အခက်အခဲကို တောင့်ခံနိုင်သောစိတ်
အခက်အခဲကို တွေ့ကြုံရတဲ့အခါ ဘယ်လိုဖြတ်ကျော်ရမလဲဆိုတာထက် အရင်ဆုံး အခက်အခဲပေါ်မှာ ဘယ်လောက်ထိ တောင့်ခံနိုင်သလဲ၊
အခက်အခဲနဲ့ ရင်ဆိုင်ရတဲ့အခါ ကိုယ့်စိတ်က ဘယ်လောက်ထိ တည်ငြိမ်လဲဆိုတာတွေက ပိုအရေးကြီးပါတယ်။
အသက်ရှင်နေသရွေ့ အခက်အခဲကတော့ တွေ့နေအုံးမှာပါ။ ကိုယ်က ဘယ်နားကိုပဲ ရောက်နေနေ မတူညီတဲ့အခက်အခဲကတော့ ရှိနေမှာပါ။
ဘဝမှာ အခက်အခဲတွေ တစ်ချိန်မဟုတ် တစ်ချိန် တွေ့ကြုံရတတ်ပါတယ်။
အခက်အခဲကို ကျော်ဖြတ်နိုင်ဖို့ဆိုရင် အရင်ဆုံး ဒီအခက်အခဲကို ဘယ်လောက်ထိ တောင့်ခံနိုင်သလဲဆိုတာက ပိုအရေးကြီးပါတယ်။
အခက်အခဲအပေါ်မှာ ထားတဲ့စိတ်၊အမြင်က ဘယ်လောက်ထိ မှန်ကန်ပြီး အံဝင်ဂွင်ကျသလဲကို ဆိုလိုတာပါ။
ဘယ်လောက်ထိအောင် proper ဖြစ်တဲ့အတွေးစိတ် ရှိသလဲဆိုတာက အရေးကြီးပါတယ်။
ကျွန်တော်တို့ ဘဝမှာ အခက်အခဲပေါင်းများစွာကို တွေ့ကိုတွေ့ရမှာပါ။ ရှောင်လို့ကို မရဘူး။
မတွေ့ချင်လို့ကို မရတာ။ လူတိုင်းလည်းတွေ့ရမှာ။ အမြဲတမ်းအဆင်ပြေနေတဲ့သူဆိုတာ ရုပ်ရှင်ထဲတောင်မရှိပါဘူး။
အဲ့တော့ ကိုယ်တိုင် တွေ့ကြုံလာရပြီဆိုရင်လည်း ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို သဘောပေါက်ထားဖို့လိုပါတယ်။ ကိုယ့်ထက်ဆိုးတဲ့သူတွေတောင်ရှိပါတယ်။
ကိုယ့်ဘေးကလူတွေ သာမန်အခက်အခဲတွေရင်ဆိုင်ရတဲ့အခါ အားတင်းထား၊
စိတ်ဓာတ်မကျနဲ့လို့ အားပေးလို့ရပေမယ့် ဘဝနဲ့ရင်းပြီး ဆုံးရှုံရတဲ့အခက်အခဲတွေကို တွေ့ကြုံရတဲ့အခါ ဘယ်လောက်ပဲ အားတင်းထားပါစေ မှန်ကန်တဲ့အမြင် (wise attention) ၊
သင့်လျော်တဲ့ အတွေး (proper attention) မရှိရင် အဆင်မပြေပါဘူး။ ဒီလို အခက်အခဲမျိုးတွေက ကိုယ်တိုင်ခံစားဖူးမှ သိရလို့ပါ။
ကိုယ်အရမ်းချစ်ရတဲ့သူက ခွဲသွားတာမျိုး၊ ယုံကြည်မှု အလွဲသုံးစား အလုပ်ခံရတာမျိုး၊
အားလုံးအဆင်ပြေနေမှ ကိုယ်တိုင် ဒါမှမဟုတ် မိသားစုထဲက တစ်ယောက်ယောက်က ကျန်းမာရေးပြဿနာကို ရင်ဆိုင်ရတာမျိုး၊
