ယေဇူးခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်း အီစတာကာလ၊ အဘယ်ကြောင့် ရက်ပေါင်း ၅၀ ကျင်းပကြတာလဲ

ယေဇူးခရစ်တော်၏ ရှင်ပြန်ထမြောက်သော အီစတာ ပွဲးတော်ဟာ – တနင်္ဂနွေတစ်ရက်တည်းထက်မက ပိုမိုထူးခြားလို့ပါ ယေဇူးခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးသော အခိုက်အတန့်ဖြစ်ပါသည်။ အပြစ်တရားကို အောင်နိုင်ခဲ့ပြီ၊ သေခြင်းတရား၏တန်ခိုးဟာရှုံးနိမ့်ခဲ့ပြီ၊ ကျွန်ုပ်တို့အတွက် ကောင်းကင်ဘုံတံခါး ပွင့်သွားခဲ့ပါပြီ။

ဤမျှကြီးမားသော အောင်ပွဲကို ဆင်နွှဲရန်အတွက် တစ်ရက်တည်းနှင့် မလုံလောက်ပါ။ 

ထို့ကြောင့် သာသနာတော်က ကျွန်ုပ်တို့အား ရှင်ပြန်ထမြောက်ခြင်း၏ ဝမ်းမြောက်ခြင်း၊ မျှော်လင့်ခြင်းနှင့် ဘဝကိုပြောင်းလဲစေနိုင်သော တန်ခိုးတော်တို့၌ နှစ်မြှုပ်ခံစားနိုင်ရန် ရက်ပေါင်း ၅၀ ကြာမြင့်သော အီစတာကာလကို ပေးထားခြင်းဖြစ်ပါသည်။

ရက် ၅၀ ကြာ ဆင်နွှဲခြင်း၏ နောက်ကွယ်မှ ကျမ်းစာလာအချက်အလက်များ တွေက

ယေဇူး ခရစ်တော်သည် ရှင်ပြန်ထမြောက်ပြီးနောက် ရက်ပေါင်း ၄၀ တိုင်တိုင် တပည့်တော်တို့အား အကြိမ်ကြိမ် ကိုယ်ထင်ရှားပြခဲ့ပြီး သွန်သင်ခြင်း၊ အားပေးခြင်းနှင့် ပြင်ဆင်ပေးခြင်းများကို ပြုလုပ်ခဲ့သည်။ ထို့နောက် ကိုယ်တော်သည် ကောင်းကင်ဘုံသို့ တက်ကြွသွားတော်မူပြီး… ၁၀ ရက်အကြာတွင် ပင်တေကောစ်ပွဲနေ့ (Pentecost)၌ သန့်ရှင်းသောဝိညာဉ်တော်ဘုရား ဆင်းသက်လာခဲ့ခြင်းသည်။ အီစတာ ရက် ၅၀ သည် ဤစွမ်းအားကြီးမားသော ဖြစ်ရပ်များကို ဆက်စပ်၍ တစ်ခုတည်းသော ပွဲတော်အဖြစ် ဖန်တီးထားခြင်းဖြစ်သည်။

