
ပုပ်ရဟန်းမင်းကြီး လီယို XIV က ဥရောပတွင် တောမီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ခံစားရသူများ အတွက် ဆုတောင်းမေတ္တာ ပို့သပေး။

ပုပ်ရဟန်းမင်းကြီး ပုပ်လုအို XIV က ပြင်သစ်နှင့် စပိန်နိုင်ငံတို့တွင် တောမီးလောင်ကျွမ်းမှုကြောင့် ထိခိုက် ခံစားရသူများအတွက် စာနာထပ်တူရှိကြောင်း ဖော်ပြခဲ့ပြီး ဘေးသင့်သူများနှင့် အရေးပေါ် ကယ်ဆယ် ရေးဝန်ထမ်းများအတွက် ဆုတောင်းပေးကြရန် တိုက်တွန်းနှိုးဆော်လိုက်သည်။ ထို့ပြင် ဇူလိုင် ၂၆ ရက်တွင် ကျရောက်သည့် (၆) ကြိမ်မြောက် ကမ္ဘာ့အဘိုးအဘွားများနှင့် သက်ကြီးရွယ်အိုများ နေ့ကို လည်း သတိရအောက်မေ့စကား မိန့်ကြားခဲ့သည်။
ပုပ်ရဟန်းမင်းကြီး ပုပ်လုအို XIV က ပြင်သစ်နှင့် စပိန်နိုင်ငံတို့၏ အချို့ဒေသများတွင် ပျက်စီးဆုံး ရှုံးမှု များစွာ ဖြစ်ပေါ်စေခဲ့သည့် တောမီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ခံစားရသူများနှင့်အတူ စာနာထပ်တူ ရှိကြောင်း ဖော်ပြခဲ့ပြီး ဘေးသင့်သူများနှင့် ကယ်ဆယ်ရေး ဝန်ထမ်းများအတွက် ဆုတောင်းပေးကြရန် ဘာသာဝင်များအား ဖိတ်ခေါ်ခဲ့သည်။
ပြင်သစ်အနောက်တောင်ပိုင်းနှင့် စပိန်အလယ်ပိုင်းတို့တွင် ဒေသခံပြည်သူများကို အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းပေးနေရပြီး လူနေရပ်ကွက်များကို ခြိမ်းခြောက်နေကာ အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်း များကို အခက်အခဲဖြစ်စေသည့် အရှိန်ပြင်း တောမီးများ ဆက်လက်လောင်ကျွမ်းနေစဉ် ပုပ်ရဟန်း မင်းကြီးက အဆိုပါဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်နေသူများဘက်သို့ သူ၏အာရုံကို လှည့်ခဲ့သည်။
ကက်စတယ် ဂန်ဒိုလ်ဖို (Castel Gandolfo) တွင် ကျင်းပသည့် တနင်္ဂနွေနေ့ တနင်္ဂနွေမေတ္တာ ဆိုတောင်း ခြင်း (Angelus) အခမ်းအနား၌ ပုပ်ရဟန်းမင်းကြီးက မိန့်ကြားရာတွင် –
“လွန်ခဲ့သည့်ရက်ပိုင်းက ပြင်သစ်နှင့် စပိန်နိုင်ငံတို့၏ ဒေသအသီးသီးတွင် ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်စေခဲ့သည့် တောမီးလောင်ကျွမ်းမှုများနှင့် ပတ်သက်၍ ကျွန်ုပ်အနေဖြင့် စာနာထပ်တူရှိကြောင်း ဖော်ပြလိုပြီး ထိခိုက်ခံစားရသူများအတွက်လည်းကောင်း၊ မောပန်းနွမ်းနယ်ခြင်းမရှိဘဲ ကြိုးပမ်းဆောင် ရွက်နေကြသည့် အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းများအတွက်လည်းကောင်း ဘောသာဝင်များအား လုံး ဆုတောင်းပေးကြရန် ဖိတ်ခေါ်အပ်ပါသည်။”
လွန်ခဲ့သည့် ရက်ပိုင်းများအတွင်း လွန်ကဲသော အပူချိန်၊ လေပြင်းများ လိုက်တိုက်ခတ်မှုနှင့် ရေရှည်မိုး ခေါင်မှုတို့ကြောင့် ဖြစ်ပွားခဲ့သော တောမီးများကို မီးသတ်သမားများ ငြှိမ်းသတ်နေရစဉ် လူပေါင်း ရာနှင့်ချီ၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြရသည်။
ကမ္ဘာ့အဘိုးအဘွားများနှင့် သက်ကြီးရွယ်အိုများနေ့
ပုပ်ရဟန်းမင်းကြီးသည် သာသနာတော်အနေဖြင့် ပရောဖက်ဟေရှာယကျမ်းမှ “ငါသည် သင့်ကို ဘယ်တော့မှ မေ့မည်မဟုတ်” (ဟေရှာယ ၄၉:၁၅) ဆိုသည့် ဆောင်ပုဒ်ဖြင့် ယခုနှစ်တွင် ကျင်းပသည့် (၆) ကြိမ်မြောက် ကမ္ဘာ့အဘိုးအဘွားများနှင့် သက်ကြီးရွယ်အိုများနေ့ကို အမှတ်ရအောက်မေ့ခဲ့သည်။
“သာသနာတော်နှင့် လူ့အဖွဲ့အစည်းအတွက် အသက်ကြီးသူများ ဆောင်ကြဉ်းပေးသည့် လက်ဆောင် များအတွက် သခင်ဘုရားထံ အတူတကွ ကျေးဇူးတော်ချီးမွမ်းကြပါစို့” ဟု ရဟန်းမင်းကြီးက မိန့်ကြား ခဲ့သည်။
ပုပ်ရဟန်းမင်းကြီးက လူတိုင်းအား အဘိုးအဘွားများနှင့် သက်ကြီးရွယ်အိုများ၏ “တန်ဖိုးရှိသော အခန်း ကဏ္ဍကို လေးစားတန်ဖိုးထားကြရန်” နှင့် သူတို့ရထိုက်သည့် “ဂရုစိုက်မှု၊ အာရုံစိုက်မှုနှင့် အကူအညီ များကို အမြဲမပြတ် ရရှိစေရေး” ဆောင်ရွက်ပေးကြရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။
Fr. Peter Kyi Maung
Photo Credit: Vatican News