အရမ်းအတ္တဆန်ပြီး အနိုင်ယူတတ်တဲ့ လက်တွဲဖော်ကို သည်းခံပြီး ပေါင်းသင်းနေရတာမျိုး၊ ဘဝကို ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေတာမျိုး၊
ကိုယ့်ဘဝကိုယ် ကျေနပ်မှုမရှိ အားငယ်ပြီး ကိုယ့်ကိုယ်ကို အသုံးမကျဘူးလို့မြင်တာမျိုး၊ မလုပ်ချင်တာတွေကို လုပ်နေရတာမျိုး၊
ဖြေမဆယ်နိုင်လောက်တဲ့ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရတာမျိုး စတဲ့ ပြဿနာတွေကို ရင်ဆိုင်နေရတာဟာ ဘဝမှာ ကြီးမားတဲ့ ဝန်ထုပ်ကြီးတစ်ခုပါပဲ။
ကြီးတဲ့အခက်အခဲပဲဖြစ်ဖြစ်၊ ငယ်တဲ့အခက်အခဲပဲဖြစ်ဖြစ် အခက်အခဲပြဿနာတွေနဲ့ ရင်ဆိုင်လာရပြီဆိုရင် အရင်ဆုံး ကိုယ့်ရဲ့စိတ်က စပြီးပြိုလဲပါတယ်။
အရင်ဆုံး ကိုယ့်ကျမှ ဒီလိုဖြစ်နေပါ့လားဆိုတဲ့ ကိုယ့်ကိုယ်ကို victim တစ်ယောက်လို ခံစားမိတတ်ပါတယ်။
ပြီးရင် ကိုယ့်ကိုယ်ကိုနဲ့ ကိုယ့်ပတ်ဝန်းကျင်အပေါ် သံသယဝင်ပြီး overthinking တွေ စပြီးဖြစ်တတ်ပါတယ်။
တစ်ချို့တွေ မဟုတ်တာတွေလုပ်နေပြီး အဆင်ပြေနေပေမယ့် ကိုယ့်မှာတော့ ကောင်းတာတွေလုပ်နေပြီး ဆိုးရွားမှုတွေနဲ့ ကြုံနေရတဲ့အခါ ဒီလိုမျိုးတွေ တွေးမိတတ်တာ သဘာဝပါ။
အဲ့ဒီလို အတွေးလွန်းခြင်းကနေပဲ တွေ့ကြုံနေရတဲ့ အခြေအနေတွေကို လုံးဝလက်မခံနိုင်ပဲ ကိုယ့်ကိုယ်ကို su!c!de လုပ်တာမျိုးတွေအထိပါ ရှိပါတယ်။
အခက်အခဲကို ဖြတ်ကျော်ဖို့ဆိုတာမပြောနဲ့ တောင့်ခံနိုင်ခြင်းတောင်မရှိပဲ ဘဝကိုအရှုံးပေးသွားတဲ့သူတွေ အများကြီးပါ။
တစ်ချို့တွေလည်း ရောဂါတစ်ခုခုရှိတယ်လို့ သိလိုက်ရတဲ့အခါ သေချင်စိတ်ပေါက်ပြီး ကိုယ့်ကိုယ်ကို သေလူလို့ သတ်မှတ်တာတွေတောင်ရှိပါတယ်။
တစ်ချို့တွေလည်း အရှုံးတွေရင်ဆိုင်ရတဲ့အခါ အရက်တွေဖိသောက်ပြီး ဘဝကိုရေစုန်မြောပစ်ကြပါတယ်။
ဒီလိုမျိုးဆိုးရွားပါတယ်ဆိုတဲ့ အခြေအနေတွေကနေ ရုန်းထွက်နိုင်သူတွေ အများကြီးရှိပါတယ်။ မှန်ကန်တဲ့ အကြံပေးမှု၊ အားပေးမှုတွေရခဲ့ကြတာလည်းပါ ပါတယ်။
ပြီးတော့ သူတို့ရဲ့ proper attention ကြောင့်ပါပဲ။
