
ဖာရ်သာ Basil Zay Yar Win (မန္တလေးကက်သလစ်ဂိုဏ်းအုပ်သာသနာ)(၂၈)ကြိမ်မြောက်သာမန်ကာလ အင်္ဂါနေ့ ၁၃၊ ၁၀၊ ၂၀၂၆
ဘုရားသခင်၌ လေးစားချစ်ခင်ရပါသော သောတရှင်ဓမ္မမိတ်တွေသူတော်စင်အပေါင်းတို့
ယနေ့ဖတ်ရှုကြားနာရတဲ့ ရှင်လုကာခရစ်ဝင် ၁၁:၃၇-၄၁ မှာ သခင်ခရစ်တော်က ဖာရီဇေဦး တစ်ဦးရဲ့ အိမ်မှာ ညစာ သုံးဆောင်ဖို့ ပင့်ဖိတ်ခြင်းခံရတာကို တွေ့ရှိရပါတယ်။ သခင်ခရစ်တော်က အစာမစားမီ ဆေးကြောသန့်စင်ခြင်းမပြုတာကို ဖာရီဇေဦးကအံ့သြသွားပါတယ်။ ဒီအခါမှာ သခင်ခရစ်တော်က ဒီအခိုက်အတန့်ကို အသုံးပြုပြီး အရေးကြီးတဲ့ သင်ခန်းစာ တစ်ခုကို သင်ကြားပေးပါတယ်။ ဘုရားသခင်က ကျွန်ုပ်တို့ရဲ့ အပြင်ပန်းအသွင်အပြင်ထက် နှလုံးသား စင်ကြယ်ခြင်းကို ပိုမိုဂရု စိုက်တယ်ဆိုတာပဲဖြစ်ပါတယ်။
ဖာရီဇေဦးတွေက အပြင်ပန်းသန့်ရှင်းရေးကို အထူးဂရုစိုက်ကြပေမယ့် သခင်ခရစ်တော်က ၎င်းတို့ရဲ့အတွင်းစိတ်၌ ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို ဆန်းစစ်စေလိုတော်မူခဲ့ပါတယ်။ လူတစ်ဦးဟာ အပြင်ပန်းအားဖြင့် သန့်ရှင်းသူကဲ့သို့ ပုံဖော်နိုင်ပါတယ်။ စကားကောင်းများကို ပြောဆိုနိုင်ပါတယ်။ ဘာသာရေးတာဝန်များကို သစ္စာရှိစွာ ထမ်းဆောင်နိုင်ပေမဲ့ ၎င်းတို့ရဲ့နှလုံးသားမှာ မာန၊ မနာလိုဝန်တိုမှု ၊ အမျက်ဒေါသ မီးနှင့် အတ္တစိတ်တို့ကို သယ်ဆောင်ထားဆဲဖြစ်နိုင်ပါတယ်။
ချစ်လှစွာသော သောတရှင် ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ ကျွန်ုပ်တို့ အနေနဲ့ မိမိတို့ရဲ့ အသွင်အပြင်ကို ပုံဖော်ပြင်ဆင်နိုင်ပေမဲ့ ဘုရားသခင်ရဲ့ကျေးဇူးတော် တစ်ခုတည်းသာလျှင် ကျွန်ုပ်တိုရဲ့ နှလုံးသားများကို အမှန်တကယ်ပြောင်းလဲပေးနိုင်ပါတယ်။ ကျွန်ုပ်တို့အနေနဲ့ မိမိတို့ရဲ့ စကားလုံးများနဲ့ လူအများကို အထင်ကြီးစေနိုင်ပေမဲ့ကျွန်ုပ်တို့ရဲ့နှလုံးသားကို ဘုရားသခင်ထံကနေ ဖုံးကွယ်ထားလို့ မရနိုင်ပါဘူး။
သခင်ခရစ်တော်က ပေးကမ်းစွန့်ကြဲကြရန်နှင့် ဒီကဲ့သို့ပြုခြင်းအားဖြင့် ရက်ရောခြင်းနှင့် မေတ္တာတရားကို သင်ယူကြဖို့ မိန့်ကြားထားပါတယ်။ စင်ကြယ်သောနှလုံးသားဆိုတာ အပြစ်ကင်းစင်ရုံမျှသာ မဟုတ်ပဲ ဂရုဏာတရား ၊ ခွင့်လွှတ်ခြင်း နှင့် အခြားသူများ အပေါ် အထူးသဖြင့် ဆင်းရဲနွမ်းပါးသူများနှင့် ဒုက္ခရောက်နေသူများအပေါ် စာနာထောက်ထားမှု တို့ဖြင့် ပြည့်နှက်နေတဲ့ နှလုံးသားပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဒီနေ့မှာ ကျွန်ုပ်တို့မိမိ ကိုယ်ကို ပြန်လည် ဆန်းစစ်ကြပါစို့။ ငါ့ရဲ့ နှလုံးသားဟာ အပြင်ပန်းအသွင်အပြင်လိုပဲ စင်ကြယ်ပါသလား။ ငါ့ရဲ့စကားတွေဟာ ငြိမ်းချမ်းရေးကို ဆောင်ကြဥ်းပေးပါသလား။ ငါ့ရဲ့အပြုအမူတွေဟာ မေတ္တာတရားတွေကို ဖော်ပြနေပါသလား။ ငါ့ပတ်ဝန်းကျင်ရှိ လူများထဲ တွင် ခရစ်တော်ကို မြင်တွေ့နေပါသလား။
မိမိကိုယ်ကို ပြန်လည် ဆန်းစစ်ရင်း အပြင်ပန်းသန့်ရှင်းရုံသာမက အတွင်းစိတ်လည်း သန့်ရှင်းစင်ကြယ်ပြီး မေတ္တာတရားနှင်ရက်ရောသော ပုဂ္ဂိုလ်များဖြစ်လာပါစေကြောင်း ဆန္ဒပြုဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ကောင်းမြတ်သော ဘုရားသခင်သည်သင်တို့ကို အစဥ်ကောင်းကြီးပေးပြီး မြင်ရသော အန္တရယ် မမြင်ရသော ဘေးအန္တရယ် အပေါင်းမှ သင်တို့ကို ကာကွယ်စောင့်ရှောက်တော်မူပါစေ။



