

“စစ်မီးလျှံလေပြင်းများကြောင့် မျှော်လင့်ခြင်းတရား ငြိမ်းသတ်မသွားပါစေနှင့်၊ ဆွေးနွေးညှိနှိုင်းခြင်း လမ်း ကြောင်းဆီသို့လည်း ပြန်လည်ရောက်ရှိနိုင်ပါစေ”

ကျွန်ုပ် ရက်အနည်းငယ် အပန်းဖြေနေသည့် ဤလှပသော ကက်စတယ် ဂန်ဒေါလ်ဖို မြို့သူမြို့သား များ အား နှုတ်ခွန်းဆက်သအပ်ပါသည်၊ ကမ္ဘာ့အနှံ့အပြားမှ လာရောက်ကြသော ဘုရားဖူးခရီးသည် အပေါင်း တို့အားလည်း ဝမ်းမြောက်လှိုက်လှဲစွာ ကြိုဆိုပါသည်။
စိတ်မကောင်းစရာအကြောင်းမှာ စစ်မီးလျှံလေပြင်းများသည် အရှေ့အလယ်ပိုင်း၊ ယူကရိန်းနှင့် ကမ္ဘာ့ အခြားသော ဒေသများစွာတွင် တစ်ကျော့ပြန် တိုက်ခတ်နေပြီး၊ အကြမ်းဖက်မှု၊ ထိတ်လန့်ခြောက် ခြားမှု နှင့် သေဆုံးခြင်းများကို ကြဲဖြန်းနေကာ အပြစ်မဲ့ပြည်သူ အများအပြားကို ထပ်မံ၍ ထိခိုက်ခံစားရ စေလျက် ရှိပါသည်။ ထိုစစ်မီးလေပြင်းများကြောင့် ကျွန်ုပ်တို့၏ မျှော်လင့်ခြင်းနှင့် ငြိမ်းချမ်းရေး မီးရှူး တန်ဆောင်သည် နုနယ်လှုပ်ခတ်နေပုံပေါ်သည့်တိုင်အောင် ငြိမ်းသတ်မသွားပါစေနှင့်။
ကျွန်ုပ်တို့အနေဖြင့် ဆွေးနွေးညှိနှိုင်းခြင်း၊ တွေ့ဆုံခြင်းနှင့် သံတမန်ရေးရာ လမ်းကြောင်းပေါ်တွင် ဆက် လက်၍ ဇွဲလုံ့လစိုက်ထုတ် သွားကြလိမ့်မည်ဟူသော ကျွန်ုပ်၏ မျှော်လင့်ချက်ကို ထပ်လောင်း အတည်ပြု လိုပါသည်။ ဤလမ်းကြောင်းသည်သာလျှင် တရားမျှတပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးသို့ ဦးတည်နိုင်သည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်ပြီး၊ လူသားအားလုံးသည် ပြန်လည်သင့်မြတ်ခြင်း၊ အပြန်အလှန် လုံခြုံဘေးကင်းခြင်းနှင့် လူသားတိုင်း၏ ဂုဏ်သိက္ခာကို လေးစားခြင်းတို့ဖြင့် နေထိုင်သွား နိုင်ကြမည် ဖြစ်သည်။
ယနေ့သည် “ပင်လယ်ရေကြောင်း တနင်္ဂနွေနေ့” (Sea Sunday) ဖြစ်ပါသည်။ ကျွန်ုပ်၏ ဆုတောင်း မေတ္တာများသည် ကမ္ဘာတစ်ဝန်းရှိ သင်္ဘောသားများ၊ တံငါသည်များနှင့် ဆိပ်ကမ်းလုပ်သားများအားလုံး ထံသို့ ရည်မှန်းပါသည်။ ၎င်းတို့သည် မိမိတို့ချစ်ရသူများနှင့် ခွဲခွာနေရခြင်း၊ တစ်ခါတစ်ရံ ပင်လယ်ပြင်တွင် ဖြစ်ပွားတတ်သော ပဋိပက္ခများကို စိုးရိမ်ကြောက်ရွံ့ရခြင်းများ ရှိသော်လည်း၊ မိမိတို့၏ စိတ်ရှည်မှုနှင့် တိတ်ဆိတ်စွာ လုပ်ကိုင်မှုတို့ဖြင့် ကုန်သွယ်မှုများနှင့် လူများစွာ၏ လူမှုဘဝများကို ပံ့ပိုးကူညီပေး နေကြ သူများ ဖြစ်သည်။
နောက်ဆုံးအနေဖြင့်၊ ယက်စနာ ဂိုရာ (Jasna Góra) သာသနာ့အထိမ်းအမှတ် ပန်းချီကားနှင့်အတူ နှစ်ပတ် လည် ဘုရားဖူးခရီးစဉ်အတွက် စုရုံးရောက်ရှိနေကြသော ပိုလန်နိုင်ငံသား ကာသိုလစ်ဘာသာဝင် အများ အပြားအတွက် ကျွန်ုပ် ဆုတောင်းပေးပါသည်၊ ၎င်းတို့သည် “သာသနာပြု တပည့်တော်များ” အဖြစ် ဧဝံဂေလိတရားတော်၏ ဝမ်းမြောက်ဖွယ် သက်သေခံများ ဖြစ်ကြပါစေသတည်း။
Fr. Peter Kyi Maung
Photo Credit: Vatican News


