
ဗေလန်ကန်နီကျန်းမာခြင်းမယ်တော် ပွဲနေ့ကျင်းပ။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊စိန့်ဇေးဗီးယားသာသနာစီရင်စု၊ စိန့်ဇေးဗီးယားဘုရားကျောင်း ၌ ဗေလန်ကန်နီကျန်းမာခြင်းမယ်တော်၏ပွဲနေ့ မစ္ဆားတရားတော်ကို (၈.၉.၂၀၂၅) တနင်္လာနေ့ညနေ ၄:၃ဝ အချိန်တွင် ဆရာတော်ကြီးမာကု ဦးတင်ဝင်း ဦးဆောင်ပူဇော်ပေးခဲ့ပါသည်။
ဗေလန်ကန်နီပွဲကို နံနက်ကိုးနာရီအချိန်တွင် ကျန်းမာခြင်းမစ္ဆားတရားကို ဘုန်းတော်ကြီး Fr. Augustine Win Myint မှဦးဆောင်ပူဇော်ခဲ့ပြီး မစ္ဆားတရားအပြီးတွင် ကျန်းမာခြင်းဆီကောင်းကြီးပေးခြင်း၊ ပန်း ဆက်ကပ်ခြင်း၊ နာမကျန်းသူများကို ကောင်းချီးပေးခြင်း၊ ပန်းဆပ်သခြင်းအစီအစဉ်များကို ဆက်လက် ကျင်းပခဲ့ပါသည်။
ညနေပိုင်းမစ္ဆားတရားအပြီးတွင် ကိုယ်တော်မြတ်နှင့် ဗေလန်ကန်နီဆင်းတုတော်ကို ထမ်းကာစီတန်း လှည့်လည်ခြင်း ဗေလန်ကန်နီအလံချခြင်း၊ မယ်တော်ပွဲနေ့ကိတ်ခွဲခြင်း အခမ်းအနားကို ကျင်း ပခဲ့ပါ သည်။
မန္တလေးသာသနာ၌ ဗေလန်ကန်နီပွဲစတင်ကျင်းပခဲ့ပုံကို ဘုန်းတော်ကြီး Fr. James မှလည်းခု လိုပြော ပြခဲ့သည်။
“၁၉၅၃ခုနှစ်လောက် Fr. Sebastian လက်ထက်မှစပြီး မန္တလေးသာသနာ၊စိန့်ဇေးဗီးယားဘုရားကျောင်း ၌ဗေလန်ကန်နီမယ်တော်ပွဲကို စတင်ကျင်းပခဲ့ပါသည်။ Fr.Sebastian လက်ထက်မှာ ဗေလန်ကန်နီပွဲ တော်သည် ပိုပြီးစည်ကားသိုက်မြိုက်လာပါသည်။ နောက်ပိုင်း မန္တလေးသာသနာက Fr. Xavier Vanrain လက်ထက်မှာ ဆုတောင်းမေတ္တာကိုမြန်မာလိုရော၊ ပါဠိဘာသာလိုရော၊ ရှိလာခဲ့သည်။ Fr.Sebastian လက်ထက်မှာ ညောင်လေးပင် ကျောင်းထိုင်ဘုန်းတော်ကြီး ပီတာသက်လွင်နှင့် Fr.Xavier Vanrain တို့သည် တစ်နှစ်တစ်ခါလာပြီး ဗေလန်ကန်နီပွဲမှာ ဘာသူဝင်များ ကို မယ်တော့ပေါ် သဒ္ဒါကြည်ညိုခြင်း အကြောင်းတွေကို ဩဝါဒတရားများပေးပြီး အင်တိုက် အားတိုက်ပါဝင် ခဲ့ပါသည်။
