်တကယ် ပိတ်ဆို့ခြင်းကိုမူ (၁၀) ရက်ခန့်အကြာတွင်မှ ရဟန်း မင်း ကြီး၏ ဘာသာရေးအခမ်းအနားများဆိုင်ရာရုံး (Office for the Liturgical Celebrations of the Supreme Pontiff) ၏ ကြီးကြပ်မှုဖြင့် သီးသန့်ပြုလုပ်မည်ဖြစ်သည်။
စိန့်ပီတာ ဘုရားကျောင်း၏ နည်းပညာရှင်များ (sampietrini ဟုခေါ်ဆိုသူများ) သည် ဘုရားကျောင်း အတွင်းဘက်ရှိ သန့်ရှင်းသောတံခါးကို အုတ်တံတိုင်းဖြင့် ပိတ်ဆို့တည်ဆောက်မည်ဖြစ်သည်။
ထိုသို့ပိတ်ဆို့စဉ်အတွင်း ရှေးရိုးစဉ်လာအတိုင်း သတ္တုသေတ္တာ (capsis) တစ်ခုကို အုတ်တံတိုင်းအတွင်း ထည့်သွင်းသွားမည်ဖြစ်သည်။ ထိုသေတ္တာထဲတွင် တံခါးပိတ်ပွဲဆိုင်ရာ တရားဝင်မှတ်တမ်း၊ ဂျူဘလီ နှစ် အတွင်း ထုတ်ဝေခဲ့သော အထိမ်းအမှတ်ဒင်္ဂါးများနှင့် သန့်ရှင်းသောတံခါး၏ သော့များကို ထည့်သွင်း သိမ်းဆည်းထားမည်ဖြစ်သည်။
ဘာသာပြန်-Fr. Peter Kyi Maung

