ဝါတွင်းကာလအတွက် ပုပ်ရဟန်းမင်းကြီး၏ သတင်းစကား။

ချစ်လှစွာသော ညီအစ်ကို မောင်နှမအပေါင်းတို့ –

ဝါတွင်းကာလဆိုသည်မှာ မိခင်သဖွယ် ဂရုစိုက်စောင့်ရှောက်တတ်သော အသင်းတော်၏ လမ်းညွှန် မှုဖြင့် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို အသစ်တဖန် ပြုပြင်ရန်နှင့် နေ့စဉ်ဘဝ၏ စိုးရိမ်ပူပန်မှုများ၊ စိတ်ပျံ့လွင့် မှုများကြားတွင်ကျွန်ုပ်တို့၏ စိတ်နှလုံးများ နစ်မွန်းမသွားစေရန်အတွက် ဘုရားသခင်၏ နက်နဲရာကို ကျွန်ုပ်တို့ဘဝ၏ ဗဟိုချက်သို့ ပြန်လည်ပို့ဆောင်ရန် ဖိတ်ခေါ်သော အချိန်ကာလဖြစ်ပါသည်။

နောင်တရပြောင်းလဲခြင်းသို့ ဦးတည်သော လမ်းစဉ်တိုင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မိမိတို့၏ စိတ်နှလုံးအား ထိတွေ့ခွင့်ပြုခြင်းနှင့် ထိုနှုတ်ကပတ်တော်ကို နူးညံ့သိမ်မွေ့သော စိတ်ဝိညာဉ်ဖြင့် ကြိုဆိုလက်ခံခြင်းမှ စတင်ပါသည်။ နှုတ်ကပတ်တော်ကို လက်ခံခြင်းနှင့် ထိုသို့လက်ခံခြင်းကြောင့် ဖြစ် ပေါ်လာသော ပြုပြင်ပြောင်းလဲမှုတို့အကြား ဆက်နွှယ်မှုတစ်ခု ရှိနေပါသည်။

ထို့ကြောင့် ဝါတွင်းကာလ ခရီးစဉ်သည် သခင်ဘုရား၏ အသံတော်ကို နားထောင်ရန်နှင့် ခရစ်တော်၏ နောက်သို့ လိုက်ရန်ဖြစ်သော ကျွန်ုပ်တို့၏ ကတိကဝတ်ကို အသစ်တဖန်ပြုရန် ရရှိသော အခွင့်ကောင်း တစ်ခု ဖြစ်ပါသည်။ ခရစ်တော်၏ ဒုက္ခစရိယာ၊ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း နက်နဲရာများ ပြည့်စုံမည့် ဂျေရုဆလင်မြို့သို့ သွားရာလမ်းတွင် ကိုယ်တော်နှင့်အတူ လိုက်ပါကြပါစို့။

နားထောင်ခြင်း

ယခုနှစ်တွင် ကျွန်ုပ်တို့သည် နားထောင်ခြင်း မှတစ်ဆင့် နှုတ်ကပတ်တော်အတွက် နေရာဖန်တီးပေးရန် အရေးကြီးပုံကို ပထမဦးစွာ ထောက်ရှု့စေလိုပါသည်။ နားထောင်လိုသော ဆန္ဒရှိခြင်းသည် တစ်စုံ တစ်ဦး နှင့် ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်လိုသည့် ကျွန်ုပ်တို့၏ ဆန္ဒကို ဖော်ပြသည့် ပထမဆုံးသော နည်းလမ်းဖြစ်ပါသည်။