အဲဒီအချိန်တုန်းက တမီလ် မိသားစုများလည်းသူတို့တမီလ်ဘာသာနဲ့ နိုဗီနာတွေ၊ စိပ်ပုတီးစိပ်တာတွေ၊ မယ်တော်ရှေ့မှာ အုန်းသီးမီးပူဇော်ပြီးဆုတောင်းတာတွေ၊ နောက်ပြီး(၁၁)ရက် လုံးလုံးလိုက်လံ အလှူခံ ပြီး သူတို့ရတဲ့အလှူငွေ၊ဆန်တွေကို နောက်ဆုံးနေ့မှာ မယ်တော့အတွက်လာပြီးပူဇော်တဲ့ ဓလေ့ထုံးတမ်း အစဉ်အလာလည်းရှိခဲ့ပါသည်။
နောက်ပြီး မွန်ဆီညှော် ဩဂတ်စတင်း ဦးစို လက်ထက် ၁၉၉၄ နောက်ပိုင်းမှာ ဒီကျန်းမာခြင်းမယ်တော် ဗိမာန်တော်ကို အလှူရှင်များမှ ဆောက်လုပ်လှူဒါန်းပြီး ဗေလန်ကန်နီကျန်းမာခြင်း မယ်တော်ဆင်းတုကို ထားရှိကာ ပွဲတော်ကိုလည်း ၁၉၅၃ ကနေ ယနေ့ချိန်ထိ အင်တိုက်အားတိုက် ကျင်းပနိုင်ခဲ့တာ အင်မတန် မှ အားရစရာကောင်းပါတယ်။
ဒါကြောင့်ဒီဗေလန်ကန်နီသခင်မကို သဒ္ဒါကြည်ညိုတဲ့သားသမီးတွေ ယုံကြည်ခြင်းပဲ အရေးကြီးပါတယ်။ မယ်တော့ဆီယုံကြည်ခြင်းနဲ့တောင်းတဲ့ဆုကို မယ်တော်က အမြဲတမ်းကူညီပံ့ပိုးပေးမယ်ဆိုတာကိုယုံပါ” ဟုပြောကြားခဲ့ပါသည်။
ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Alphonse Aung Ko Latt မှလည်းမယ်တော်ပွဲပြန်လည် ကျင်းပရ ခြင်း အကြောင်းကိုခုလိုပြောသည်။
“လွန်ခဲ့သော နှစ်တွေမှာ အခြေအနေအမျိုးမျိုးကြောင့် စည်ကားစွာမကျင်းပနိုင်ခဲ့ဘူး ဒါကြောင့်ဒီနှစ်ကိုတော့ ကျွန်ုပ်တို့ဒီပွဲတော်ကို အရင်ကလိုပြန်ပြီးကျင်းပချင်တယ်။ ဒါပေမဲ့မမျှော်လင်ပဲ ငလျင်ဒဏ်ကြောင့် ဘုရားကျောင်းနှင့် မယ်တော်ဂူပျက်စီးသွားတာတွေ ပြန်လည်ပြင်ဆင်ရတာတွေလည်းရှိပါတယ်။ ဒါကြောင့်ဟိုးအရင်ကလို စည်စည်ကားကားတော့ မကျင်းပနိုင်ပေမဲ့ တော်တော်များများ ပါဝင်နိုင်တာကိုတွေ့ရပါတယ်။ နောက်နှစ်တွေလည်း ဒီထက်ပိုပြီးတော့ကျင်းပနိုင်မယ်လို့ မျှော်လင့်ပါ တယ်။
အရင်ကဆိုဒီမန္တလေးသာသနာ၏ သာသနာစီရင်စု အသီးသီးမှာ ဘာသာဝင်များဒီဗေလန်ကန်နီ မယ်တော်ပွဲကိုလာကြတယ်။ ဒါမဲ့ခုချိန်မှာတော့လမ်းခရီးအခြေအနေအမျိုးမျိုးကြောင့် ဝေးတဲ့ကျေးရွာက ဘာသာဝင်များကတော့လာရောက် ပါဝင်နိုင်ခြင်းတော့မရှိပါဘူး”ဟုပြောသည်။
