ဖာသာရ် Basil Zay Yar Win (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) သာမန်ကာလ(၁၀)ကြိမ်မြောက် သောကြာနေ့ဩဝါဒ ၁၃၊ ၆၊ ၂၀၂၅
ဘုရားသခင်၌ လေးစားချစ်ခင်ရသော ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ ယနေ့အသင်းတော်မှာ Padua မြို့မှ စိန်အန်ထော်နီ ပွဲနေ့ကို ကျင်းပကြပါတယ်။ St. Anthony ဟာ Portugal နိုင်ငံ Lisbon မြို့မှာ 1195 ခုနှစ် August လ 15 ရက်နေ့မှာ မွေးဖွားခဲ့ပြီး Italy နိုင်ငံ Padua မြို့မှာ 1231 ခုနှစ် June လ 13 ရက်နေ့မှာ ပျံလွန်တော်မူခဲ့ပါတယ်။ St. Anthony ဟာ ဖရန်စ္စကန်အသင်းဝင် ပေါ်တူဂီ နိုင်ငံသား ကက်သလစ် ဘုန်းတော်ကြီး တစ်ပါးဖြစ်ပါတယ်။ သူဟာ ဓမ္မသဂြိုလ်ပညာရှင် တစ်ပါးဖြစ်ပြီး မိစ္ဆာဒိဌိ အယူဝါဒတွေကို စိတ်အားတက်ကြွစွာ တိုက်ထုတ်ခဲ့တဲ့ ဂုဏ်သတင်းကျော်စောတဲ့ အဟောအပြောကောင်းတဲ့ ရဟန်းတစ်ပါးဖြစ်ပါတယ်။ သူ့ရဲ့ တရားဟောကြားချက်တွေက ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာနဲ့ ဝိညာဥ်တွေရဲ့ ကယ်တင်ခြင်းအတွက်နဲ့ပဲ ထုံးလွှမ်းနေတာကိုတွေ့ရပါတယ်။ St. Anthony ဟာ နှုတ်ကပါဌ်တော်ကို ထိုးထွင်းသိမြင်နိုင်တဲ့ ထူးခြားတဲ့ကျေးဇူးတော်ကို ရရှိထားပါတယ်။ St. Anthony ပြောခဲ့တာက “Preach the Gospel to everyone you see but Use words when needed.” မိမိနဲ့ တွေ့ကြုံရတဲ့ လူတိုင်းကို သမ္မာတရားအကြောင်း ဟောကြားပါ။ ဒါပေမဲ့ လိုအပ်မှ သာ စကားလုံးများကို အသုံးပြုပါဆိုပြီး မိန့်ကြားခဲ့ပါတယ်။ အလွန်ကို အဓိပ္ပါယ်ရှိတဲ့ အနှစ်သာရနဲ့ပြည့်ဝနေတဲ့ စကားပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့အမူအကျင့်အားဖြင့် နှုတ်ကပါဌ်တရားတော်ကို တပါးသူကို သိမြင်စေရမှာဖြစ်ပါတယ်။
St. Anthony ရဲ့ဘဝ မှာ ဒုက္ခရောက်တဲ့သူတွေအတွက် အမြဲတမ်းအဆင်သင့်ရှိတာကို တွေ့ရပါတယ်။ St. Anthony ရဲ့ တန်ခိုးအံ့ဖွယ် ၁၃ ခုကို ဂုဏ်ပြုသောအားဖြင့် St. Anthony ရဲ့ စိပ်ပုတီးမှာ ပုတီးလုံး (၁၃) လုံး (သို့) ပုတီးလုံး၃ လုံးနဲ့ (၁၃) စုပြုလုပ်ပြီး သဒ္ဓါကြည်ညိုတာကို တွေ့ရပါတယ်။St. Anthony ရဲ့ တန်ခိုးအံ့ဖွယ်ရာတွေထဲက တစ်ခုကတော့ အသက်၁နှစ်နဲ့၈လသားအရွယ်ရှိတဲ့ Tommy ဆိုတဲ့ကလေးလေးဟာ မီးဖိုချောင်မှာကစားရင်း ရေနွေးပွက်ပွက်ဆူတဲ့အိုးထဲကို မှောက်လျက်သားချော်ကျခဲ့ပါတယ်။ မိခင်က မြင်ပြီး ခြေ ထောက်နှစ်ချောင်းက နေ လာဆွဲတဲ့အခါမှာတော့ ကလေးက အသက်မပါတော့ပါဘူး။ မိခင်လည်း ဝမ်းနည်းပက်လက်အော်ဟစ်ငိုကြွေးတဲ့အခါ ပတ်ဝန်းကျင်မှ လူများနဲ့ ရသေ့တွေရောက်ရှိလာပါတယ်။ ရသေ့တွေကိုမြင်တဲ့အခါ စိန်အန်ထော်နီရဲ့ တန်ခိုးအံ့ဖွယ်များကို သတိရပြီး သူမရဲ့ကလေးပြန်အသက်ရှင်လာပါက ကလေးရဲ ခန္ဓာကိုယ်အလေးချိန်အတိုင်း ပေါင်မုန့်များပြုလုပ်ပြီး ဆင်းရဲသားများကို ဝေငှမည် အကြောင်း စိန်အန်ထော်နီကို တိုင်တည်ပြီးဆုတောင်းပါတယ်။ သူမဆုတောင်းနေစဥ်မှာပဲ ကလေးဟာ အိပ်ယာ က နိုးလာသည့်အလား အံ့သြစွာ အသက်ပြန်ရှင်လာတာကို တွေ့ရှိရပါတယ်။ အဲဒီ အချိန်ကစပြီး စိန်အန်ထော်နီ ပွဲနေ့မှာ မိမိတို့ရဲ့ အဓိဌာန် ဖြင့် ပါမုန့်များ ဝေငှ ၍ ကုသိုလ်ယူလာခဲ့ပါတယ်။ ဒါကြောင့် ယနေ့ စိန်အန်ထော်နီပွဲနေ့မှာ မိမိတို့ရင်ဆိုင်ကြုံတွေ့နေရသော ဒုက္ခအခက်ခဲများ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲခြင်းများကို စိန်အန်ထော်နီ၏ ကြားဝင်ဆုတောင်းပေးမှုဖြင့် အမြန်ဆုံး လွတ်မြောက်ပါစေကြောင်း ဘုန်းဘုန်းအနေနဲ့ ဆန္ဒပြု ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။