မနက်မိုးလင်းလို့ အိပ်ရာက နိုးလာတဲ့အခါ အဆင်သင့်ဖြစ်နေတဲ့ မနက်စာ၊ အလုပ်သွားခါနီး သေသေချာချာ မီးပူတိုက်ထားတဲ့ အဝတ်အစား၊ ညဘက် အိမ်ပြန်ရောက်တဲ့အခါ နွမ်းနယ်သမျှ ပြေပျောက်သွားစေမယ့် ထမင်းပွဲ၊ ဒီလိုအရာတွေဟာ လူတော်တော်များများအတွက်တော့ နေ့စဉ်ဘဝရဲ့ သာမန်အစိတ်အပိုင်းတွေ ဖြစ်နေတတ်ပါတယ်။
ဒါဟာ အမေ့ရဲ့ တာဝန်၊ ဒါဟာ ဇနီးသည်ရဲ့ ဝတ္တရား ဆိုပြီး အလွယ်တကူ သတ်မှတ်လိုက်ကြတယ်။ အဲဒီနောက်ကွယ်က မေတ္တာနဲ့ အပင်ပန်းခံမှုတွေကိုတော့ မကြာခဏ မေ့လျော့နေတတ်ကြပါတယ်။
အိမ်က ထမင်းဟင်းဆိုတာ “အဆင်သင့်” ဖြစ်နေတတ်တာ မဟုတ်ပါဘူး။ တစ်ယောက်ယောက်က အချိန်ပေးပြီး ဈေးသွားရတယ်၊ စဉ်းစားပြီး ချက်ပြုတ်ရတယ်၊ ပင်ပင်ပန်းပန်း ပြင်ဆင်ပေးရတာပါ။ ကိုယ်ဝတ်သွားတဲ့ အဝတ်အစားတွေ သန့်ရှင်းသပ်ရပ်နေတာဟာ တစ်ယောက်ယောက်က ညဘက် ဒါမှမဟုတ် မနက်စောစော အချိန်ပေးပြီး လျှော်ဖွပ်မီးပူတိုက်ပေးထားလို့ပါ။
ကိုယ်တွေကတော့ ဒါတွေကို ရပိုင်ခွင့်တစ်ခုလို သဘောထားပြီး “ဒါလေးက ပေါ့တယ်၊ ဟိုဟာလေးက ငန်နေတယ်” ဆိုပြီး လိုတာလေးတွေကိုပဲ အရင်ပြောတတ်ကြတယ်။ “ပင်ပန်းနေပြီလား” လို့ မမေးမိခင်၊ “ကျေးဇူးတင်ပါတယ်” လို့ မပြောမိခင်မှာပေါ့။
လူ့သဘာဝကလည်း ထူးဆန်းပါတယ်။ ကိုယ့်အနားမှာ အမြဲရှိနေတဲ့သူတွေရဲ့ တန်ဖိုးကို သိပ်အသိအမှတ်မပြုမိတတ်ကြဘူး။ သူတို့ရဲ့ ကောင်းကွက်တွေထက် လိုအပ်ချက်တွေကို ပိုမြင်တတ်ကြတယ်။
သူငယ်ချင်းတစ်ယောက်က ကိုယ့်အတွက် အမြဲတမ်း အချိန်ပေးတယ်၊ နားထောင်ပေးတယ် ဆိုတာထက် တစ်ခါလောက် ဖုန်းမကိုင်မိတာကို ပိုအပြစ်မြင်တတ်တယ်။ ကိုယ့်လက်တွဲဖော်က ကိုယ့်အတွက် နေ့စဉ် အရာရာကို ဂရုစိုက်ပေးနေတာကို မမြင်ဘဲ သူစိတ်တိုပြီး ပြောလိုက်တဲ့ စကားတစ်ခွန်းကိုပဲ တစ်သက်လုံး မှတ်ထားတတ်ကြတယ်။
တကယ်တော့ “ကျေးဇူးတင်ပါတယ်” ဆိုတဲ့ စကားတစ်ခွန်းဟာ ပိုက်ဆံကုန်တဲ့အရာ မဟုတ်ပေမဲ့ ဆက်ဆံရေးတွေအတွက် အင်မတန် တန်ဖိုးကြီးတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။
