
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ပျံလွန်တော်မူခြင်း (၁) နှစ်ပြည့် အထိမ်းအမှတ်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အတွက်ရည်စူး၍ ဤအောက်မေ့ဖွယ် ဆုတောင်း မစ္ဆားပူဇော်ခြင်း အခန်းအနားကို မန္တလေးဂိုဏ်းချူပ်သာသနာ ယေဇူးရွှေနှလုံးတော် ကာသီဒရယ် ဘုရားကျောင်း မန္တလေးမြို့တွင် ဧပြီလ ၂၁ ရက်နေ့ မနက် ၇:၀၀ တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ရဟန်းမင်းကြီး ဖရန်စစ် ပျံလွန်တော်မူခြင်း (၁) နှစ်ပြည့် အထိမ်းအမှတ်အောက်မေ့ဖွယ်
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၁ ရက် – ၂၀၂၆ ခုနှစ်
ဂိုဏ်းချုပ် ဆရာတော်ကြီးများ၊ ဆရာတော်များ၊ ရဟန်းတော်များ၊ သီလရှင်များ နှင့် ဘာသာဝင်ညီအစ်ကိုမောင်နှမများခင်ဗျား၊
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၁ ရက်၊ သခင်ခရစ်တော် ရှင်ပြန်ထမြောက်ရာ တနင်္လာနေ့တွင် ချစ်ခင်ကြည်ညိုအပ်သော ရဟန်းမင်းကြီး ဖရန်စစ်သည် ပျံလွန်တော်မူခဲ့ပါသည်။
ရဟန်းမင်းကြီး လီယို (၁၄) သည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့က “ကညာမာရိယား ဝမ်းမြောက်ရွှင်လန်းခြင်း ရှိပါလော” (Regina Caeli) ရွတ်ဆိုဝတ်ပြုစဉ်အတွင်း ရဟန်းမင်းကြီး ဖရန်စစ်အား ရည်ညွှန်း၍ ဤသို့ အောက်မေ့သတိရစကား မိန့်ကြားခဲ့ပါသည် –
“ရှင်ပြန်ထမြောက်တော်မူသော သခင်ဘုရား၏ အလင်းတော်၌ လွန်ခဲ့သောနှစ် သခင်ခရစ်တော် ရှင်ပြန်ထမြောက်ရာ တနင်္လာနေ့တွင် အဖခမည်းတော်ဘုရား ထံတော်သို့ ပြန်လည်ရောက်ရှိသွားသော ရဟန်းမင်းကြီး ဖရန်စစ်အား ယနေ့ကျွန်ုပ်တို့သည် ထူးကဲသော မေတ္တာတရားဖြင့် အောက်မေ့သတိရကြပါသည်။ ကိုယ်တော်၏ နက်ရှိုင်းလှသော ယုံကြည်ခြင်းနှင့် မေတ္တာတရား၏ သက်သေခံချက်များကို ပြန်လည်အမှတ်ရရင်း၊ ကျွန်ုပ်တို့သည်လည်း သမ္မာတရားကို ပိုမိုထွန်းလင်းစွာ ဟောပြောကြေညာသူများ ဖြစ်လာနိုင်စေရန် ‘ဉာဏ်ပညာ၏ ပလ္လင်တော်’ ဖြစ်သော အမိမယ်တော် မာရိယားထံ၌ အတူတကွ ဆုတောင်းကြပါစို့။”
ရဟန်းမင်းကြီး ဖရန်စစ်၏ ရုပ်ကလာပ်တော်အား ဂူသွင်းထားရှိရာ Santa Maria Maggiore ဘုရားကျောင်းတော်ကြီးတွင် ဧပြီလ ၂၁ ရက်နေ့၌ ပျံလွန်တော်မူခြင်း (၁) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စုပေါင်းဆုတောင်းခြင်း အခမ်းအနားကို ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ စိပ်ပုတီး ဆုတောင်းခြင်းနှင့်အတူ ရဟန်းမင်းကြီးအတွက် ရည်စူး၍ အထူး မစ္ဆားတရားတော်မြတ်ကို ဆက်ကပ်ပူဇော်ပါမည်။ သာသနာတော်အနေဖြင့် ကျေးဇူးသိတတ်သော အောက်မေ့ခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း၏ မျှော်လင့်ချက်ဖြင့် ကိုယ်တော်အတွက် ဆက်လက် ဆုတောင်းပေးလျက် ရှိပါသည်။
၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်မှ ၃၀ ရက်အထိ ရဟန်းမင်းကြီး ဖရန်စစ်၏ မြန်မာနိုင်ငံသို့ ကြွရောက်ခဲ့သော သာသနာပြုခရီးစဉ်၊ လွန်ခဲ့သော နှစ်များအတွင်း မြန်မာနိုင်ငံနှင့်အတူ စာနာနားလည်စွာ ရပ်တည်ပေးခဲ့သော တောင်းဆိုချက်များနှင့် မြန်မာနိုင်ငံတော်အတွက် ကိုယ်တော်၏ လက်တွေ့ကျသော ကူညီပံ့ပိုးမှုများကို ကျွန်ုပ်တို့၏ နှလုံးသားထဲတွင် အစဉ်အမြဲ အမှတ်ရနေမည် ဖြစ်ပါသည်။ ရဟန်းမင်းကြီး ဖရန်စစ်၏ ဖခင်သဖွယ် လမ်းညွှန်မှုများမှတစ်ဆင့် ရရှိခဲ့သော ဆုကျေးဇူးများအတွက် သခင်ဘုရားအား ကျေးဇူးတင်ခြင်း၊ ချီးမွမ်းခြင်းနှင့် အသနားခံခြင်း၏ လက္ခဏာတစ်ရပ်အနေဖြင့် လည်းကောင်း၊ ရဟန်းမင်းကြီး လီယို (၁၄) အပေါ် သားသမီးပီသစွာ နာခံလျက် ရဟန်းမင်းကြီး ဖရန်စစ်၏ စံနမူနာနှင့် သက်သေခံချက်များကို လိုက်နာရန် ကတိကဝတ်ပြုခြင်း အနေဖြင့် လည်းကောင်း၊ မြန်မာပြည် သာသနာနယ် (Dioceses) အားလုံးတွင် ဆုတောင်းခြင်းနှင့် မစ္ဆားတရားတော်များကို ဆက်ကပ်ပူဇော်ကြပါမည်။


