Regina Caeli (ကောင်းကင်ဘုံဘုရင်မ) မေတ္တာတော်ကို ရွတ်ဆိုစဥ် ပုပ်ရဟန်းမင်းကြီး၏မိန့်ကြားချက် များ။

ချစ်လှစွာသော ညီအစ်ကို မောင်နှမအပေါင်းတို့၊ မင်္ဂလာရှိသော တနင်္ဂနွေနေ့ဖြစ်ပါစေ။

ယနေ့တွင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအများအပြား၌ သခင်ယေဇူးဘုရား ကောင်းကင်ဘုံသို့ တက်ကြွ တော်မူ ခြင်း ပွဲတော်မြတ် (Solemnity of the Ascension of the Lord) ကို ကျင်းပကြသည်။

သမ္မာကျမ်းစာ (တမန်တော်ဝတ္ထု ၁:၁-၁၁) တွင် ဖော်ပြထားသည့်အတိုင်း မြေကြီးမှ ချီးမြှောက်ခံရပြီး ကောင်းကင်ဘုံသို့ တက်ကြွတော်မူသော သခင်ယေဇူး၏ ပုံရိပ်သည် ဤနက်နဲသောအရာ (Mystery) ကို လွန်ခဲ့သောအချိန်ကြာမြင့်စွာက ဖြစ်ပျက်ခဲ့သည့် ဝေးကွာသော အဖြစ်အပျက်တစ်ခုအဖြစ် ကျွန်ုပ်တို့ အား တွေးတောမိစေနိုင်ပါသည်။ သို့သော် ထိုသို့မဟုတ်ပါ၊ အကြောင်းမူကား ဦးခေါင်းနှင့် တစ်သား တည်းဖြစ်နေသော အင်္ဂါအစိတ်အပိုင်းများကဲ့သို့ ကျွန်ုပ်တို့သည်လည်း သခင်ယေဇူးနှင့် တစ်လုံးတစ် ဝတည်း ဖြစ်နေကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကိုယ်တော်သည် ကောင်းကင်ဘုံသို့ တက် ကြွတော်မူခြင်းအားဖြင့် ခမည်းတော်ဘုရားနှင့် အပြည့်အဝ စည်းလုံးခြင်းဆီသို့ ကျွန်ုပ်တို့ကို ကိုယ်တော် နှင့်အတူ ဆွဲခေါ်သွားတော်မူသည်။ ဤအချက်နှင့်ပတ်သက်၍ စိန့်သြဂတ်စတင်း (Saint Augustine) က “ဦးခေါင်း၏ ရှေ့သို့တက်လှမ်းခြင်းသည် အင်္ဂါအစိတ်အပိုင်းများ၏ မျှော်လင့်ချက်ဖြစ်သည်” ဟု မိန့်ကြားခဲ့သည် (Sermon 265: 1.2)။

စင်စစ်အားဖြင့် ခရစ်တော်၏ တစ်သက်တာလုံးသည် အထက်သို့ တက်လှမ်းခြင်းဆိုင်ရာ လှုပ်ရှားမှုတစ်ခု ဖြစ်သည်။ ကိုယ်တော်သည် လူ့ဇာတိကို ခံယူခြင်းအားဖြင့် တစ်ကမ္ဘာလုံးကို လွှမ်းခြုံပတ်သက်စေကာ၊ လူသားတို့အား ၎င်းတို့၏ အပြစ်သားဘဝမှ မြှင့်တင်ပေးပြီး ကယ်တင်တော်မူသည်။ ထို့ကြောင့် ယခင်က မှောင်မိုက်ခြင်း၊ မတရားမှုနှင့် စိတ်ပျက်အားငယ်မှုများ ရှိခဲ့သည့်နေရာတွင် အလင်းတရား၊ ခွင့်လွှတ် ခြင်းနှင့် မျှော်လင့်ချက်တို့ကို ဆောင်ကြဉ်းပေးတော်မူသည်။ ၎င်းသည် ဘုရားသခင်၏ သားတော်သည် အသေခံတော်မူခြင်းဖြင့် “ကျွန်ုပ်တို့၏ သေခြင်းကို ဖျက်ဆီး၍၊ ပြန်လည်ရှင်ပြန် ထမြောက်တော် မူခြင်း ဖြင့် ကျွန်ုပ်တို့၏ အသက်ကို ပြန်လည်ပေးသနားတော်မူသည်” ဟူသော အပြီးသတ် အီစတာအောင်ပွဲ (Easter victory) ကို လူသားအားလုံး အောင်မြင်စွာ ခံစားရရှိနိုင်ရန်အတွက် ဖြစ်သည် (Easter preface 1)