အီစတာရက် ၅၀ ကာလအတွင်း အဓိကဖြစ်ရပ်များက ယုံကြည်သူတွေကို သတိပေးနေတယ်

  • ယေဇူးခရစ်တော် ရှင်ပြန်ထမြောက်ခြင်းအလောင်းမရှိ့ ဗလာဖြစ်နေသော ဂူသင်္ချိုင်းသည် သေခြင်းတရားသည် နောက်ဆုံးမဟုတ်ကြောင်း ကျွန်ုပ်တို့ကို သတိပေးနေသည်။ အီစတာ ရက် ၅၀ သည် ကျွန်ုပ်တို့၏ယုံကြည်ခြင်း၏ အုတ်မြစ်ဖြစ်သော ရှင်ပြန်ထမြောက်ခြင်းနှင့်အတူ စတင်ဖို့ သိတိပေးနေခြင်းပါ။
  • နောက်လိုက်တပည့်တော်ကြီးတော်များထံ ယေဇူးခရစ်တော် ကိုယ်ထင်ရှားပြခြင်းသည် ကိုယ်တော် ရှင်ပြန်ထမြောက်ပြီးနောက် တပည့်တော်များနှင့်အတူ အချိန်ကုန်ဆုံးခဲ့ပြီး၊ ကိုယ်တော်ရှိနေကြောင်း ပြသခြင်း၊ သွန်သင်ခြင်းနှင့် ငြိမ်သက်ခြင်းကို ပေးသနားခြင်းများ ပြုလုပ်ခဲ့သည် ဆိုတာကို သတိပေးနေပါတယ်။ 
  • ခရစ်တော် ကောင်းကင်ဘုံသို့ တက်ကြွတော်မူခြင်း အီစတာပွဲပြီးနောက် ရက်ပေါင်း ၄၀ အကြာတွင် ယေဇူးခရစ်တော်သည် ကောင်းကင်ဘုံသို့ တက်ကြွသွားကာ နောက်လိုက်တပည့်တော်များအား မျှော်လင့်ချက်နှင့် ရည်မှန်းချက်များ ထားရစ်ခဲ့သည် ကို သတိရစေဖို့၊ 
  • ပင်တေကော့စ်ပွဲနှင့် သန့်ရှင်းသောဝိညာဉ်တော် ဘုရားဆင်းသက်လာခြင်း ခရစ်တော် ကောင်းကင်ဘုံတက်ကြွတော်မူပြီး ၁၀ ရက်အကြာတွင် သန့်ရှင်းသောဝိညာဉ်တော် ဘုရား ဆင်းသက်လာကာ အီစတာ၏ အနှစ်သာရကို ပြည့်စုံစေခဲ့ပြီး အသာသနာတော်ကို မွေးဖွားပြီး ခွန်အားပေးခဲ့သည်။

အီစတာသည် ဝမ်းမြောက်ခြင်းနှင့် အသစ်ပြုပြင်ခြင်းကာလဖြစ်သည်

အာလေလုယာ သီဆိုခြင်းနှင့် မျှော်လင့်ချက်ဖြင့် ဆုတောင်းခြင်း အီစတာကာလအတွင်း သာသနာတော်၏ လေယူလေသိမ်း ပြောင်းလဲလာသည်။ အာလေလုယာ (Alleluia) သီချင်းသံများ ပျံ့လွင့်နေပြီး ဆုတောင်းချက်များသည် ပိုမိုဝမ်းမြောက်စရာကောင်းလာကာ နှလုံးသားများမှာလည်း မျှော်လင့်ချက်ဖြင့် ကြွတက်လာသည်။

အသက်တာသစ်နှင့် အသွင်ကူးပြောင်းမှုအပေါ် အာရုံစိုက်ခြင်း အီစတာသည် ကျွန်ုပ်တို့အား အသစ်တစ်ဖန်ဖြစ်ခြင်းကို လက်ခံရန် ဖိတ်ခေါ်နေသည်။ ခရစ်တော် ထမြောက်တော်မူသကဲ့သို့၊ ကျွန်ုပ်တို့၏ နှလုံးသား၊ စိတ်ကူးစိတ်သန်းနှင့် အပြုအမူများကို ကိုယ်တော်၏ ရှင်ပြန်ထမြောက်ခြင်းတန်ခိုးဖြင့် ပြောင်းလဲစေရန် ခေါ်ယူခြင်းခံရသည်။

အီစတာကာလက သင့်ဘဝကို မည်သို့ပြောင်းလဲစေနိုင်သနည်း

  1. အသစ်ကစခြင်းကို ယုံကြည်ခြင်း အီစတာသည် ကျွန်ုပ်တို့ကို အတိတ်က အမှားများကို ထားရစ်ခဲ့ပြီး ဘုရားသခင်၏ အစီအစဉ်တော်ကို ယုံကြည်ကာ အသစ်ကစရန် အားပေးသည်။
  1. လွတ်လပ်စွာ ခွင့်လွှတ်ခြင်း ခရစ်တော်သည် ကျွန်ုပ်တို့ကို ခွင့်လွှတ်ခဲ့သကဲ့သို့၊ ခွင့်လွှတ်ခြင်းသည် ဖြစ်နိုင်ကြောင်း ဤကာလက သတိပေးသည်။
  1. ဘုရားသခင်ကို ပိုမိုနက်ရှိုင်းစွာ ယုံကြည်ကိုးစားခြင်း ရက်ပေါင်း ၅၀ ကြာ ထောက်ရှု့ဆင်ခြင်သုံးသပ်ခြင်းက ရှင်ပြန်ထမြောက်ခြင်းတန်ခိုးကို ကျွန်ုပ်တို့၏ ဦးနှောက်ထဲမှ နှလုံးသားထဲသို့ ရောက်ရှိစေပြီး နေ့စဉ်ရှင်သန်မှုပုံစံကို ပုံဖော်ပေးသည်။