ဗုဒ္ဓဘာသာမှာ “ယောနိသောမနသီကာရ” ဆိုတဲ့ စကားလုံးရှိပါတယ်။ နှလုံးသွင်းမှန်ကန်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ Wise attention သို့မဟုတ် proper attention ပါ။
ဘဝမှာ desirable object နှစ်သက်စရာကောင်းတဲ့အရာတွေ၊ undesirable object ဆိုတဲ့ မနှစ်သက်စရာကောင်းတဲ့ အရာတွေကို တွေ့ရမှာပါ။
အဆင်ပြေနေတာပဲဖြစ်ဖြစ် အခက်အခဲတွေနဲ့ တွေ့နေရတာပဲဖြစ်ဖြစ် နှလုံးသွင်းမှန်ကန်နေဖို့လိုပါတယ်။
၁ – အခက်အခဲတွေ၊ ဆုံးရှုံးမှုတွေကို လူတိုင်းကြုံတွေ့ရတတ်ပါတယ်။
ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး။ ကိုယ့်ထက်ဆိုးတဲ့ သူတွေတောင်ရှိတယ်။ ငါ့မှဒီလိုဖြစ်ရတယ်ဆိုတဲ့ အားငယ်တာမျိုးတွေ မရှိသင့်ပါဘူး။
၂ မမြဲဘူး ။
တစ်ချို့ အသက် ၄၀ လောက်ထိ ဆင်းရဲမှုမျိုးစုံကို ခံစားခဲ့ရပေမယ့် ၄၀ နောက်ပိုင်း အိုကံကောင်းသူတွေလည်းရှိတယ်။
တစ်ချို့တွေ ငယ်ဘဝ ချမ်းချမ်းသာသာနေရပေမယ့် အရွယ်ရောက်တဲ့အခါ မိဘက စီးပွားပြိုလဲပြီး တစ်ဘဝလုံး ပင်ပင်ပန်းပန်းလုပ်စားရသူတွေရှိတယ်။
ဆင်းရဲပေမယ့် မိသားစုသိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ပျော်ရွှင်ရွှင်နေရသူတွေလည်းရှိသလို ချမ်းသာပေမယ့် ပူလောင်နေရတဲ့ ဘဝမျိုးကို ရနေသူတွေလည်းရှိပါတယ်။
တစ်ချို့လည်း ရောဂါဆိုးကြီးတစ်ခုကနေ သက်သာပျောက်ကင်းလာတာမျိုးလည်း ရှိတယ်။
ပျော်ရွှင်မှုတွေက မမြဲသလို စိတ်ဆင်းရဲမှုတွေလည်း မမြဲပြန်ဘူး။
2015 ကနေ 2020 ထိ ပျော်စရာကောင်းခဲ့သလောက် 2021 နောက်ပိုင်းက စိတ်မချမ်းမြေ့စရာတွေပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေလည်းမမြဲဘူးဆိုတာကို သိထားဖို့လိုပါတယ်။
ဒါ့ကြောင့်အခက်အခဲတွေနဲ့ တွေ့တဲ့အခါ ဒီအရာတွေက မမြဲဘူးဆိုတာကို နှလုံးသွင်းပြီး ခံနိုင်ရည်ရှိဖို့လိုပါတယ်။
၃ – ဘယ်အရာကိုမှ အစိုးမရဘူး။
ဘဝမှာ ကိုယ်လုံးဝ မတတ်နိုင်တဲ့ အခြေအနေတွေရှိတယ်။
ရာသီဥတုပူတာတို့၊ ထီးမပါမှ မိုးသည်းနေတာတို့ကနေစပြီး မြန်မာပြည်မှာ မွေးဖွားရတာတို့၊ မွေးရာပါ ရောဂါတစ်ခုရှိတာတို့၊