လောင်ကျွမ်းနေသော ချုံပုတ်ထဲတွင် မိုးဇယ်ထံ ကိုယ်တော်တိုင် ထင်ရှားပြသရာ၌ ဘုရားသခင်သည် “နားထောင်ခြင်း”ကို ကိုယ်တော်၏ ထူးခြားသော ဝိသေသတစ်ခုဖြစ်ကြောင်း သင်ကြားပေးခဲ့သည် – “အီဂျစ်ပြည်၌ရှိသော ငါ၏လူတို့ ခံရသော ညှဉ်းဆဲခြင်းကို ငါသည် အမှန်မြင်ရပြီ။ … သူတို့ အော် ဟစ်သံ ကိုလည်း ငါကြားရပြီ” (ထွက် ၃:၇)။ ဖိနှိပ်ခံရသူတို့၏ အော်ဟစ်သံကို ကြားရခြင်းသည် လွတ် မြောက် ခြင်းသမိုင်း၏ အစပြုခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် သခင်ဘုရားသည် မိုးဇယ်ကို ခေါ်ယူကာ ကျွန်အဖြစ် ရောက်ရှိနေသော သားသမီးများအတွက် ကယ်တင်ခြင်းလမ်းကို ဖွင့်လှစ်ပေးရန် စေလွှတ်ခဲ့ပါသည်။

ကျွန်ုပ်တို့၏ ဘုရားသခင်သည် ကျွန်ုပ်တို့အား ပါဝင်ပတ်သက်စေလိုသော အရှင်ဖြစ်ပါသည်။ ယနေ့တိုင် ကိုယ်တော်၏ စိတ်နှလုံးထဲ၌ ရှိသောအရာများကို ကျွန်ုပ်တို့နှင့် ဝေမျှနေပါသည်။ ထို့ကြောင့် ဝတ်ပြု ကိုးကွယ်ခြင်းတွင် နှုတ်ကပတ်တော်ကို နားထောင်ခြင်းသည် လက်တွေ့ဘဝ၏ အမှန်တရားကို နား ထောင်တတ်ရန် သင်ကြားပေးပါသည်။ ကျွန်ုပ်တို့၏ ကိုယ်ပိုင်ဘဝနှင့် လူမှုပတ်ဝန်းကျင်တွင် ရှိနေသော အသံပေါင်းများစွာကြား၌ သန့်ရှင်းသော ကျမ်းစာတော်မြတ်သည် ပူဆွေးသောကရောက်နေသူများနှင့် ဒုက္ခရောက်နေသူတို့၏ ဟစ်ကြွေးသံကို ခွဲခြားသိမြင်ရန်နှင့် တုံ့ပြန်ရန် ကျွန်ုပ်တို့ကို ကူညီပေးပါသည်။ ဤကဲ့သို့ နားထောင်ခြင်းအတွက် စိတ်နှလုံးဖွင့်ဟမှုကို ပျိုးထောင်ရန် ဘုရားသခင် နားထောင်သကဲ့သို့ နားထောင်တတ်ရန် ကိုယ်တော်ထံ၌ သင်ယူရမည်ဖြစ်သည်။ “ဆင်းရဲသားတို့၏ အခြေအနေသည် လူသားမျိုးနွယ် သမိုင်းတစ်လျှောက်တွင် ကျွန်ုပ်တို့၏ ဘဝများ၊ လူမှုအသိုင်းအဝိုင်းများ၊ နိုင်ငံရေးနှင့် စီးပွားရေး စနစ်များသာမက အသင်းတော်ကိုပါ စဉ်ဆက်မပြတ် စိန်ခေါ်နေသော အော်ဟစ် သံတစ်ခု ဖြစ်ကြောင်း” ကျွန်ုပ်တို့ အသိအမှတ်ပြုရပါမည်။