ပင်တေကော့စ် သန့်ရှင်းသောဝိညာဉ်တော်ဘုရားဆင်းသက်ပွဲသို့ ဦးတည်သော ဝမ်းမြောက်ခြင်း၊ မျှော်လင့်ခြင်းနှင့် သန့်ရှင်း သောရက်ပေါင်း ၅၀ အီစတာကာလကို အချိန်အလဟဿ မကုန်ဆုံးစေဘဲ အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနိုင်ရန်  

ရက်သတ္တပတ် ၇ ပတ်လုံးကို အပတ်စဉ်ထောက်ရှု့ချက် အတိုလေးများဖြင့် ဝေမျှပေးလိုက်ပါတယ် 

  • ပထမ အပတ် (၁) – ယေဇူးခရစ်တော် ရှင်ပြန်ထမြောက်သော တနင်္ဂနွေနေ့ (ဝမ်းမြောက်ခြင်းနှင့် အသက်တာသစ်) ဧဝံဂေလိကျမ်းများရှိ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ဖတ်ပါ။ သင်ကိုယ်တိုင် အလောင်းမရှိဗလာဖြစ်နေသောဂူသင်္ချိုင်းရှေ့တွင် ရှိနေသည်ဟု စိတ်ကူးကြည့်ပါ။ ဘုရားရှင်၏ရှင်ပြန်ထမြောက်ခြင်းဖြစ်သော အီစတာ၏ဝမ်းမြောက်ခြင်းကို ခံစားပါ။ ဆုတောင်းချက် – အို ယေဇူးဘုရား၊ ကျွန်ုပ်အား ရှင်ပြန်ထမြောက်ခြင်း၏ သားသမီးတစ်ဦးအဖြစ် ယနေ့ ရှင်သန်နိုင်အောင် ကူညီပါ။ ကျွန်ုပ်၏နှလုံးသားကို ကိုယ်တော်၏ဝမ်းမြောက်ခြင်းနှင့် ပြည့်စေပါ။
  • အီစတာ ကာလ ဒုတိယ အပတ် – သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း (ယုံကြည်ခြင်းနှင့် ကရုဏာ)ဘုရားသခင်၏ ကရုဏာတော်နှင့် တပည့်တော်များထံ ယေဇူးခရစ်တော် ကိုယ်ထင်ရှားပြခြင်းအကြောင်းကို ထောက်ရှု့ဆင်ခြင်ပါ။ ဆုတောင်းချက် – အို ယေဇူးဘုရား၊ ကိုယ်တော်ကို ကျွန်ုပ်ယုံကြည်ကိုးစားပါသည်။ ကျွန်ုပ်အား ခွင့်လွှတ်တတ်ရန်နှင့် ကိုယ်တော်၏ကရုဏာတော်ကို လွတ်လပ်စွာခံယူတတ်ရန် သွန်သင်ပေးပါ။
  • အီစတာကာလ တတိယ အပတ် (၃) – ရှင်ပြန်ထမြောက်တော်မူသော ယေဇူး ခရစ်တော် နှင့်အတူ လမ်းလျှောက်ခြင်း (ခရစ်တော်ကို အသိအမှတ်ပြုခြင်း) ဧမောက်ကိုသွားသောလမ်းပေါ်ရှိ တပည့်တော်များအကြောင်းကို ထောက်ရှု စဉ်းစားပါ။ သင်၏နေ့စဉ်ဘဝထဲတွင် ခရစ်တော်ကို ရှာဖွေပါ။ ဆုတောင်းချက် – အရှင်ဘုရား၊ ကျွန်ုပ်၏ဘဝတွင် ကိုယ်တော်အလုပ်လုပ်နေသည်ကို မြင်နိုင်ရန် ကျွန်ုပ်၏မျက်စိကို ဖွင့်ပေးပါ။
  • အီစတာကာလစတုတ္ထ အပတ် (၄) – ကောင်းသောသိုးထိန်း (ဘုရားသခင်၏ လမ်းပြမှုကို ယုံကြည်ခြင်း) သင့်ဘဝ လမ်းခရီးကို ရှင်းလင်းစွာ မမြင်ရသည့်တိုင် ယေဇူးခရစ်တော်သည် သင့်ကို မေတ္တာဖြင့် လမ်းပြနေသည်။ ဆုတောင်းချက် – အို ယေဇူးဘုရား၊ ကျွန်ုပ်ကို လမ်းပြပါ။ အခြားအသံများထက် ကိုယ်တော်၏စကားသံကို ယုံကြည်ကိုးစားနိုင်ရန် ကူညီပါ။