ကျန်းမာရေးချို့တဲ့လာတာတို့၊ဆင်းရဲတဲ့မိသားစုမှာ မွေးတာတို့ စတဲ့ ကိုယ်တိုင်အစိုးမရတဲ့ သသာဝတရားတွေအများကြီးပါပဲ။
ပြီးတော့ မြန်မာနိုင်ငံမှာဆိုရင် မီးပျက်တာမျိုးပေါ့။ မီးပျက်လို့ ထိုင်ဆဲနေလည်း အလကားပဲ။ ဖြတ်ချင်တိုင်းဖြတ်နေတာကို။
ဘယ်သူ့မှသွားတိုင်လို့လည်းမရဘူး။ ဒါကိုသွားပြီး ဆဲနေလည်း ကိုယ့်စိတ်ညစ်ရတာပဲရှိတယ်။ ကားပိတ်တာတို့၊ အင်တာနက်လိုင်းမကောင်းတာတို့ တွေလည်းအတူတူပါပဲ။
အခြေအနေတွေကို ပြောင်းလဲလို့မရတဲ့အခါ ကိုယ့်ရဲ့စိတ်ကိုပဲ ပြောင်းလဲရမှာ။ ဘာတွေဖြစ်လာတာလဲဆိုတာထက် ဘယ်လိုသဘောထားရမလဲဆိုတာက အရေးကြီးပါတယ်။
ပြဿနာတွေကို ဖြေရှင်းဖို့ထက် သင့်ရဲ့အတွေးတွေကို ပြေလည်အောင် ကြိုးစားတဲ့အခါ ပြဿနာတွေက တစ်ဝက်လောက် ပြေလည်သွားတတ်ပါတယ်။
80/20 rule ဆိုတာ ကြားဖူးကြမှာ။
ဘဝမှာ ဖြစ်လာတဲ့ပြဿနာက 20% လောက်ပဲရှိတယ်ဆိုရင် ကိုယ့်ရဲ့စိတ်ကြောင့် 80% အထိကြီးထွားတတ်ပါတယ်။
အလုပ်မှာ အဆင်မပြေဖြစ်လာလို့ အရက်တွေမူးအောင်သောက် အိမ်ရောက်တော့ မိန်းမနဲ့ သားသမီးကို ရိုက်နှက်ရင်း မိသားစုပြဿနာအထိ ဖြစ်သွားတတ်တာတွေလည်း ရှိပါတယ်။
အိမ်မှာအဆင်မပြေဖြစ်လာတဲ့ ဆရာမတစ်ယောက်က သူ့ဒေါသတွေကို ကျောင်းသားတွေအပေါ် ရိုက်ရင်း ပုံချဖို့လုပ်ရင် တပည့်မုန်းတဲ့ ဆရာမတစ်ယောက် ဖြစ်လာနိုင်ပါတယ်။
ရောဂါတစ်ခုရှိတာသိလိုက်လို့ စိတ်ဆင်းရဲတာကနေ ရောဂါအခြေအနေ ပိုးဆိုးကုန်တာလဲ မနည်းပါဘူး။
တစ်ချို့အရာတွေက ကိုယ်မှမတတ်နိုင်ပါဘူးဆိုနေ အတွေးလွန်ပြီး စိတ်ဆင်းရဲနေမယ်ဆိုရင် ပြဿနာက ပိုတောင်ကြီးလာတတ်ပါတယ်။
ဒါ့ကြောင့် ဘဝမှာ ကိုယ်လုံးဝမတတ်နိုင်တဲ့ အခြေအနေတွေအများကြီး ရှိတယ်ဆိုတာကို လက်ခံထားဖို့လိုပါတယ်။
ကြုံလာပြီဆိုရင်လည်း (၁) လူတိုင်းအခက်အခဲဆိုတာရှိတယ်။ (၂) ဘယ်လိုအရာမှမမြဲဘူး။
(၃) ဘယ်အရာကိုမှ အစိုးမရဘူး ဆိုတဲ့ အချက်သုံးချက်ကို မှန်မှန်ကန်ကန် နှလုံးသွင်းနိုင်ဖို့လိုပါတယ်။