
ကျွန်တော်တို့ဘုံနေအိမ်ကို အခြေခံကျကျ ပြောင်းလဲခြင်း
အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ပတ် “ထိန်းသိမ်းကြစေ သဘာဝအမွေ” အစီအစဉ်လေးမှ ပြန်လည်ကြိုဆိုပါတယ်။ ဒီတစ်ပတ် ကျွန်တော် ပြောပြသွားမယ့် အကြောင်းအရာကတော့ “Laudato Si” စိမ်းလန်းစိုပြေခြင်းဆိုင်ရာ ပညတ်တော်ဆယ်ပါး စာအုပ်ထဲမှ “ကျွန်တော်တို့ဘုံနေအိမ်ကို အခြေခံကျကျ ပြောင်းလဲခြင်း” ဆိုတဲ့ ခေါင်းစဉ်ပဲ ဖြစ်ပါတယ်။
ရဟန်းမင်းကြီး Francis က ကမ္ဘာမြေကြီးကို ကျွန်ုပ်တို့ရဲ့ “ဘုံနေအိမ်” အဖြစ် တင်စားပြီး အသုံးပြုထားပါတယ်။ ကျွန်ုပ်တို့ သက်ရှိလူသားများ လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ ကပ်ဘေးမှန်သမျှသည် ကျွန်ုပ်တို့ ဘုံနေအိမ်ရဲ့ ကပ်ဘေးပင်ဖြစ်သည်ဟု ဆိုထားပါတယ်။ ကျွန်ုပ်တို့က ဂေဟစနစ်ဆိုင်ရာ ကပ်ဘေးကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ခုအဖြစ် သတ်မှတ်ပြီး အချိန်ကြာရှည်စွာ ဂျောင်ထိုးဘေးဖယ်ထားခဲ့ကြပါတယ်။
ကျွန်ုပ်တို့ လူသားတွေက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာများကို သတင်းစာကော်လံများ၊ TV အစီအစဉ်များ၊ စာအုပ်စင်ပေါ်နှင့် စာသင်ကျောင်း၊ တက္ကသိုလ်သင်ရိုးညွှန်းတမ်းများမှာ နေရာပိုပေးပြီး ခွဲဝေသတ်မှတ်လာကြခြင်းကြောင့် ကျေနပ်ရောင့်ရဲနေကြပါတယ်။ လူအများစုအတွက် သဘာဝပတ်ဝန်းကျင်ဆိုတာ သူတို့ရဲ့ အပေါ်ယံ အပြင်ဘက် သပ်သပ်အဖြစ်ပဲ လက်ခံထားကြပါတယ်။ သူတို့ နေထိုင်တဲ့ အဓိကနေရာမဟုတ်ဘဲ ဒုတိယအလေးပေးရမယ့် နေရာလို့သာ ခံယူထားကြပါတယ်။
စက်မှုလက်မှုအသင်းအဖွဲ့များနှင့် မီဒီယာများကလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စဆိုတာ အရေးမကြီးဘဲ မိမိတို့ရဲ့ နယ်နိမိတ်နဲ့သာ သက်ဆိုင်တဲ့ ကိစ္စရပ်ဖြစ်ကြောင်း သိမ်မွေ့စွာ အယုံသွင်းထားကြပါတယ်။ ကုန်ပစ္စည်းကြော်ငြာများရဲ့ ခမ်းနားထည်ဝါတဲ့ ကတိပေးချက်များနဲ့ သာယာကြည်နူးစေပြီး ပိုမိုလောဘကြီးစွာ ရမ္မက်တောင်းတမှုများဖြင့် ကုန်ပစ္စည်းများကို အသုံးပြုခြင်းအားဖြင့် ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်းပဲ ဆက်လက်လုပ်ကိုင်နေကြပါတယ်။