ထို့ကြောင့် ကောင်းကင်ဘုံသို့ တက်ကြွတော်မူခြင်းသည် ဝေးကွာသော ကတိတော်တစ်ခုအကြောင်းကို ကျွန်ုပ်တို့အား ပြောဆိုနေခြင်းမဟုတ်ဘဲ၊ ကျွန်ုပ်တို့ကို ကောင်းကင်ဘုန်းတော်ဆီသို့ ဆွဲခေါ်နေသော ရှင်သန်နေသည့် အဆက်အသွယ်တစ်ခုအကြောင်းကို ပြောနေခြင်းဖြစ်သည်။

၎င်းသည် ယခုဘဝတွင် ကျွန်ုပ်တို့၏ မျှော်မှန်းချက်အမြင်များကို မြှင့်တင်ကျယ်ပြန့်စေပြီး၊ ကျွန်ုပ်တို့၏ အတွေးအခေါ်၊ ခံစားချက်နှင့် လုပ်ဆောင်ချက်များကို ဘုရားသခင်၏ နှလုံးသားတော်နှင့် ပိုမိုနီးစပ်စေရန် လမ်းညွှန်ပြသပေးနေပါသည်။

ထို့ပြင် ဤအထက်သို့တက်လှမ်းရာ လမ်းကြောင်းတွင် လမ်းခရီးကို ကျွန်ုပ်တို့ သိရှိကြသည် (ယောဟန် ၁၄:၁-၆ ကိုကြည့်ပါ)။ စင်စစ်အားဖြင့် ကျွန်ုပ်တို့သည် ထိုလမ်းခရီးကို သခင်ယေဇူးထံ၌—ကိုယ်တော်၏ အသက်တာကို ပေးလှူခြင်း၊ ကိုယ်တော်၏ စံနမူနာနှင့် သွန်သင်ချက်များ၌ တွေ့ရှိရသည်။ မင်္ဂလာရှိသော မယ်တော်မာရီယားနှင့် ရဟန္တာအပေါင်းတို့ကလည်း ကျွန်ုပ်တို့အတွက် ထိုလမ်းခရီးကို လမ်းညွှန် ပြသပေးထားသည်ကို တွေ့ရပြီး၊ ၎င်းတို့ကို အသင်းတော်က ကမ္ဘာလုံးဆိုင်ရာ စံပြပုဂ္ဂိုလ်များအဖြစ် တင်ပြထားသည်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ကျွန်ုပ်တို့၏ နေ့စဉ်လူမှုဘဝတွင် အတူတကွ နေထိုင် ကြသော “အိမ်နီးနားချင်း” ရဟန္တာများ (သြဝါဒစာ Guadete et Exsultate, 7 ) အကြောင်းကိုလည်း မိန့် ကြားလိုသည်။ ၎င်းတို့မှာ ဖခင်များ၊ မိခင်များ၊ အဖိုးအဖွားများ၊ အသက်အရွယ်နှင့် အခြေအနေ အမျိုးမျိုးရှိသည့် လူသားများဖြစ်ကြပြီး၊ ၎င်းတို့သည် ဝမ်းမြောက်ခြင်း၊ ကတိကဝတ်ပြုခြင်းတို့ဖြင့် ဧဝံဂေလိတရားတော်နှင့်အညီ ရိုးသားစွာ နေထိုင်နိုင်ရန် ကြိုးပမ်းအားထုတ်ကြသူများ ဖြစ်သည်။