ဒီစကားတစ်ခွန်းက “မင်းငါ့အတွက် လုပ်ပေးနေတာတွေကို ငါမြင်ပါတယ်၊ အသိအမှတ်ပြုပါတယ်” ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်ပါတယ်။
ကိုယ့်ရဲ့အပင်ပန်းခံမှု၊ ကိုယ့်ရဲ့စေတနာကို တစ်ဖက်လူက တန်ဖိုးထားပေးတယ်ဆိုတဲ့ ခံစားချက်မျိုးက လူတစ်ယောက်ကို ဘယ်လောက်တောင် စိတ်အားတက်စေလဲဆိုတာ ခံစားဖူးသူတိုင်း သိပါတယ်။
လူတိုင်းဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ သေချာပေါက် ခွဲခွာကြရမှာပါ။ အဲဒီနေ့ကျမှ “အမြဲတမ်း ချက်ကျွေးခဲ့တာ ကျေးဇူးတင်ပါတယ် အမေရယ်”၊ “ကိုယ့်အတွက် ပင်ပန်းခဲ့ရတာတွေအတွက် ကျေးဇူးတင်ပါတယ်ချစ်သူရယ်” လို့ ပြောချင်ပေမယ့်လည်း အခွင့်အရေး ရှိချင်မှ ရှိတော့မှာပါ။ နောင်တဆိုတာ အမြဲတမ်း နောက်ကျပြီးမှ ရောက်လာတတ်တဲ့ ဧည့်သည်ဆိုးတစ်ယောက်လိုပါပဲ။
ဒါကြောင့် ကိုယ့်အနားမှာရှိတဲ့ မိဘ၊ လက်တွဲဖော်၊ မောင်နှမ၊ သူငယ်ချင်းတွေကို သူတို့ရဲ့ သေးငယ်တဲ့ ဂရုစိုက်မှုလေးတွေကအစ အသိအမှတ်ပြုပေးတတ်ဖို့ လိုပါတယ်။ ထမင်းစားပြီးတိုင်း “အရမ်းကောင်းတယ်၊ ကျေးဇူးပဲနော်” လို့ ပြောလိုက်တဲ့ စကားတစ်ခွန်းက ချက်ပြုတ်ပေးသူရဲ့ ပင်ပန်းသမျှကို ပြေပျောက်စေနိုင်ပါတယ်။
ကိုယ်အဆင်မပြေတဲ့အခါ နားထောင်ပေးတဲ့ သူငယ်ချင်းကို “မင်းရှိလို့ တော်သေးတာပေါ့ သူငယ်ချင်းရာ” လို့ ပြောလိုက်တာက သူတို့ရဲ့ မေတ္တာကို တန်ဖိုးထားရာ ရောက်ပါတယ်။
ဘဝမှာ အရေးအကြီးဆုံးအရာတွေဟာ အသေးအဖွဲလေးတွေလို့ ထင်ရတဲ့ နေ့စဉ်ဘဝရဲ့ ဂရုစိုက်မှုလေးတွေနဲ့ တည်ဆောက်ထားတာပါ။ ဒီအရာလေးတွေကို တန်ဖိုးထားကြောင်း၊ ကျေးဇူးတင်ကြောင်း ပါးစပ်ကနေ ထုတ်ဖော်ပြောဆိုခြင်းဟာ ဆက်ဆံရေးတိုင်းကို ပိုပြီး နွေးထွေးခိုင်မြဲစေပါတယ်။
ဒါကြောင့် အချိန်မလွန်ခင်၊ အတူရှိနေတုန်းမှာပဲ တစ်ယောက်ကိုတစ်ယောက် “ကျေးဇူးတင်ပါတယ်” လို့ မကြာခဏ ပြောဖြစ်အောင် ကြိုးစားကြည့်ကြရအောင်လား..။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *