
ခရစ်တော်၌ ဘဝသည် ရွေးနှုတ်ကယ်တင်ခြင်း ခံရပြီးဖြစ်သည်။

နိုဝင်ဘာလ ၅ ရက် ကြာသပတေးနေ့က စိန့်ပီတာ ဘာစိလီကာ ကျောင်းတော်၌ ကျင်းပပြုလုပ်သော မစ္ဆားမင်္ဂလာတွင် ပုပ်ရဟန်းမင်းကြီး လီယို ၁၄- သည် ပြီးခဲ့သည့် တစ်နှစ်တာအတွင်း ကွယ်လွန် သွားခဲ့ ကြသည့် ကာဒီနယ် ဆရာတော် ၇ ပါးနှင့် ဆရာတော် ၁၃၆ ပါးတို့ကို အမှတ်ရကျေးဇူးတင်ခဲ့ပြီး၊ သေခြင်း တရား၏ ဆန်းကြယ်သော သဘာဝကို “ကြောက်ရွံ့ထိတ်လန့်ခြင်းမရှိဘဲ” ထောက်ရှုဆင်ခြင်ကြရန် ဘာသာဝင်များအား တိုက်တွန်းခဲ့သည်။
စိန့်မောနီကာ က သူမ၏ သားများအား ပြောကြားခဲ့သည့် “သင်တို့ မည်သည့်နေရာသို့ပင် ရောက်ရှိပါစေ၊ ထာဝရဘုရား၏ ပလ္လင်တော်၌ ငါ့ကို အမှတ်ရကြပါ” ဆိုသည့် ဩဝါဒစကားဖြင့် ဒေသနာတော်ကို စတင်ရင်း၊ ကွယ်လွန်သူများအတွက် ဆုတောင်းပေးခြင်းသည် ကက်သလစ် ခရစ်ယာန်တို့၏ အခြေခံ ကျသော တာဝန်တစ်ရပ်ဖြစ်သကဲ့သို့ ဘဝကို ပျော်ရွှင်စွာ အောင်ပွဲခံခြင်းလည်း ဖြစ်ကြောင်း ရဟန်း မင်းကြီးက အလေးပေးပြောကြားခဲ့သည်။
သန့်ရှင်းသော ခမည်းတော်၏ ဒေသနာတော်မှ အဓိက အချက်များ-
ရှင်ပြန်ထမြောက်ခြင်း၌ မျှော်လင့်ခြင်း- ခရစ်တော်၏ သေခြင်းကို အောင်နိုင်မှုပေါ်တွင် အခြေခံ၍ ငါးတို့ ၏ ဆုတောင်းချက်များသည် ခရစ်တော်၌ ငါးတို့၏ ဘဝသည် ပျက်စီးပျောက်ကွယ်မသွားဘဲ ရွေးနှုတ် ကယ်တင်ခြင်း ခံရပြီးဖြစ်သည်ဆိုသည့် ကတိတော်ကို ထိန်းသိမ်းရာရောက်သည်။ ကွယ်လွန်သူများကို သတိရခြင်းသည် သာမန် လွမ်းဆွတ်မှုမျှသာ မဖြစ်စေရန်နှင့် ထာဝရဘုရားသည် သူ၏ ခမည်းတော်၏ အိမ်တော်၌ ငါတို့အတွက် နေရာပြင်ဆင်ပေးထားပြီးဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့ သည်။
သန့်ရှင်းသူတို့၏ မိတ်သဟာယဖွဲ့ခြင်း- ခရစ်တော်၌ သေခြင်းတရားသည် ငါတို့၏ သံယောဇဉ်ကြိုး များကို ဖြတ်တောက်မပစ်နိုင်ဘဲ၊ ယင်းတို့ကို သဘာဝသစ်တစ်ခုသို့ ပြောင်းလဲပေးလိုက်ခြင်းဖြစ်သည်။ ကွယ်လွန်သွားသော ညီအစ်ကို မောင်နှမများအတွက် ဆုတောင်းပေးသောအခါ ငါတို့သည် သူတို့အတွက် သာမက သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် သူတို့နှင့်အတူတကွ ပူးပေါင်းဆုတောင်းခြင်းလည်း ဖြစ် သည်။
ငြိမ်းချမ်းရေးအတွက် တိုက်တွန်းချက်- ကာဒီနယ် လူးဝစ် အန်တိုနီယို တာဂလေ (Luis Antonio Tagle) နှင့် ကာဒီနယ် လီယိုနာဒို ဆန်းဒရီ (Leonardo Sandri) တို့နှင့်အတူ ပူးပေါင်းပူဇော်သော ထိုမစ္ဆားမင်္ဂလာတွင် နိုင်ငံ့ခေါင်းဆောင်များနှင့် လူမှုအဖွဲ့အစည်း တာဝန်ရှိသူများအနေဖြင့် ကမ္ဘာ့လူသားထု တစ်ရပ်လုံး၏ ကောင်းကျိုးအတွက် တရားမျှတမှုနှင့် ငြိမ်းချမ်းရေး စီမံကိန်းများကို ဖော်ဆောင်နိုင်ကြပါစေကြောင်း အထူးဆုတောင်းပေးခဲ့ကြသည်။
“ခရစ်တော်၌ သေခြင်းတရားသည် ငါတို့၏ ချည်နှောင်မှုများကို ပြိုကွဲမသွားစေပါ၊ ယင်းအစား ၎င်းတို့ကို အတိုင်းအတာသစ်တစ်ခုသို့ ကူးပြောင်းပေးလိုက်ခြင်း ဖြစ်ပါသည်။” — ပုပ် ရဟန်းမင်းကြီး လီယို ၁၄-
Fr. Peter Kyi Maung
Credit:: Vatican News