၎င်းတို့နှင့်အတူ၊ ၎င်းတို့၏ ပံ့ပိုးကူညီမှုနှင့် ဆုတောင်းမေတ္တာကျေးဇူးများကြောင့် ကျွန်ုပ်တို့သည်လည်း ကောင်းကင်ဘုံသို့ တစ်ရက်ထက်တစ်ရက် ပိုမိုတက်လှမ်းနိုင်ရန် သင်ယူနိုင်သည်။ စိန့်ပေါလ် မိန့်ကြား ထားသကဲ့သို့ မှန်ကန်သော၊ တရားမျှတသော၊ ချစ်မြတ်နိုးဖွယ်ကောင်းသော အရာမှန်သမျှကို ကျွန်ုပ်တို့ အာရုံစိုက်ရမည်ဖြစ်ပြီး (ဖိလိပ္ပိ ၄:၈ )၊ ဘုရားသခင်၏ အကူအညီဖြင့် ကျွန်ုပ်တို့ “ကြားသိမြင်တွေ့” ခဲ့ရသမျှကို လက်တွေ့ကျင့်သုံးရမည် (V. ၉)။ ဤနည်းအားဖြင့် ကျွန်ုပ်တို့ ဆေးကြောခြင်း မင်္ဂလာတွင် ခံယူခဲ့ပြီး ခမည်းတော်ဘုရားရှိရာ အထက်ဘုံသို့ ကျွန်ုပ်တို့အား အစဉ်အမြဲ ဆွဲခေါ်နေသော ဘုရား သခင်၏ အသက်တာသည် ကျွန်ုပ်တို့အတွင်း၌၎င်း၊ ကျွန်ုပ်တို့ပတ်ဝန်းကျင်၌၎င်း ကြီးထွားလာနိုင်ပြီး ကမ္ဘာလောကတွင် စည်းလုံးခြင်းနှင့် ငြိမ်းချမ်းခြင်းတည်းဟူသော အဖိုးတန်အသီးအပွင့်များကို ပြန့်ပွား စေနိုင်ပါသည်။

ကျွန်ုပ်တို့အား အချိန်တိုင်း လမ်းညွှန်ပြသ၍ အလင်းပေးတော်မူသော ကောင်းကင်ဘုံ၏ ဘုရင်မ မယ် တော်မာရီယားသည် ကျွန်ုပ်တို့၏ လမ်းခရီးတွင် ပံ့ပိုးကူညီပါစေသတည်း။

