ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ၏ ဘိုလီးဗီးယားကက်သလစ်တက္ကသိုလ် နှစ် ၆၀ ပြည့် အထိမ်းအမှတ် သ ဝဏ်လွှာ။

တက္ကသိုလ်၏ နှစ် ၆၀ ပြည့် အထိမ်းအမှတ်တွင် ပုပ်ရဟန်းမင်းကြီးက “မေတ္တာ၌တည်သော သမ္မာတရား” (Veritas in Caritate) သည် ပညာရပ်ဆိုင်ရာနှင့် သာသနာပြုပိုင်းဆိုင်ရာ ပိုင်းခြားဝေဖန်မှုများအတွက် မရှိမဖြစ်လိုအပ်သော လမ်းညွှန်ချက်ဖြစ်ကြောင်း အလေးပေးမိန့်ကြားခဲ့ပြီး ဗဟုသုတများ ပြန့်ကျဲနေပြီး အမှန်တရားကို မိမိစိတ်ကြိုက် အဓိပ္ပာယ်ဖွင့်ဆိုနေကြသော (Relativism) ယနေ့ခေတ်တွင်၊ ဤမူဝါ ဒသည် အဖွဲ့အစည်းတစ်ခုအနေဖြင့် “လောက၏အလင်း” ဖြစ်လာစေရန် လှုံ့ဆော်ပေးသော စီမံကိန်း တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

တက္ကသိုလ်တစ်ခု၏ စစ်မှန်သော ဝိသေသ

တက္ကသိုလ်ဆိုသည်မှာ နည်းပညာသင်တန်းပေးသည့်နေရာ သို့မဟုတ် အသုံးချဗဟုသုတ ထုတ်လုပ် သည့် နေရာသက်သက်မဟုတ်ကြောင်း၊ လူသားဂုဏ်သိက္ခာနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ် မြှင့်တင်ပေးသည့် ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းဖြစ်ကြောင်း ၊ ပညာရေး၏ အစစ်အမှန်ရည်ရွယ်ချက်မှာ လူသားတစ်ဦးကို မိမိ၏ နောက်ဆုံးပန်းတိုင်နှင့် လူ့အဖွဲ့အစည်း၏ ကောင်းကျိုးအတွက် ဘက်စုံပြုစု ပျိုး ထောင်ပေးရန် ဖြစ်သည်။

တက္ကသိုလ်များသည် အသိပညာ၊ ကျင့်ဝတ်၊ တာဝန်ယူမှုရှိသော လွတ်လပ်ခွင့်နှင့် အများကောင်းကျိုး အတွက် ကတိကဝတ်ပြုမှုတို့ကို ဟန်ချက်ညီညီ ပျိုးထောင်ပေးပြီး၊ စနစ်တကျ တွေးခေါ်နိုင်ကာ ရိုးသား ဖြောင့်မတ်စွာ လုပ်ဆောင်နိုင်သူများကို မွေးထုတ်ပေးရမည်။

သမ္မာတရား၏ ဓမ္မဗေဒဆိုင်ရာ အခြေခံအုတ်မြစ်

ခရစ်ယာန်အစဉ်အလာအရ သမ္မာတရားသည် စိတ္တဇအတွေးအခေါ်သက်သက်မဟုတ်ဘဲ ယေဇူးခရစ် တော်ကိုယ်တော်တိုင် ဖြစ်သည်။ ကိုယ်တော်သည် မိမိကိုယ်ကို သမ္မာတရားအဖြစ် ထင်ရှားစေပြီး လူသားတို့အား သူတို့၏ မြင့်မြတ်သော ခေါ်ယူခြင်းကို သိရှိစေသည်။

သိပ္ပံနည်းကျ အားထုတ်မှုနှင့် အသိပညာရှာဖွေမှုများသည် မေတ္တာတရားကို အခြေခံရမည်။ ခရစ်ယာန် တစ်ဦးအတွက် အမှန်တရားကို ပြောဆိုခြင်းသည် လူသားတစ်ဦးကို တည်ဆောက်ပေးခြင်း၊ ကုသပေး ခြင်းနှင့် ပြည့်စုံမှုဆီသို့ လမ်းညွှန်ပေးခြင်းဟူသော မေတ္တာပြသမှုပင် ဖြစ်သည်။

အသိပညာသည် လူသားချင်းဆက်နွှယ်မှုဆိုင်ရာ အမှုတော်ဖြစ်ခြင်း

သမ္မာတရားတွင် ပုဂ္ဂိုလ်ရေးနှင့် ဆက်နွှယ်မှုဆိုင်ရာ အနှစ်သာရရှိကြောင်း နားလည်ခြင်းဖြင့်၊ အသိပညာ ကို တစ်ပါးသူအပေါ် ကြီးစိုးရန် သို့မဟုတ် ဖယ်ကြဉ်ရန် ကိရိယာတစ်ခုအဖြစ် အသုံးမပြုမိစေရန် ကာ ကွယ်ပေးသည်။

အသိပညာကို တရားမျှတမှုအတွက်လည်းကောင်း၊ လူသားတိုင်း (အထူးသဖြင့် အားနည်းသူများ) ၏ ဂုဏ်သိက္ခာအတွက်လည်းကောင်း အသုံးပြုရမည်။

 “မေတ္တာ၌တည်သော သမ္မာတရား” သည် အသိပညာနှင့် ဘဝ၊ ကျင့်ဝတ်နှင့် ဉာဏ်ပညာ၊ ယုံကြည် ခြင်း နှင့် ဆင်ခြင်တုံတရား၊ ပညာရပ်ဆိုင်ရာ ထူးချွန်မှုနှင့် နိုင်ငံသားတာဝန်တို့ကို ပေါင်းစပ်ပေးရန် ရည်ရွယ် သည်။

အနာဂတ်မျှော်မှန်းချက်

သုတေသန နှင့် သင်ကြားရေးလုပ်ငန်းများသည် မိမိကိုယ်ကျိုးအတွက်မဟုတ်ဘဲ ပိုမိုလူသားဆန်ပြီး တရားမျှတသော လူ့အဖွဲ့အစည်းကို တည်ဆောက်ရန် ဦးတည်ရမည်။

ပုပ်ရဟန်းမင်းကြီးက တက္ကသိုလ်၏ ပညာရေးနှင့် အဖွဲ့အစည်းဆိုင်ရာ လုပ်ငန်းစဉ်အားလုံးကို “ဉာဏ် ပညာ၏ပလ္လင်” ဖြစ်သော အမိမယ်တော်မာရိယားထံ အပ်နှံဆုတောင်းပေးရင်း နိဂုံးချုပ်ခဲ့သည်။

Fr. Peter Kyi Maung

Photo credit: Vatican News

Website: rvamyanmar.org

https://www.youtube.com/@rvamyanmar8152

#rvamyanmar#Archdioceseofmandalay#Popemessage

Original Link: https://www.vaticannews.va/en/pope/news/2026-05/pope-leo-60th-anniversary-bolivian-catholic-university-san-pablo.html

rvamyanmar
rvamyanmar
Articles: 3911

Leave a Reply

Your email address will not be published. Required fields are marked *