
ကျွန်ုပ်တို့၏ ကမ္ဘာလောကနှင့် မိသားစုများတွင် ငြိမ်းချမ်းရေးရရှိရန် ဆုတောင်းကြပါ။

၂၀၂၆ ခုနှစ်၏ ပထမဦးဆုံးသော လူထုတွေ့ဆုံခြင်း အိန်ဂျလုစ် (Angelus) မေတ္တာဆိုခြင်း အစီအစဉ်တွင် ပုပ်ရဟန်းမင်းကြီး လီယိုက ဂျူဘလီနှစ် (Jubilee) သည် ကမ္ဘာသစ်တစ်ခုအတွက် မျှော်လင့်ချက်ကို မည် သို့ပျိုးထောင်ရမည်ကို ကျွန်ုပ်တို့အား သင်ကြားပေးခဲ့ကြောင်း သတိပေးခဲ့ပြီး၊
ပုပ်ရဟန်းမင်းကြီး လီယိုက “ပထမဦးစွာ ပဋိပက္ခနှင့် ဆင်းရဲဒုက္ခများကြောင့် သွေးမြေကျနေရသည့် နိုင်ငံ များအကြားတွင်လည်းကောင်း၊ ထို့ပြင် အကြမ်းဖက်မှုနှင့် နာကျင်မှုများကြောင့် ဒဏ်ရာရနေသော ကျွန်ုပ် တို့၏ အိမ်ထောင်စုများနှင့် မိသားစုများအတွင်း၌လည်းကောင်း” ငြိမ်းချမ်းရေးအတွက် အတူတကွ ဆု တောင်းကြရန် ဘာသာသူများအား တိုက်တွန်းခဲ့သည်။
ရဟန်းမင်းကြီးက နှစ်သစ်ကူးရောက်ရှိလာခြင်းနှင့်အတူ “ထာဝရဘုရားသည် လူမျိုးတကာတို့အကြား ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရင်းနှီးမှုခေတ်ကို နောက်ဆုံးတွင် အစပျိုးပေးခြင်းဖြင့် ကျွန်ုပ်တို့၏ ခေတ်ကာ လကို အသစ်တဖန်ဖြစ်စေရန် ဖိတ်ခေါ်နေသည်” ဟု မိန့်ကြားခဲ့သည်။
ဘုရားသခင်ထံ စိတ်နှလုံးပြောင်းလဲခြင်းဖြင့် မျှော်လင့်ချက်ကို ပျိုးထောင်ပါ
ပုပ်ရဟန်းမင်းကြီး လီယိုက ဆက်လက်၍ ဂျူဘီလီနှစ်သည် ကျွန်ုပ်တို့အား “အမှားများကို ခွင့်လွှတ်ခြင်း အဖြစ်သို့လည်းကောင်း၊ နာကျင်မှုကို နှစ်သိမ့်မှုအဖြစ်သို့လည်းကောင်း၊ သီလရှိသော ဆုံးဖြတ် ချက်များ ကို ကောင်းမှုကုသိုလ်များအဖြစ်သို့လည်းကောင်း ပြောင်းလဲနိုင်ရန်အတွက် ကျွန်ုပ်တို့၏ စိတ်နှလုံးကို ဘုရားသခင်ထံ ပြောင်းလဲခြင်း” အားဖြင့် “ကမ္ဘာသစ်တစ်ခုအတွက် မျှော်လင့်ချက်ကို မည်သို့ပျိုးထောင် ရမည်နည်း” ဟူသည်ကို သင်ကြားပေးခဲ့ကြောင်း မိန့်ကြားခဲ့သည်။
သန့်ရှင်းသော ဘုရားသခင်၏မယ်တော် မာရိယာ၏ ပွဲနေ့အဖြစ် ဆင်နွှဲသည့် ယနေ့တွင် အသင်းတော်က ကျွန်ုပ်တို့အား “အမိမယ်တော်သည် ခရစ်တော်၏ နှလုံးခုန်သံကို ပထမဆုံး ခံစားခဲ့ရသူ” ဖြစ်သည့် မယ်တော်ကို မျှော်ကြည့်ရန် ဖိတ်ခေါ်နေကြောင်း ပုပ်ရဟန်းမင်းကြီးက ဆိုသည်။
ခရစ်တော်၏နှလုံးသားသည် လူသားတိုင်းအတွက် ခုန်လှုပ်နေသည်
မာရိ၏နှလုံးသားနှင့် ကျွန်ုပ်တို့၏နှလုံးသားကို အစဉ်အမြဲ သိရှိတော်မူသော ဘုရားသခင်သည် လူသား အဖြစ်ကို ခံယူခြင်းဖြင့် ကိုယ်တော်၏နှလုံးသားကို သိစေတော်မူကြောင်း ရှင်းပြခဲ့သည်။ “ထို့ကြောင့် ယေဇူး၏နှလုံးသားသည် လူကောင်းရော လူဆိုးပါမကျန် လူသားတိုင်းအတွက် ခုန်လှုပ်နေပါသည်” ဟု ဆိုသည်။
“၎င်းသည် ဖြောင့်မတ်သူများအတွက် သူတို့၏ ဆက်ကပ်အပ်နှံမှုတွင် ဆက်လက်တည်မြဲနိုင်စေရန် ခုန် လှုပ်နေသကဲ့သို့၊ မဖြောင့်မတ်သူများအတွက်လည်း ၎င်းတို့၏ဘဝကို ပြောင်းလဲပြီး ငြိမ်းချမ်းရေးကို ရှာ ဖွေနိုင်စေရန် ခုန်လှုပ်နေခြင်းဖြစ်သည်” ဟု မိန့်ကြားခဲ့သည်။
ပုပ်ရဟန်းမင်းကြီး လီယိုက “သူငယ်တော်သည် အသန့်ရှင်းဆုံးသော မယ်တော်မာရိယာတွင် တောက် ပနေပြီး၊ မမွေးဖွားသေးသော ကလေးငယ်တိုင်းတွင် ထင်ဟပ်နေကာ ကျွန်ုပ်တို့၏ လူသားဆန်မှုတွင် ခတ်နှိပ်ထားသော ဘုရားသခင်၏ ပုံသဏ္ဌာန်ကို ဖော်ပြနေသည့်” လူသားအဖြစ် လူ့ဇာတိခံယူခြင်း (Incarnation) နက်နဲရာကို ကိုးကွယ်ဆည်းကပ်ကြရန် ဖိတ်ခေါ်ခဲ့သည်။
ပုပ်ရဟန်းမင်းကြီးသည် သူ၏ အိန်ဂျလုစ် သတင်းစကားကို နိဂုံးချုပ်ရာတွင် ဘာသာသူများအား “ဘုရားသခင်၏မယ်တော်နှင့် အသင်းတော်၏မယ်တော်ဖြစ်သော မာရိယာ၏ ကြားဝင်ဆု တောင်းပေး မှုကို ယုံကြည်စိတ်ချစွာ အသနားခံကြရန်” ဖိတ်ခေါ်ခဲ့သည်။
Fr. Peter Kyi Maung

