
အာရှကက်သလစ်သာသနာတော်၏ အာရှတစ်လွှားလက်တွေ့ကျသော ယုံကြည်မှုဖော်ဆောင်နေမှု။
“သုံးပွင့်ဆိုင်ဆွေးနွေးခြင်း- အာရှတစ်လွှားမှ လက်တွေ့ကျသော ယုံကြည်ခြင်း”
အာဗီအေမြန်မာ၊၂၀၊၄၊၂၀၂၆။
ပရဟိတထက် ပိုသောအရာ
ဖိလစ်ပိုင်နိုင်ငံရဲ့ ကမ်းခြေဒေသ ဒါမှမဟုတ် မြန်မာနိုင်ငံရဲ့ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေက စစ်ဘေး ရှောင်စခန်းတွေကို မြင်ယောင်ကြည့်ပါ။ အဲဒီလိုနေရာမျိုးတွေနဲ့ တခြားအာရှဒေသတလွှာ လက်လှမ်း မှီတဲ့ ဒုက္ခရောက်နေသူတွေရှိတဲ့ နေရာတိုင်းကို ကက်သလစ်သာသနာတော်ဟာ အကူအညီပေးဖို့ ပထမ ဆုံးရောက်ရှိလာသလို နောက်ဆုံးမှ ပြန်လေ့ရှိတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီကနေ့ အာရှ ကက်သလစ်သာသနာတော်ရဲ့ တာဝန်ရှိသူ ဘုန်းတော်ကြီးတွေကို သင်သွားမေး မယ်ဆိုရင် သာသနာတော်ရဲ့ ရည်မှန်းချက်ဟာ ဆန်အိတ်တွေ လိုက်ဝေပေးဖို့တင် မဟုတ်ဘူးဆိုတာ သိရပါလိမ့်မယ်။
အဲဒါကို “သုံးပွင့်ဆိုင် ဆွေးနွေးခြင်း” (Triple Dialogue) လို့ ခေါ်ပါတယ်။ ဒါဟာ အာရှရဲ့ ယဉ်ကျေးမှုတွေ၊ ဘာသာတရားတွေနဲ့ အဓိကအားဖြင့် ဆင်းရဲနွမ်းပါးသူတွေရဲ့ ဘဝရုန်းကန်မှုတွေကို နားထောင် ပေးခြင်း အားဖြင့် သူတို့ဘက်က ရပ်တည်ပေးတဲ့ ထူးခြားတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
အခု ၂၀၂၆ ခုနှစ်မှာ ကက်သလစ်သာသနာတော်ရဲ့ အမြင်က ပြောင်းလဲလာပါပြီ။ သာသနာတော်ဟာ ဆင်းရဲသားတွေအတွက် လုပ်ဆောင်ပေးရုံတင်မဟုတ်ဘဲ ဆင်းရဲသားတွေနဲ့အတူ (With the poor) လျှောက်လှမ်းနေတဲ့ သာသနာတော် ဖြစ်လာပါတယ်။
ကြွေးမြီမှ မျှော်လင့်ချက်သို့
ဆင်းရဲမွဲတေမှုဟာ မတော်တဆဖြစ်လာတာမဟုတ်ဘဲ မတရားတဲ့ စနစ်တွေကြောင့် ဖြစ်လာတာလို့ အာ ရှ ကက်သလစ်သာသနာတော်က လက်ခံထားပါတယ်။ အခုလက်ရှိမှာ Caritas Asia နဲ့ FABC တို့ဟာ “ကြွေးမြီမှ မျှော်လင့်ချက်သို့” လှုပ်ရှားမှုကနေတစ်ဆင့် ဖွံ့ဖြိုးဆဲအာရှနိုင်ငံတွေရဲ့ ကြွေးမြီတွေကို ပယ် ဖျက်ပေးဖို့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကို တိုက်တွန်းနေပါတယ်။ အကြောင်းရင်းကတော့ နိုင်ငံ တစ် နိုင်ငံဟာ ကြွေးမြီအတိုးတွေကြားထဲ နစ်မွန်းနေမယ်ဆိုရင် သူ့ရဲ့ အဆင်းရဲဆုံး ပြည်သူတွေအတွက် ကျောင်းတွေ၊ ဆေးခန်းတွေ ဆောက်ပေးနိုင်မှာ မဟုတ်လို့ပါပဲ။
တစ်ဆက်တည်းမှာပဲ “ဘက်စုံဂေဟဗေဒ” (Integral Ecology) ကဏ္ဍမှာလည်း သာသနာတော်က ဦးဆောင်နေပါတယ်။ အာရှ ကက်သလစ်ဆရာတော်ကြီးတွေက ရှင်းရှင်းလင်းလင်း ပြောထားပါတယ် – “ကမ္ဘာမြေကို မကာကွယ်ဘဲ ဆင်းရဲသားတွေကို ကူညီလို့မရဘူး” တဲ့။ ဘင်္ဂလားဒေ့ရှ် ဒါမှမဟုတ် ဗီယက်နမ်မှာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာရင် ဆင်းရဲသားတွေပဲ အရင်ဆုံး အိမ်ခြေမဲ့ ဖြစ်ကြ ရတာပါ။ အဲဒီအခါမှာ သာသနာတော်က သူတို့အတွက် ဒိုင်းသဖွယ် ရပ်တည်ပေးပြီး ရာသီဥတုဒဏ်ခံ အိမ်ရာတွေနဲ့ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးအတွက် တိုက်ပွဲဝင်ပေးပါတယ်။