အစာရှောင်ခြင်း

ဝါတွင်းကာလသည် နားထောင်ခြင်းအတွက် အချိန်ဖြစ်ပါက၊ အစာရှောင်ခြင်း သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ခံရယူရန် မိမိကိုယ်ကို ပြင်ဆင်သည့် လက်တွေ့ကျသော နည်းလမ်းတစ်ခု ဖြစ်ပါသည်။ အစာရှောင်ခြင်းသည် နောင်တရပြောင်းလဲခြင်း လမ်းစဉ်တွင် မရှိမဖြစ်လိုအပ်သော ရှေးကျသော ဝိညာဉ်ရေးရာ ကျင့်စဉ်တစ်ခုဖြစ်ပါသည်။ ခန္ဓာကိုယ်နှင့် တိုက်ရိုက်သက်ဆိုင်သောကြောင့် အစာရှောင်ခြင်းသည် ကျွန်ုပ်တို့ အမှန်တကယ် ဘာကို “ဆာလောင်” နေသနည်း၊ ကျွန်ုပ်တို့၏ အသက် ရှင်ရပ်တည်မှုအတွက် ဘာကို မရှိမဖြစ်လိုအပ်သည်ဟု မှတ်ယူထားသနည်းဆိုသည်ကို ပိုမိုသိမြင် စေပါ သည်။ ထို့အပြင် ၎င်းသည် ကျွန်ုပ်တို့၏ “အလိုရမ္မက်တပ်မက်မှုများ” ကို ခွဲခြားသိမြင်ပြီး စနစ်တကျ ဖြစ်စေရန် ကူညီပေးကာ၊ တရားမျှတမှုအတွက် ဆာလောင်ငတ်မွတ်မှုကို ရှင်သန်စေပြီး ရောင့်ရဲတင်း တိမ်နေမှုများမှ ကင်းဝေးစေပါသည်။ ထို့ကြောင့် ၎င်းသည် ဆုတောင်းရန်နှင့် အိမ်နီးချင်းအပေါ် တာဝန် သိစွာ လုပ်ဆောင်ရန် သင်ကြားပေးပါသည်။

စိန့်ဩဂတ်စတင်းသည် ယခုလက်ရှိ အချိန်နှင့် အနာဂတ်တွင် ပြည့်စုံလာမည့်အရာများအကြား ရှိနေ သော တွန်းအားကို နားလည်စေရန် ဝိညာဉ်ရေးရာ အမြင်ဖြင့် ဤသို့ဆိုခဲ့သည် – “လောကီဘဝတွင် လူတို့သည် တရားမျှတမှုကို ဆာလောင်ငတ်မွတ်ရန် တာဝန်ရှိသော်လည်း၊ ပြည့်စုံတင်းတိမ်ခြင်းမှာမူ နောင်ဘဝတွင်သာ ဖြစ်ပေလိမ့်မည်။ ကောင်းကင်တမန်များသည် ဤမုန့်၊ ဤအစာဖြင့် တင်းတိမ် ကြသော်လည်း၊ လူသားမျိုးနွယ်မှာမူ ၎င်းကို ဆာလောင်နေကြသည်။ ကျွန်ုပ်တို့အားလုံးသည် ကျွန်ုပ်တို့ ၏ အလိုဆန္ဒဖြင့် ၎င်းကို တောင့်တနေကြသည်။ ဤကဲ့သို့ တောင့်တခြင်းက ဝိညာဉ်ကို ကျယ်ပြန့်စေပြီး ၎င်း၏ စွမ်းဆောင်ရည်ကို တိုးပွားစေသည်” ဟု ဆိုပါသည်။ ဤရှုထောင့်မှ ကြည့်လျှင် အစာရှောင် ခြင်းသည် ကျွန်ုပ်တို့၏ အလိုဆန္ဒကို ထိန်းချုပ်ရန်၊ သန့်စင်ရန်နှင့် ပိုမိုလွတ်လပ်စေရန် ခွင့်ပြုရုံသာမက၊ ဘုရားသခင်ထံသို့ ဦးတည်ရန်နှင့် ကောင်းမှုပြုရန်အတွက် ထိုဆန္ဒကို ပိုမိုကျယ်ပြန့်စေပါသည်။