ဗေလန်ကန်နီပွဲတော်သို့လာရောက်ဆုတောင်းကြသော ဘာသာဝင်တစ်ချို့မှလည်း သူတို့ခံစားရရှိသော ကျေးဇူးတော်အကြောင်းကို ခုလိုပြောကြားခဲ့ပါသည်။
မ ကက်သရင်း။
ကျွန်မက မိဘလည်းမရှိတော့ဘူး တစ်ယောက်တည်းအလုပ်အကိုင်အဆင်မပြေတော့ နေစရာအိမ် တောင်မရှိတော့ မယ်တော်ဆီအမြဲဆုတောင်းတယ် နေစရာတစ်ခုခုရဖို့ ခုတော့ကျွန်မနေစရာရှိသွားပြီ အိမ်ပိုင်မဟုတ်ပေမဲ့ သူများကခေါပြီး နေဖို့နေရာတစ်ခုစီစဉ်ပေးတယ်။ ဒါကမယ်တော့ကျေးဇူးပါ မယ် တော်ကကျွန်မကို အမြဲကူညီတယ်။
Teresa Khin Zaw Thin
ကျေးဇူးတော်ခံစားရတာတော့အများကြီးပဲမြင်သာတာတစ်ခုပြောရမယ်ဆို သမီးက သွေးလေးဘက်နာ နှင့်ကျောက်ကပ်ဝေဒနာခံစားနေရတာ သူကျန်းမာရေးအတွက်မယ်တော်ဆီ အမြဲဆုတောင်းတယ် ခုဆို အစစအရာရာ အားလုံးအဆင်ပြေသွားပြီ မယ်တော်ကို အရမ်းကျေးဇူးတင်ပါသည်။
Louis သီတာထွန်း
ဒီနေ့လည်းဆရာဝန်နဲ့တွေ့ရမှာ ဆရာဝန်က ဒီနေ့မလာဘူးဆိုတော့ ကျွန်မဒီမယ်တော်ပွဲတရား သုံးတရား လုံးကိုနာရတယ် အရမ်းလည်းပျော်တယ်။ နောက်တစ်ခုက ကျွန်မဒီမယ်တော်ဆီဆုတောင်း ခြင်းအား ဖြင့် ကျွန်မဘဝမှာ တစ်ခါမှမကြုံဖူးတဲ့ အလုပ်နဲ့ပတ်သက်တဲ့ အခက်အခဲတွေကို ကျော်လွှားနိုင် ခဲ့တယ်။
Louisa လီလီ
ညီမမှာ အရေပြားနဲ့ဆိုင်တဲ့ဝေဒနာတစ်ခုခံစားရတယ် ဘာဆေးလိမ်းလိမ်းမပျောက်ဘူး ဒါနဲ့မယ်တော်ဆီ ၂၀၂၂ လောက်ကတည်းက မယ်တော်သမီးကို ဒီဝေဒနာပျောက်နိုင်မဲ့ နည်းလမ်းတွေပေးပါဆိုပြီး ဆု တောင်းခဲ့တာခုတော့ လုံးဝပျောက်သွားပြီ မယ်တော်ကိုလည်းကျေးဇူးတင်ပါတယ်။
Augustine စည်သူဝင်း။
ကျွန်တော်ပြင်ဦးလွင်မှာ လေဖြတ်ပြီးအရမ်းစိတ်ဓာတ်ကျနေချိန် ကျွန်တော်မယ်တော်ကိုဆုတောင်း တယ်၊ မယ်တော်လာမဲ့နှစ်ကျရင် ကျွန်တော်မယ်တော့ပွဲနေမှာ ကျွန်တော့လက်နဲ့ လုပ်အားပေးချင်တယ် ကျွန်ုပ်ကို ကူညီပါလို့တောင်းခဲ့တယ် တကယ်ဆုတောင်းပြည့်ခဲ့တယ်။ ဒါကြောင့်အခုဒီနေ့ မယ်တော်ကို ကတိပေး ထားတဲ့အတိုင်း ကျွန်တော်လာပြီးဒီပွဲမှာ လုပ်အားလာပေးနိုင်တယ်။ ဒါက ကျွန်ုပ်ရဲ့လက်တွေ့ ခံစားရတဲ့ ကျေးဇူးတော်ပါ။