အောက်ခြေလူတန်းစား – ရပ်ကွက်ထဲမှ ခွန်အား
သာသနာတော်ရဲ့ တကယ့်စွမ်းအားကို အခြေခံခရစ်ယာန်လူ့အဖွဲ့အစည်းများ (BECs) ကနေတစ်ဆင့် အောက်ခြေအဆင့်မှာ တွေ့နိုင်ပါတယ်။ မြန်မာနဲ့ နီပေါလို နိုင်ငံတွေမှာ ကက်သလစ်သာ သနာတော် ဆိုတာ အဆောက်အဦးတစ်ခုတင် မဟုတ်ဘဲ လူထုကွန်ရက်တစ်ခု ဖြစ်ပါတယ်။
ဒီအဖွဲ့တွေက အခခြေလူတန်းစားတွေကို အခွင့်အရေးနဲ့ တရားမျှတတဲ့ လုပ်ခလစာတွေအကြောင်း သင် ကြားပေးသလို၊ Jesuit၊ ဆလေးရှင်း တို့လို သာသနာပြုအသင်းဂိုဏ်းတွေကနေတစ်ဆင့် ပညာသင်ခွင့် ဆုံးရှုံးနေတဲ့ လူငယ်တွေကို “ဘဝအတွက် အဆင်သင့်ဖြစ်စေမယ့်” ပညာရေးကို ပေးနေပါတယ်။ သန်း နှင့်ချီသောဒုက္ခသည်တွေကို ကူညီတာ၊ အရှေ့တောင်အာရှက ခေါင်းပုံဖြတ်ခံရတဲ့ အမျိုးသမီးတွေကို ကာကွယ်ပေးတာ၊ ဒီအရာတွေက သာသနာတော်ဟာ လူရာမသွင်းခံရသူတွေအတွက် “အသံ” ဖြစ်ပေး နေတယ် ဆိုတာကို မီးမောင်းထိုးပြနေတာပါ။
စည်းလုံးခြင်း အနာဂတ်
နိဂုံးချုပ်ရရင် အာရှရှိ ကက်သလစ်သာသနာတော်ဟာ ကြီးမားတဲ့ အပြောင်းအလဲကို ဖော်ဆောင် နေပါ တယ်။ ဘန်ကောက်စာတမ်း အရ ကက်သလစ်သာသနာတော်ရဲ့ ရည်မှန်းချက်ဟာ ရှင်းပါတယ်။
၁။ ဆင်းရဲသားတွေရဲ့ ငိုကြွေးသံကို နားထောင်မယ်။
၂။ ကြွေးမြီတွေနဲ့ ပတ်ဝန်းကျင်ပျက်စီးမှုတွေကို ရင်ဆိုင်စိန်ခေါ်မယ်။
၃။ ဘေးဖယ်ခံထားရသူတွေနဲ့အတူ တန်းတူညီတူ လျှောက်လှမ်းမယ်။
ယုံကြည်ခြင်းဆိုတာ တိတ်ဆိတ်စွာ ဆုတောင်းနေရုံတင် မဟုတ်ပါဘူး။ လူသားတွေရဲ့ ဂုဏ်သိက္ခာအ တွက် ကျယ်လောင်စွာ၊ တက်ကြွစွာနဲ့ မနားမနေ ရပ်တည်ပေးခြင်းပဲ ဖြစ်ပါတယ်။
ဆက်လက်ဖတ်ရှုရန် ကိုးကားချက်များ –
FABC, “Journeying Together as Peoples of Asia” (The Bangkok Document), Sampran, Thailand. Caritas Asia, “Turn Debt Into Hope” Campaign Statement (2025). FABC Pastoral Letter to the Local Churches in Asia, March 2025. Caritas Asia Annual Reports (2024–2025) on the “Safe Food for All” and “CRASS” initiatives. Asian Catholic Youth Forum Dialogue (February 2026) Federation of Asian Bishops’ Conferences (FABC) Official Documents (fabc.org) Caritas Asia Advocacy Portals (caritas.asia) Jesuit Conference of Asia Pacific (JCAP) Social Justice & Ecology Secretariat


