ပုပ်ရဟန်းမင်းကြီး၏ ဥယျာဉ်တော် ကက်စတယ် ဂန်ဒေါလ်ဖို (Castel Gandolfo) တွင် ဖန်ဆင်းခြင်းကို စောင့်ရှောက်ခြင်းအတွက် သန့်ရှင်းသော မစ္ဆာတရားပူဇော်ခြင်းကျင်းပမည်

စက်တင်ဘာလ (၁) ရက်နေ့တွင် ကျရောက်မည့် “ဖန်ဆင်းခြင်းကို စောင့်ရှောက်ရန် ကမ္ဘာ့ဆုတောင်းခြင်းနေ့” တွင် ပုပ်ရဟန်းမင်းကြီး လီယိုသည် ကက်စတယ် ဂန်ဒေါလ်ဖို (Castel Gandolfo) ပုပ်ရဟန်းမင်းကြီး၏ ဥယျာဉ်တော်အတွင်းရှိ “လောက်ဒါတို စီ” (Laudato Si’ Village) တွင် ဖန်ဆင်းခြင်းကို စောင့်ရှောက်ခြင်းအတွက် သန့်ရှင်းသော တရားပွဲကို ဦးဆောင်ကျင်းပမည်ဖြစ်ကြောင်း ကို လူသားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မြှင့်တင်ရေး နှင့် လောက်ဒါတို စီ အဆင့်မြင့်ပညာရေးစင်တာတို့က ယနေ့ ပူးတွဲထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

ဖန်ဆင်းခြင်း ရာသီတော် (Season of Creation) ဖွင့်ပွဲ

ယခုကျင်းပမည့် တရားပွဲသည် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဖန်ဆင်းခြင်းကို စောင့်ရှောက်ရန် ကမ္ဘာ့ဆုတောင်းခြင်းနေ့နှင့် ကျွန်ုပ်တို့၏ ဘုံအိမ်တော်ကို ကာကွယ်စောင့်ရှောက်ရေးအတွက် ဂိုဏ်းဂဏပေါင်းစုံပါဝင်သည့် “ဖန်ဆင်းခြင်း ရာသီတော်” ၏ ဖွင့်ပွဲလည်း ဖြစ်သည်။ ဤကာလသည် အာစီစီမြို့တော် စိန်ဖရန်စစ်၏ ပွဲနေ့နှင့် သူ၏ကွယ်လွန်ခြင်း (၈၀၀) နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သော အောက်တိုဘာလ (၄) ရက်နေ့အထိ ကြာမြင့်မည်ဖြစ်သည်။

ဤကာလအတွင်း သာသနာတော်နှင့် ခရစ်ယာန်အသိုက်အဝန်းများသည် ဆုတောင်းခြင်း၊ စိတ်နှလုံးပြောင်းလဲခြင်းနှင့် လက်တွေ့ကျသော စောင့်ရှောက်မှုများဖြင့် ဖန်ဆင်းခြင်းအပေါ် တာဝန်ဝတ္တရားများကို အသစ်တဖန် ခွန်အားဖြည့်တင်းကြရန် ဖိတ်ခေါ်ခံထားရသည်။

ကာဒီနယ် မိုက်ကယ် ချာနီ (Cardinal Michael Czerny) ၏ မိန့်ခွန်း

“ဥယျာဉ်တစ်ခုအတွင်းမှာ ဝိုင်းရံထားတဲ့ယဇ်ပုလ္လင်တော်နားမှာ ကိုယ်တောမြတ်မဂ်လာပူဇော်ပွဲ (Eucharist) ကို ကျင်းပခြင်းအားဖြင့် ဖန်ဆင်းခြင်းအရာအားလုံးဟာ ဆုကျေးဇူးတစ်ခုဖြစ်ပြီး ဆုကျေးဇူးတိုင်းက တာဝန်ဝတ္တရားတစ်ခုကို ဖန်တီးပေးတယ်ဆိုတာကို ကျွန်ုပ်တို့ကို သတိရစေပါတယ်” ဟု လူသားဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ရေးဌာန၏ ဥက္ကဋ္ဌ ကာဒီနယ် မိုက်ကယ် ချာနီက မိန့်ကြားခဲ့သည်။

ကာဒီနယ် ဖာဘီယို ဘာဂျီယို (Cardinal Fabio Baggio) ၏ မိန့်ခွန်း

“သာသနာတော်အတွက် ဖန်ဆင်းခြင်းကို စောင့်ရှောက်ခြင်းနဲ့ လူသားတို့ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ခြင်းဆိုတာ ခရစ်ယာန်ယုံကြည်ခြင်းအပေါ်မှာ အခိုင်အမာအခြေခံနေတဲ့ မစ်ရှင်တစ်ခုရဲ့ မျက်နှာစာနှစ်ခုပါပဲ” ဟု လောက်ဒါတို စီ အဆင့်မြင့်ပညာရေးစင်တာ၏ ညွှန်ကြားရေးမှူးချုပ် ကာဒီနယ် ဖာဘီယို ဘာဂျီယိုက အလေးပေးပြောကြားခဲ့သည်။

#PopeLeo #SeasonOfCreation #LaudatoSi #VaticanNews #CatholicChurch #BurmeseNews

Fr. Peter Kyi Maung

Credit to Vatican News

https://www.vaticannews.va/en/pope/news/2026-08/pope-mass-for-care-of-creation-castel-gandolfo-laudato-si.html

rvamyanmar
rvamyanmar
Articles: 4183

Leave a Reply

Your email address will not be published. Required fields are marked *