Regina Caeli (ကောင်းကင်ဘုံဘုရင်မ) မေတ္တာတော်ကို ရွတ်ဆိုပြီးနောက်-

ချစ်လှစွာသော ညီအစ်ကို မောင်နှမတို့၊

ယနေ့တွင် နိုင်ငံအများအပြား၌ ကမ္ဘာ့လူမှုဆက်သွယ်ရေးနေ့ (World Communications Day) ကို ကျင်းပလျက်ရှိပြီး၊ ယခုနှစ်အတွက် ဆောင်ပုဒ်အဖြစ် ကျွန်ုပ်သည် “လူသားတို့၏ အသံများနှင့် မျက်နှာ များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း” ဟု ရွေးချယ်ထားပါသည်။ ဤကဲ့သို့သော ဉာဏ်ရည်တု (Artificial Intelligence) ခေတ်ကြီးတွင် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုတိုင်း၏ အဓိကဗဟိုချက် ဖြစ်သင့် သည့် လူသားတစ်ဦးချင်းစီ၏ အမှန်တရားကို အမြဲတစေ လေးစားသော ဆက်သွယ်ရေးပုံစံများကို မြှင့်တင်ရန် လူတိုင်း ကတိကဝတ်ပြုကြဖို့ ကျွန်ုပ် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ယနေ့မှစ၍ လာမည့်တနင်္ဂနွေနေ့အထိ ဖန်ဆင်းခံလောကကို ပြုစုစောင့်ရှောက်ရန် ရည်ရွယ်ပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ သြဝါဒစာ (Encyclical) ကို အခြေခံထားသည့် Laudato Si’ သီတင်းပတ်ကို ကျင်းပသွားမည် ဖြစ်သည်။ စိန့်ဖရန်စစ် အာစီစီ (Saint Francis of Assisi) ၏ ဤဂျူဗလီနှစ်တွင် ဘုရားသခင်နှင့်၎င်း၊ ကျွန်ုပ်တို့၏ ညီအစ်ကိုမောင်နှမများနှင့်၎င်း၊ ဖန်ဆင်းခံသတ္တဝါအားလုံးနှင့်၎င်း ငြိမ်းချမ်းစွာ နေထိုင်ရေးဟူသော သူ၏ သတင်းစကားကို ကျွန်ုပ်တို့ သတိရအောက်မေ့ကြသည်။ ဝမ်းနည်းစရာကောင်းသည်မှာ မကြာသေးမီနှစ်များအတွင်း စစ်ပွဲများကြောင့် ဤဦးတည်ချက်အတိုင်း တိုးတက်မှုများမှာ များစွာ အဟန့်အတားဖြစ်ခဲ့ရသည်။ ထို့ကြောင့် Laudato Si’ လှုပ်ရှားမှုအဖွဲ့ဝင်များနှင့် ဘက်စုံဂေဟစနစ် (Integral Ecology) ကို မြှင့်တင်ပေးနေသူများအားလုံး ၎င်းတို့၏ ကတိကဝတ်များကို အသစ်တဖန် ပြန်လည်လုပ်ဆောင်ကြရန် ကျွန်ုပ် တိုက်တွန်းပါသည်။ စင်စစ်အားဖြင့် ငြိမ်းချမ်းရေးကို စောင့်ရှောက်ခြင်းသည် အသက်ကို စောင့်ရှောက်ခြင်းပင် ဖြစ်သည်။

ရောမမြို့ရှိ ချစ်လှစွာသော ဘာသာတူများနှင့် နိုင်ငံအသီးသီးမှ ဘုရားဖူးခရီးသည်များ အားလုံးကို ကျွန်ုပ် နှုတ်ခွန်းဆက်သပါသည်။ အထူးသဖြင့် ဂျာမနီနိုင်ငံမှ စစ်တီးဝိုင်းအဖွဲ့များ၊ Ajaccio မြို့မှ “Sant’Antonu di u Monti” ဝတ်ပြုအသင်းအဖွဲ့နှင့် အမေရိကန်ပြည်ထောင်စု မွန်တားနားတက္ကသိုလ် (University of Montana) မှ ကျောင်းသားအုပ်စုတို့ကို နွေးထွေးစွာ ကြိုဆိုပါသည်။

Oppido Mamertina မှ လူငယ်များ၊ Concordia-Pordenone ဂိုဏ်းအုပ်သာသနာ Lorenzaga မှ လူငယ်ခေါင်းဆောင်များနှင့် Genoa ဂိုဏ်းချုပ်သာသနာမှ ခရစ္စမား မင်္ဂလာ (Confirmation) ခံယူမည့်သူများကိုလည်း နှုတ်ခွန်းဆက်သပါသည်။

သင်တို့အားလုံး မင်္ဂလာရှိသော တနင်္ဂနွေနေ့ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ဘာသာပြန်- Fr. Peter Kyi Maung

Website: rvamyanmar.org

https://www.youtube.com/@rvamyanmar8152

Original link: https://www.vatican.va/…/doc…/20260517-regina-caeli.html

#rvamyanmar

See less

rvamyanmar
rvamyanmar
Articles: 3921

Leave a Reply

Your email address will not be published. Required fields are marked *