
အပတ်စဥ်တနင်္ဂနွေနေ့တနင်္ဂနွေနေ့ တိုင်း လူထုတွေ့ဆုံခြင်းနှင့် ဘာသာတရားသွန်သင်ခြင်းတွင် ပုပ် ရဟန်းမင်းကြီး လီယို ၁၄ သတင်းစကား

ချစ်လှစွာသော ဓမ္မမိတ်ဆွေ ညီအစ်ကို မောင်နှမအပေါင်းတို့၊ မင်္ဂလာရှိသော တနင်္ဂနွေနေ့ဖြစ်ပါစေ။
ယနေ့ ဧဝံဂေလိကျမ်းစာ (ရှင်မာတေဦး ၁၁:၂၅–၃၀) မှာ ယေဇူးသခင်က ကျွန်ုပ်တို့အား ကိုယ်တော် နှင့်အတူ “ကောင်းကင်နှင့် မြေကြီး၏အရှင်” ဖြစ်တော်မူသော ခမည်းတော်ဘုရားကို ချီးမွမ်းကိုးကွယ် ရန် ဖိတ်ခေါ်ထားပါသည်။ လူ့ဇာတိခံယူတော်မူသော ဘုရားသခင်၏သားတော်သည် ဤကျေးဇူးတော် ချီးမွမ်းခြင်း၌ သတ္တဝါအားလုံးကို ပါဝင်စေခြင်းဖြင့် ကိုယ်တော်၏မေတ္တာတော်ကို ထင်ရှားစေခဲ့သည်။
ဤမျှ အလိုအလျောက်ဖြစ်ပေါ်လာပြီး ဝမ်းမြောက်စရာကောင်းသော အမူအရာ၏ ရိုးစင်းမှုသည် ဘုရား သခင်၏ လုပ်ဆောင်ပုံနည်းလမ်းကို ထင်ဟပ်နေပါသည် – ကိုယ်တော်သည် မိမိကိုယ်ကို “သူငယ်တို့အား” ထင်ရှားပြသရခြင်း၌ မွေ့လျော်ပြီး၊ “ပညာရှိသူနှင့် ဉာဏ်ကောင်းသူတို့” ထံမှမူ ကွယ်ဝှက်ထား တော်မူ၏။
ထိုသူတို့သည် မိမိတို့၏ ကိုယ်ပိုင်အတွေးအခေါ်များဖြင့် အလွန်ပြည့်နှက်နေကြသဖြင့်၊ မိမိတို့လူမျိုး ထံသို့ ကြွရောက်လာတော်မူသော မက်ဆီးယားသခင် ခရစ်တော်၏ တည်ရှိခြင်းကို မသိမှတ်နိုင်ကြချေ။ ထို့ကြောင့် လူသားတို့၏ပညာသည် မာနထောင်လွှားခြင်းဖြစ်လာပြီး၊ အယူဝါဒသည် ဝါကြွားခြင်းသို့ ယုတ်လျော့သွားတတ်သည်။ ဆန့်ကျင်ဘက်အနေဖြင့်မူ၊ ဘုရားသခင်၏ စစ်မှန်သောပညာသည် လူ့ဇာ တိခံယူခြင်း၏ နှိမ့်ချမှု၌ ထင်ရှားလျက်ရှိပြီး၊
ကိုယ်တော်၏သွန်သင်ချက်သည် အားလုံးထက်မက ပင်ပန်းဆင်းရဲသူများထံသို့ ဦးတည်ပါသည် – “ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့” (အခန်းငယ် ၂၈) ဟု သခင်ဘုရား မိန့် တော် မူ၏။
ယေဇူးသခင်ထံသို့ သွားခြင်းဆိုသည်မှာ ကိုယ်တော်၏မေတ္တာတော်ကို တုံ့ပြန်ခြင်းနှင့် ကိုယ်တော် ကိုယ် တိုင် သွန်သင်တော်မူသည့်အတိုင်း လက်ဝါးကပ်တိုင် တိုင်အောင် ကိုယ်တော်၏အသက်တာ၌ ပါဝင် ခြင်းကို ဆိုလိုပါသည် – “ငါ့နောက်သို့ လိုက်လိုသောသူဖြစ်လျှင်၊ ကိုယ်ကိုကိုယ်ငြင်းပယ်၍ မိမိလက်ဝါး ကပ်တိုင်ကိုထမ်းကာ ငါ့နောက်သို့လိုက်စေ” (ရှင်မာတေဦး ၁၆:၂၄)။
အားလုံးအတွက် မေတ္တာဖြင့် တောက်လောင်နေသော ကိုယ်တော်၏သွန်သင်ချက် အနှစ်သာရနှင့် ပညာ တော်၏နှလုံးသားဖြစ်သည့် ယေဇူးသခင်၏ “ထမ်းပိုး” (ရှင်မာတေဦး ၁၁:၂၉) ကို ဖွဲ့စည်းထားသည်မှာ မေတ္တာကြောင့် ဤကဲ့သို့ မိမိကိုယ်ကို ပေးဆပ်ခြင်းပင် ဖြစ်သည်။
ညီအစ်ကို မောင်နှမတို့၊ လက်ဝါးကပ်တိုင်၏အလေးချိန်သည် မည်သို့ကြောင့် “ထမ်းလွယ်” ပြီး “ပေါ့ပါး” နိုင်မည်နည်း (အခန်းငယ် ၃၀)။ အကြောင်းရင်းတစ်ခုတည်းကြောင့် ဖြစ်ပါသည် – သခင်ဘုရား ကိုယ်တိုင်က ကျွန်ုပ်တို့နှင့်အတူ ၎င်းကို ထမ်းပိုးပေးတော်မူပြီး၊ ကျွန်ုပ်တို့ကို ဝန်ပိစေသောအရာများ၌ ကျွန်ုပ်တို့ကို မည်သည့်အခါမျှ တစ်ယောက်တည်း ပစ်မထားခဲ့သောကြောင့် ဖြစ်သည်။
စစ်မှန်သောဆရာတစ်ဦးအနေဖြင့်၊ ဆိုးယုတ်မှုကြောင့် ဒဏ်ရာရနေသော လူသားမျိုးနွယ်ကို ကုသရန်နှင့် စောင့်ရှောက်ရန်အတွက် ထိုဒဏ်ရာများကို မိမိအပေါ်၌ ခံယူတော်မူခဲ့သည်။ ထို့ကြောင့် ကိုယ်တော် ပေးသနားသောပညာသည် ကယ်တင်ခြင်းဆိုင်ရာ ကြေညာချက်ဖြစ်ပြီး၊ ကိုယ်တော်၏ထမ်းပိုးသည် ကျွန်ုပ်တို့ကို လဲကျခြင်းတိုင်းမှ ပြန်လည်ထူမပေးပါသည်။ ထို့ကြောင့် ခရစ်တော်နောက်သို့ လိုက်ရသော ကျွန်ုပ်တို့၏ခရီးစဉ်သည် လူကိုညှိုးနွမ်းစေသော ခြိုးခြံချွေတာခြင်းမျိုး မဟုတ်ပါ။
ယင်းအစား၊ သမိုင်း၏ အလှည့်အပြောင်း ဇာတ်ကြောင်းများကို အလေးအနက်ထားပြီး အထူးသဖြင့် ၎င်း၏ အမှောင်မိုက်ဆုံး အချိန်များတွင် အဓိပ္ပာယ်ကို စဉ်ဆက်မပြတ် အလင်းပြပေးသည့် လွတ်လပ်မှု ဆိုင်ရာ သင်ခန်းစာတစ်ခု ဖြစ်သည်။ အမှန်စင်စစ်၊ ယေဇူးသခင်၏ လက်ဝါးကပ်တိုင်၌သာ ဆိုးယုတ်မှုကို အောင်နိုင်ပါသည်၊ ကိုယ်တော်၏ ဆင်းရဲဒုက္ခခံရခြင်း၌သာ ကျွန်ုပ်တို့၏ သေမျိုးဘဝ ပင်ပန်းနွမ်းနယ်မှု သည် သက်သာရာရခြင်းနှင့် ရွေးနုတ်ခြင်းကို ရရှိပါသည်။
ကျွန်ပြုခြင်းခံရချိန်တွင် ခရစ်တော်သည် လွတ်မြောက်ခြင်းဖြစ်၏။ စစ်မီးတောက်လောင်နေချိန်တွင် ခရစ်တော်သည် မျှော်လင့်ချက်ဖြစ်၏။ အပြစ်ဒုစရိုက်၏အချိန်နာရီ၌ ခရစ်တော်သည် ခွင့်လွှတ်ခြင်း ဖြစ်၏။ ယင်းသည် စစ်မှန်သောပညာဖြစ်ပြီး ကိုယ်တော်၏နာမတော်၌ တပည့်တော်များအဖြစ် စည်းလုံး ညီညွတ်စွာဖြင့် ကျွန်ုပ်တို့ အတူတကွ လျှောက်လှမ်းလိုသော လမ်းစဉ်ဖြစ်သည်။
ယေဇူးသခင်သည် သားတော်အဖြစ်လည်းကောင်း၊ ကျွန်ုပ်တို့၏ ညီအစ်ကိုဖြစ်လာခြင်းဖြင့် လည်း ကောင်း ဤအရာကို သွန်သင်တော်မူသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်အားဖြင့်၊ ကိုယ် တော်သည် ဘုရားသခင်နှင့် လူသားတို့အကြောင်း သမ္မာတရားကို အသင်းတော်အား ထင်ရှားစေ တော်မူ၏၊ အကြောင်းမူကား “သားတော်မှတစ်ပါး ခမည်းတော်ကို သိသောသူမရှိ။ သားတော်သည် အကြင်သူအား ထင်ရှားစေလို၏၊ ထိုသူမှတစ်ပါး ခမည်းတော်ကို သိသောသူမရှိ” (ငယ် ၂၇)။
ချစ်လှစွာသော မိတ်ဆွေတို့၊ သခင်ဘုရားသည် ကျွန်ုပ်တို့အပေါ် ထားရှိတော်မူသော မေတ္တာနှင့်ပြည့် စုံသည့် ယုံကြည်ကိုးစားမှုအတွက် ကျေးဇူးတော်ချီးမွမ်းရင်း၊ အသင်းတော်နှင့် တစ်ကမ္ဘာလုံး၏ ကောင်း ကျိုးချမ်းသာအတွက် ကြားဝင်ဆုတောင်းပေးပါရန် ငြိမ်းချမ်းရေး၏ ဘုရင်မဖြစ်တော်မူသော မယ်တော်မာရီယားအား တောင်းလျှောက်ကြပါစို့။
Fr. Peter Kyi Maung
Photo Credit: Vatican News
https://www.vatican.va/content/leo-xiv/en/angelus/2026/documents/20260705-angelus.html