  • အီစတာကာလ ပဥ္စမ အပတ် (၅) – မေတ္တာသည် အရာခပ်သိမ်းကို ပြောင်းလဲစေသည် (ယေဇူးခရစ်တော်ကဲ့သို့ ချစ်ခြင်း) စိတ်ရှည်မှုကို ရွေးချယ်ပါ။ ကြင်နာမှုကိုပြပါ။ ခွင့်လွှတ်ခြင်းကို ကျင့်သုံးပါ။ ဆုတောင်းချက် – အို အရှင်ဘုရား၊ ကျွန်ုပ်၏နှလုံးသားကို ကိုယ်တော်၏နှလုံးသားနှင့် တူညီစေပါ။ အကန့်အသတ်မရှိ ချစ်တတ်ရန် သွန်သင်ပေးတော်မူပါ။
  • အီစတာကလ ဆဠမ အပတ် (၆) – ယေဇူးသခင် ကောင်းကင်သို့ တက်ကြွခြင်း (မျှော်လင့်ချက်နှင့် ကောင်းကင်ဘုံ) ယေဇူးခရစ်တော်သည် ခမည်းတော်ထံ ပြန်သွားသော်လည်း… ကိုယ်တော်သည် သင့်ကို ဘယ်တော့မှ တစ်ယောက်တည်း ထားရစ်မည်မဟုတ်ပါ။ ဆုတောင်းချက် – အိုယေဇူး ဘုရား၊ ကောင်းကင်ဘုံသည် ကျွန်ုပ်၏အိမ်ဖြစ်ပြီး ကိုယ်တော်သည် ကျွန်ုပ်နှင့် အမြဲရှိနေကြောင်း သတိရပါ။
  • အီစတာကလ သတ္တမ အပတ် (၇) – ဆုတောင်းလျက် စောင့်ဆိုင်းခြင်း (ယုံကြည်ခြင်းနှင့် မျှော်လင့်ချက်) တမန်တော်များ စောင့်ဆိုင်းဆုတောင်းခဲ့သလို ကျွန်ုပ်တို့လည်း ထိုသို့ပြုကြမည်။ ဆုတောင်းချက် – အို သန့်ရှင်းသောဝိညာဉ်တော်ဘုရား၊ ကျွန်ုပ်၏နှလုံးသားကို ပြင်ဆင်ပေးပါ။ ကိုယ်တော်ကြွလာရန် ကျွန်ုပ်အသင့်ရှိပါသည်။
  • ပင်တေကော့စ် တနင်္ဂနွေ – သန့်ရှင်းသောဝိညာဉ်တော် ကြွလာတော်မူပါ (အသစ်ပြုပြင်ခြင်းနှင့် သာသနာပြုခြင်း)ဆုတောင်းချက် – အို သန့်ရှင်းသောဝိညာဉ်တော် ကြွလာတော်မူပါ။ ကျွန်ုပ်၏နှလုံးသားကို ပြည့်စေပြီး ကိုယ်တော့်အတွက် ကျွန်ုပ်၏ဝိညာဉ် ကို ချစ်ခြင်းမေတ္တာမီးတောက်စေတော်မူပါ။

ဓမ္မမိတ်ဆွေ အီစတာကာလမှာ မလောပါနှင့်။ အီစတာကို အချိန်ပေးပါ။ ခံစားပါ။ သင့်ကို သင် ပြောင်းလဲစေပါ။ အဘယ်ကြောင့်ဆိုသော် ရှင်ပြန်ထမြောက်ခြင်း၏ ဝမ်းမြောက်ခြင်းသည် တစ်ရက်တည်းအတွက်မဟုတ်ဘဲ—သင်၏ ဘဝတစ်ခုလုံးကို ပုံဖော်ပေးရန် အတွက်ဖြစ်လို့ပါ။ ။ 

Fr. Peter Kyi Maung

rvamyanmar
rvamyanmar
Articles: 3878

Leave a Reply

Your email address will not be published. Required fields are marked *