ရဟန္တာ ဂျွန်မာရီ ဗီယားနေ

St. John Mary Vianney ကို ၁၇၈၆ ခုနှစ်၊ မေလ ၈ ရက်နေ့မှာ ပြင်သစ်နိုင်ငံ Dardilly ရွာလေးမှာ မွေးဖွားခဲ့ပါတယ်။ သူဟာ လယ်သမားမိသားစုက မွေးဖွားလာသူဖြစ်ပြီး ငယ်စဉ်ကတည်းက ဘုရားသခင်ကို ချစ်မြတ်နိုးတဲ့ စိတ်ရှိခဲ့ပါတယ်။ ဒါပေမယ့် သူကြီးပြင်းလာချိန်ဟာ ပြင်သစ်တော်လှန်ရေးကာလဖြစ်လို ဘာသာရေးလွတ်လပ်ခွင့် မရှိသလောက် ဖြစ်ခဲ့ပါတယ်။ မစ္ဆာတရားကိုတောင် လျှိဝှက်စွာ တက်ရောက်ရတဲ့ အခြေအနေမျိုးကို ကြုံတွေ့ခဲ့ရပါတယ်။ ဒီအတွေ့အကြုံတွေက သူ့ရဲ့ ယုံကြည်ခြင်းကို ပိုမိုခိုင်မာစေခဲ့ပါတယ်။
John Vianney ဟာ စာပေပညာမှာ ထူးချွန်သူမဟုတ်ပါဘူး။ အထူးသဖြင့် လက်တင်ဘာသာကို သင်ယူရာမှာ အလွန်ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် “ဘုရားသခင်က အရည်အချင်းထက် သစ္စာရှိတဲ့နှလုံးသားကို အလိုရှိတယ်” ဆိုတဲ့အတိုင်း သူဟာ လက်မလျှော့ဘဲ ဆက်လက်ကြိုးစားခဲ့ပြီး နောက်ဆုံးမှာ ဘုန်းတော်ကြီးအဖြစ် သိက္ခာတော်ကို ခံယူနိုင်ခဲ့ပါတယ်။
သူ့ကို Ars ဆိုတဲ့ ရွာငယ်လေးမှာ သာသနာပြုဖို စေလွှတ်ခဲ့ပါတယ်။ အဲဒီရွာဟာ ဘာသာရေးဘက်မှာ အေးစက်နေပြီး ဘုရားကျောင်းလာသူလည်း နည်းပါးခဲ့ပါတယ်။ ဒါပေမယ့် Fr. Vianney က ဆုတောင်းခြင်း၊ ဥပုသ်ကျင့်ခြင်း၊ မေတ္တာနဲ့ အမှုတော်ထမ်းဆောင်ခြင်းတိုကို မပျက်မကွက် လုပ်ဆောင်ခဲ့ပါတယ်။ အထူးသဖြင့် ဝန်ခံခြင်းမင်္ဂလာကို နာရီပေါင်းများစွာ ပေးခဲ့တာကြောင့် လူတွေဟာ နောင်တရပြီး ဘုရားသခင်ဆီ ပြန်လည်လှည့်လာကြပါတယ်။ ပြင်သစ်တစ်နိုင်ငံလုံးကသာမက အခြားဒေသများကပါ သူ့ဆီ ဝန်ခံဖို လာရောက်ကြတဲ့အထိ ကျော်ကြားခဲ့ပါတယ်။
သူ့ရဲ့ ဘဝက ကျွန်ုပ်တိုကို အရေးကြီးတဲ့ သင်ခန်းစာတစ်ခု ပေးပါတယ်။ အဲဒါကတော့ သန့်ရှင်းခြင်းဆိုတာ ထူးချွန်သူတွေအတွက် မဟုတ်ဘဲ၊ ဘုရားသခင်ကို နေ့စဉ်သစ္စာရှိသူတိုင်းအတွက် ဖြစ်တယ် ဆိုတာပါပဲ။ မိမိမှာ အားနည်းချက်တွေ ရှိနေနိုင်ပါတယ်။ ပညာမတော်တာ၊ အရည်အချင်း မပြည့်စုံတာတွေ ရှိနေနိုင်ပါတယ်။ ဒါပေမယ့် ဘုရားသခင်ကို ယုံကြည်ပြီး သစ္စာရှိရှိ ဆက်လျှောက်မယ်ဆိုရင် ဘုရားရှင်က ကျွန်ုပ်တိုကို အသုံးပြုတော်မူမှာ ဖြစ်ပါတယ်။
ယနေ့ခေတ်မှာလည်း မိသားစု၊ လုပ်ငန်းခွင်၊ ကျောင်း၊ လူမှုအသိုင်းအဝိုင်း စတဲ့ နေရာတိုင်းမှာ သစ္စာရှိခြင်း၊ ဆုတောင်းခြင်းနဲ့ မေတ္တာထားခြင်းဟာ ကျွန်ုပ်တိုရဲ့ သန့်ရှင်းခြင်းလမ်းကြောင်း ဖြစ်ပါတယ်။ St. John Mary Vianney လိုပဲ ကိုယ့်တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်မယ်၊ ဘုရားသခင်ကို အမြဲအားကိုးမယ်ဆိုရင် ကျွန်ုပ်တိုလည်း အခြားသူများအတွက် ယုံကြည်ခြင်းရဲ့ သက်သေခံများ ဖြစ်လာနိုင်ပါတယ်။

rvamyanmar
rvamyanmar
Articles: 4139

Leave a Reply

Your email address will not be published. Required fields are marked *