သို့သော်လည်း ဧဝံဂေလိတရားနှင့်အညီ အစာရှောင်ခြင်းကို ကျင့်သုံးရန်နှင့် မာနထောင်လွှားခြင်းသို့ ဦးတည်စေသော သွေးဆောင်မှုကို ရှောင်ရှားရန်အတွက်၊ ၎င်းကို ယုံကြည်ခြင်းနှင့် နှိမ့်ချခြင်းတို့ဖြင့် ရှင်သန်နေထိုင်ရပါမည်။ ၎င်းသည် သခင်ဘုရားနှင့် တစ်လုံးတစ်ဝတည်းရှိခြင်းအပေါ် အခြေခံရ မည်ဖြစ် သည်။ အကြောင်းမှာ “ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် မိမိကိုယ်ကို မကျွေးမွေးနိုင်သူများသည် ကောင်းမွန်စွာ အစာရှောင်သူများ မဟုတ်ကြချေ” ။ ကျေးဇူးတော်၏ အကူအညီဖြင့် အပြစ်နှင့် မကောင်း မှုများမှ လွှဲဖယ်ရန် ကျွန်ုပ်တို့၏ စိတ်တွင်းကတိကဝတ်ကို ပြသသည့် မြင်သာသော လက္ခဏာ တစ်ခု အဖြစ်၊ အစာရှောင်ခြင်းတွင် ပိုမိုရိုးရှင်းသော လူနေမှုပုံစံကို ရရှိစေရန် ရည်ရွယ်သည့် အခြားသော မိမိကိုယ်ကို ငြင်းပယ်ခြင်း ပုံစံများလည်း ပါဝင်ရပါမည်။ အဘယ်ကြောင့်ဆိုသော် “ရိုးရှင်းသောခြိုး ခြံမှုတစ်ခုတည်းကသာ ခရစ်ယာန်ဘဝကို ခိုင်မာစေပြီး စစ်မှန်စေသောကြောင့်ဖြစ်သည်” ။

ဤကိစ္စနှင့် ပတ်သက်၍ ကျွန်ုပ်တို့၏ အိမ်နီးချင်းကို စော်ကားထိခိုက်စေသော စကားများကို ရှောင်ကြဉ် ခြင်းဟူသော အလွန်လက်တွေ့ကျသော်လည်း လျစ်လျူရှုခံရလေ့ရှိသော အစာရှောင်ခြင်း ပုံစံတစ်ခုကို ပြုလုပ်ရန် ကျွန်ုပ်တို့အား ဖိတ်ခေါ်လိုပါသည်။ ကျွန်ုပ်တို့၏ ပြောဆိုဆက်ဆံမှုတွင် ကြမ်းတမ်း သော စကားများနှင့် စောစီးစွာ ဝေဖန်စီရင်မှုများကို ရှောင်ကြဉ်ခြင်း၊ ကောလာဟလဖြန့်ခြင်းနှင့် ကွယ်ရာတွင် အတင်းပြောခြင်းတို့ကို ရှောင်ကြဉ်ခြင်းဖြင့် စတင်ကြပါစို့။

ယင်းအစား ကျွန်ုပ်တို့၏စကားများကို ဆင်ခြင်ရန်နှင့် မိသားစုများ၊ သူငယ်ချင်းများ၊ လုပ်ငန်းခွင်၊ လူမှုကွန်ရက်များ၊ နိုင်ငံရေး ဆွေးနွေးပွဲများ၊ မီဒီယာများနှင့် ခရစ်ယာန် လူမှုအသိုင်းအဝိုင်းများကြားတွင် ကြင်နာမှုနှင့် လေးစားမှုကို ပျိုးထောင်ရန် ကြိုးပမ်းကြပါစို့။ ဤနည်းဖြင့် မုန်းတီးခြင်းစကားများအစား မျှော်လင့်ခြင်းနှင့် ငြိမ်းချမ်းခြင်းစကားများက နေရာယူလာမည်ဖြစ်သည်။

အတူတကွ

နောက်ဆုံးအနေဖြင့်၊ ဝါတွင်းကာလသည် နှုတ်ကပတ်တော်ကို နားထောင်ခြင်းနှင့် အစာရှောင်ခြင်းတို့၏ အတူတကွစုပေါင်းလုပ်ဆောင်ခြင်းကဏ္ဍကို အလေးပေးပါသည်။ သမ္မာကျမ်းစာကိုယ်တိုင်က ဤကဏ္ဍ ကို နည်းလမ်းများစွာဖြင့် အလေးပေးဖော်ပြထားပါသည်။ ဥပမာအားဖြင့်၊ နေဟမိယကျမ်းတွင် လူ အများစုပေါင်း၍ ပညတ်တော်ကျမ်းကို နားထောင်ကြပုံ၊ ယုံကြည်ခြင်းကို ဝန်ခံရန်နှင့် အစာရှောင် ခြင်းဖြင့် ဘုရားသခင်နှင့် ပဋိညာဉ်ကို အသစ်ပြုရန် ပြင်ဆင်ကြပုံတို့ကို ဖော်ပြထားပါသည်။