“Laudato Si” စာအုပ်ထဲမှာ ရဟန်းမင်းကြီး Francis ရေးသားထားသည်မှာ- ကျွန်ုပ်တို့သည် ဘုံအိမ်ထောင်စု မိသားစုဝင်များအတွက် ကြောက်မက်ဖွယ်ကောင်းသော အကျိုးသက်ရောက်မှုဖြင့် ကျွန်ုပ်တို့နေအိမ်၏ ဖြစ်နိုင်ခြေများသော ပြိုလဲပျက်စီးမှုထဲသို့ အမှန်တကယ်ပဲ “အိပ်ပျော်ရင်း လမ်းလျှောက်နေကြသလို” ဖြစ်နေသည်ဟု သတိပေးထားပါတယ်။ ကမ္ဘာမြေဟူသည် ကျွန်ုပ်တို့ကို ပတ်လည်ဝိုင်းနေသော ပတ်ဝန်းကျင်ဖြစ်ရုံသာမက ကျွန်ုပ်တို့ကို ပေါက်ဖွားဖြစ်ထွန်းစေပြီး အကျိုးပြုအားဖြည့်ပေးနေသော နေအိမ်ပင် ဖြစ်ပါတယ်။
ကျွန်ုပ်တို့ ကမ္ဘာမြေကြီးသည် မီဒီယာထဲမှာ တစ်ခါတစ်ရံ တင်ပြထားသလိုမျိုး စိတ်ကူးယဉ်သိပ္ပံပညာများ၊ ခေတ်ပေါ်နည်းပညာများနဲ့ ဖန်တီးထားပြီး ကမ္ဘာဂြိုဟ်ကို ကယ်တင်ရန်အတွက် မဖြစ်နိုင်တော့ဘဲ ပြိုကွဲပျက်စီးမယ့်အချိန်မှာ အခြားတစ်နေရာသို့ ပြောင်းရွှေ့ပြီး စိုးမိုးခြယ်လှယ်၍ရနိုင်သော ပတ်ဝန်းကျင်မျိုး မဟုတ်ပါဘူး။ Harvard University ရဲ့ ဇီဝဗေဒပညာရှင် Edward O. Wilson က ကမ္ဘာမြေ၊ အထူးသဖြင့် အသက်ရှင်သန်ရာ အလွှာပါးလေး (Laser-thin film of life) က ၎င်းတို့ကို ဝန်းရံနေခြင်းသည် ကျွန်ုပ်တို့ရဲ့ နေအိမ်ဖြစ်သည်ဟု သတိပေးထားပါတယ်။
ကမ္ဘာမြေဟူသည် ကျွန်ုပ်တို့ရဲ့ တစ်ခုတည်းသော နေအိမ်ပင် ဖြစ်ပါတယ်။ ကျွန်ုပ်တို့က ကမ္ဘာမြေဆိုင်ရာ ဘုံနေအိမ်ထဲမှာ မှီတင်းအခြေချ နေထိုင်သူများ၊ ကမ္ဘာမြေမှုန့်ဖြင့် ပုံသွင်းခြင်းခံရသော ကမ္ဘာမြေရဲ့ ရုပ်လွှာများ၊ ကမ္ဘာမြေသားများ ဖြစ်ကြပါတယ်။ လက်ရှိ ဂေဟစနစ်ဆိုင်ရာ ကပ်ဘေးဟူသည် “Laudato Si” ထဲမှာ ရဟန်းမင်းကြီး Francis က ကျွန်ုပ်တို့ကို သတိပေးသကဲ့သို့ ကျွန်ုပ်တို့ ဘုံနေအိမ်ရဲ့ အရေးပေါ်အခြေအနေ ဖြစ်ပါတယ်။
ကျွန်ုပ်တို့က ကျွန်ုပ်တို့ရဲ့ ဘုံနေအိမ်ကို ကျွန်ုပ်တို့ကိုယ်တိုင် ဖျက်ဆီးနေကြပြီး လုယက်နေကြပါတယ်။ မိမိတို့ ဘုံနေအိမ်အား အသည်းအသန် ပြန်လည်ပြုပြင်ရန် လိုအပ်နေတဲ့အချက်များကို မြင်တွေ့နိုင်ရန် ပွင့်လင်းတဲ့အကြည့်တစ်ခုဖြင့် ကြည့်ရှုရန် လိုအပ်နေကြပါတယ်လို့ ရဟန်းမင်းကြီးရဲ့ အဆိုအမိန့်အရ သိရပါတယ်။
ဒီတစ်ပတ် အကြောင်းအရာလေးကို ဒီမှာပဲ ရပ်နားခွင့်ပြုပါ။ ကျွန်တော် အစီအစဉ်တင်ဆက်သူ Steven Kyaw Lin Htike ပဲ ဖြစ်ပါတယ်။
“Edited & Presented by Steven Htike”



