ဩစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့ရှိ မြန်မာကက်သလစ်ဘာသာဝင်များပထမဆုံးအကြိမ် အတူတကွမိဘများပွဲနေ့ ကျင်းပ။

ယုံကြည်ခြင်း၊ ဓလေ့ထုံးတမ်းနှင့် စည်းလုံးညီညွတ်မှုတို့၏ သမိုင်းဝင် ဆုံဆည်းမှုတစ်ခုအဖြစ် မဲလ် ဘုန်းမြို့ရှိ မြန်မာကက်သလစ်အသိုက်အဝန်း (MCCM) အဖွဲ့ဝင် နီးပါး ၈၀၀ ခန့်သည် Werribee မြို့ရှိ MacKillop ကောလိပ်တွင် ပထမဦးဆုံးအကြိမ် မိဘများနေ့ မစ္ဆားတရားတော်နှင့် ယဉ်ကျေးမှုဆိုင်ရာ မိတ်ဆုံပွဲကို အတူတကွ စုဝေးကျင်းပခဲ့ကြပါသည်။

အမိမယ်တော်၏ မိဘများဖြစ်ကြသည့် မိဘများနှင့် အဘိုးအဘွားများအားစောင့်ရှောက်သော စိန့်ဂျော် ကင်း (St. Joachim) နှင့် စိန့်အန်နား (St. Anne) တို့၏ ပွဲတော်နေ့တွင် ကျင်းပခဲ့သည့် ဤသမိုင်းဝင်ပွဲသည် ဗစ်တိုးရီးယားပြည်နယ်ရှိ မြန်မာကက်သလစ် အသိုက်အဝန်းအနေဖြင့် ပထမဦးဆုံးအကြိမ် ခမ်းနားစွာ စည်းလုံးညီညွတ်စွာ ဦးစီးကျင်းပခဲ့သည့် မိဘများနေ့ ပွဲတော်ဖြစ်ပါသည်။

မစ္ဆားတရားတော်ကို မဲလ်ဘုန်းကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ပီတာ အေ ကိုမန်းဆိုလီ (Archbishop Peter A. Comensoli) က ဦးဆောင် ပူဇော်ခဲ့ပြီး ဘုန်းတော်ကြီး လူးကားကျော်မြင့် (MCCM Chaplain)၊ ဘုန်းတော်ကြီး ဆိုင်မွန် အန်ထော်နီ၊ ဘုန်းတော်ကြီး ဂျုဒ်အဲလ်ဘတ် ဂျွန်ဆင်၊ ဘုန်းတော်ကြီး ပီတာလင်းဇင်းသန်း နှင့် အတူ ဒေသတွင်းမှ ကြွရောက်လာကြသော ဘုန်းတော်ကြီးများ နှင့်အတူတကွ ပူးတွဲပူဇော်ခဲ့ကြပါသည်။

ဆရာတော်ကြီး ကိုမန်းဆိုလီ၏ တရားဒေသနာဟောကြားရာတွင် စော်လမွန်ဘုရင်၏ ပညာဉာဏ်နှင့် ပိုင်းခြားသိမြင်မှုကို ထောပနာပြုခဲ့ပြီး လောကီဆိုင်ရာ မြင့်မားသော အဆင့်အတန်းနှင့် စိန့်ဂျော်ကင်း၊ နှင့်စိန့်အန်နားတို့၏ တိတ်ဆိတ်ငြိမ်သက်သော်လည်း ယုံကြည်ခြင်းရှိသော သက်သေခံချက်တို့ကို နှိုင်း ယှဉ် မိန့်ကြားခဲ့ပါသည်။ ဆရာတော်ကြီးသည် ကျမ်းစာပါ အကြောင်းအရာများနှင့် မဲလ်ဘုန်းသို့ ရောက် ရှိနေကြသော မြန်မာအသိုက်အဝန်းကြား အဓိပ္ပာယ်ပြည့်ဝသည့် ဆက်စပ်မှုကိုလည်း ထောက် ပြခဲ့ပါ သည်။

“သင်တို့သည် မြန်မာပြည်၏ သမိုင်းကြောင်းများဖြစ်ကြသည့် နာကျင်ဖွယ်ရာများနှင့် ဝမ်းမြောက်ဖွယ် ရာ သတိရစရာများကို သင်တို့နှင့်အတူ ယူဆောင်လာခဲ့ကြပါတယ်” ဟု ဆရာတော်ကြီး ကိုမန်းဆိုလီက မိန့်ကြားခဲ့သည်။ “ယခု သို့မဟုတ် ဒီနေရာမှာ အနာဂတ်အတွက် ကောင်းမွန်တဲ့အရာတွေကို သယ် ဆောင်သွားဖို့ သင်တို့ တာဝန်ရှိပါတယ်။ အတိတ်ရဲ့ သင်ခန်းစာယူစရာ အမှတ်တရတွေနဲ့ သစ်လွင်တဲ့ တီထွင်ကြံဆမှုတွေ၊ ဓလေ့ထုံးတမ်းတွေနဲ့ ကျေးဇူးတော်တွေ — ဒီအဟောင်း၊ အသစ် နှစ်မျိုးစလုံးကနေ ထုတ်ယူသုံးစွဲခြင်းအားဖြင့် ဘုရားသခင်ဆီ သွားရာလမ်းကို သင်တို့ ရှာဖွေတွေ့ရှိမှာ ဖြစ်ပါတယ်”

ဂုဏ်ပြုပူဇော်ခြင်း၊ ယဉ်ကျေးမှုနှင့် အသိုက်အဝန်း၏ စည်းလုံးအားကစား

သန့်ရှင်းသော မစ္ဆားတရားတော်အပြီးတွင် MC များဖြစ်ကြသော မူလှိုင်သိန်း နှင့် ဂမ်မရန် တို့က ဦးဆောင်၍ ပျော်ရွှင်ဖွယ်ရာ မိတ်ဆုံပွဲ အစီအစဉ်ကို ဆက်လက်ကျင်းပခဲ့သည်။ Werribee၊ Sunshine၊ Hoppers Crossing၊ Ringwood နှင့် Geelong စသည့် မြို့နယ်အသီးသီးတွင် နေထိုင်ကြသော ကရင်၊ ကယား၊ ကယန်း၊ ကချင်၊ ချင်း နှင့် ဗမာ စသည့် တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံမှ မိသားစုများ အတူ တကွ စုဝေးခဲ့ကြသည်။

ပွဲတော်၏ အဓိက အထူးအစီအစဉ်မှာ အသိုက်အဝန်းအတွင်းရှိ လူကြီးသူမများအား ဂုဏ်ပြုပူ ဇော်ခြင်း ဖြစ်ပါသည်။ အသက် ၆၀ နှင့်အထက် မိဘများနှင့် အဘိုးအဘွားများ၏ အကန့်အသတ်မရှိသော မေတ္တာတရား၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှုများနှင့် မျိုးဆက်သစ်များထံ ကက်သလစ်ယုံကြည်ခြင်းကို လက်ဆင့်ကမ်းပေးခဲ့မှုများအား အသိအမှတ်ပြုသောအားဖြင့် အထူးဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ ကြပါသည်။

ဤပွဲတော်ကို ဦးသန်းဇင်း၏ တက်ကြွလှပသော ယဉ်ကျေးမှုအနုပညာများ၊ ဒေသခံအသိုက်အဝန်းဝင် ဒေါ်နန်း ချုပ် လုပ်လှူဒါန်းသော ခွာရာ (Choir)ဝတ်စုံများနှင့် ဘုရားကျောင်းဝတ်စုံများ၊ စစ္စတာရ် ပက်ထရီရှာ ဂျီဂျန်၊ MCCM အလုပ်အမှုဆောင်ကော်မတီနှင့် MCCM Life Teen လူငယ်များ၏ ပန်းအပြင် အဆင်များ၊ ရှင်မာတေဦး ပေါင်းစပ် ဓမ္မသီချင်းဆိုအဖွဲ့၏ သန့်ရှင်းသော ဓမ္မတေးသီချင်းများဖြင့် ဝေဝေဆာဆာ ကျင်းပနိုင်ခဲ့ပါသည်။

ကျေးဇူးတင်စကားပြောကြားရာတွင် ဘုန်းတော်ကြီး ဆိုင်မွန် အန်ထော်နီ က ဆဘုန်းတော်ကြီး လူးကား နှင့် MCCM ခေါင်းဆောင်မှုအဖွဲ့တစ်ခုလုံး၏ ကိုယ်စား ဂိုဏ်းချုပ်ဆရာတော်ကြီး ကိုမန်းဆိုလီ၊ ကြွရောက် လာကြသော ဘုန်းတော်ကြီးများ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် ကျောင်း၏အဆောက်အဦများကို အသုံးပြုခွင့်ပေးခဲ့သည့် MacKillop ကောလိပ်ကျောင်းအုပ်ကြီး Mr. Chris Caldow တို့အား လှိုက်လှိုက်လှဲလှဲ အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့သည်။

“ကျွန်ုပ်တို့ရဲ့ ချစ်လှစွာသော မိဘများနှင့် အဘိုးအဘွားများ – ဒီမိဘများနေ့ပွဲတော်ကို သင်တို့အတွက် ရည် စူးပါတယ်။ သင်တို့ဟာ ကျနော်တို့ မိသားစုတွေနဲ့ အသိုက်အဝန်းရဲ့ နှလုံးခုန်သံနဲ့ အဖိုးတန်ရတနာတွေ ဖြစ်ကြပါတယ်။ နာဇရက်မြို့မှ သန့်ရှင်းသောမိသားစုနှင့် စိန့်ဂျော်ကင်း၊ စိန့်အန်းတို့က ကျနော်တို့ကို လမ်းပြပါစေ၊ ကျနော်တို့ရဲ့ အိမ်ထောင်စုများကို ကောင်းချီးပေးပါစေ၊ ကျနော်တို့ အသိုက်အဝန်းကို ယုံကြည်ခြင်း၊ မေတ္တာတရားနှင့် စည်းလုံးခြင်းမှာ ခိုင်မာစေပါစေ” ဟု ဖာသာ ဆိုင်မွန်က မိန့်ကြား ခဲ့ပါသည်။

ကျနော်တို့၏ ပထမဦးဆုံးသော မိဘများနေ့ပွဲတော်သည် ကျနော်တို့ မည်မျှစည်းလုံးကြောင်း ပြသနေ ပါသည်။ ကျနော်တို့သည် အတူတကွ ပေါင်းစည်း၍ မိမိတို့၏ အမြစ်များကို ဂုဏ်ပြုကျင်းပကြပြီး ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းဂိုဏ်းချုပ်နယ်မြေအတွင်းရှိ ကက်သလစ်မိသားစုကြီးအဖြစ် ပိုမိုခိုင်မာစွာ ကြီးထွားလာနေကြပါသည်။

Photo & News by( MCC) Australia

လေးစားစွာဖြင့်၊

MCCM (အလုပ်အမှုဆောင်ကော်မတီ)

ဘာသာပြန် ဖာသာ ပီတာကြည့်မောင်

RVA Myanmar Language Service

#rvamyanmar#AustraliaMyanmarcommunity#ArchdiocesofMandalay

See less

rvamyanmar
rvamyanmar
Articles: 4105

Leave a Reply

Your email address will not be published. Required fields are marked *