ထို့အတူ ကျွန်ုပ်တို့၏ သာသနာ့နယ်မြေများ၊ မိသားစုများ၊ အသင်းတော်အဖွဲ့အစည်းများနှင့် ဘာသာရေး လူမှုအသိုင်းအဝိုင်းများသည် ဝါတွင်းကာလအတွင်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားထောင် ခြင်းသာမက၊ ဆင်းရဲသားများနှင့် ကမ္ဘာမြေ၏ အော်ဟစ်သံကိုပါ နားထောင်ခြင်းသည် ကျွန်ုပ်တို့၏ အသိုင်းအဝိုင်းဘဝ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာစေရန်နှင့် အစာရှောင်ခြင်းသည် စစ်မှန်သော နောင် တရခြင်းအတွက် အခြေခံအုတ်မြစ် ဖြစ်လာစေရန်အတွက် အတူတကွ ခရီးစတင်ရန် ခေါ်ယူခြင်း ခံရပါသည်။ ဤအခြေအနေတွင် နောင်တပြောင်းလဲခြင်းဆိုသည်မှာ မိမိ၏ အသိစိတ်အတွက်သာမက၊ ကျွန်ုပ်တို့၏ ဆက်ဆံရေးနှင့် ဆွေးနွေးပြောဆိုမှုများ၏ အရည်အသွေးကိုပါ ဆိုလိုပါသည်။ ၎င်းသည် လက်တွေ့ဘဝ၏ စိန်ခေါ်မှုကို ခံယူခြင်းနှင့် ကျွန်ုပ်တို့၏ အလိုဆန္ဒများကို အမှန်တကယ် လမ်းညွှန် နေသောအရာမှာ အဘယ်နည်းဆိုသည်ကို အသိအမှတ်ပြုခြင်း ဖြစ်ပါသည်။

ချစ်မိတ်ဆွေတို့၊ ဘုရားသခင်နှင့် ကျွန်ုပ်တို့ကြားရှိ အနိမ့်ကျဆုံးသော သူများအပေါ် ပိုမိုဂရုပြု တတ် စေမည့် ဝါတွင်းကာလ ကျေးဇူးတော်ကို တောင်းခံကြပါစို့။ ပြောဆိုသော စကားများတွင်လည်း အစာ ရှောင်ခြင်းကို ကျင့်သုံးနိုင်ရန် ခွန်အားကို တောင်းခံကြပါစို့။ သို့မှသာ နာကျင်စေသော စကားများ လျော့နည်းသွားပြီး အခြားသူတို့၏ အသံများအတွက် နေရာပိုမို ရရှိလာမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းများတွင် ဒုက္ခရောက်နေသူတို့၏ အော်ဟစ်သံကို ကြိုဆိုသောနေရာများ ဖြစ်လာစေ ရန်နှင့်၊ နားထောင်ခြင်းက လွတ်မြောက်ခြင်းလမ်းကို ဖွင့်လှစ်ပေးကာ မေတ္တာတရား ထွန်းကားသော ကမ္ဘာကြီးကို တည်ဆောက်ရာတွင် ပါဝင်ရန် အသင့်ရှိနေကြပါစို့။

သင်တို့အားလုံးနှင့် သင်တို့၏ ဝါတွင်းကာလ ခရီးစဉ်အပေါ် စိတ်နှလုံးအကြွင်းမဲ့ ကောင်းချီးမင်္ဂလာကို ပေးသနားလိုက်ပါသည်။

Website: rvamyanmar.org

www.youtube.com/@rvamyanmar8152

#rvamyanmar

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *