
မတရားသော ရင်းနှီးမြှုပ်နှံမှုများသည် လူသားသန်းပေါင်းများစွာ၏ ‘သွေးစွန်းသော အသက်များ’ ဖြင့် ရင်းနှီးထားရခြင်းဖြစ်သည်
မငြိမ်မသက်ဖြစ်နေသော နှလုံးသားနှင့် စစ်မှန်သောရတနာ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) က အပတ်စဉ် လူထုတွေ့ဆုံခြင်း နှင့် ဘာသာတရားသင်ကြားချက်တွင် ကျွန်ုပ်တို့၏ နှလုံးသားသည် ဘုရားသခင်ထံ၌သာ စစ်မှန်သော ငြိမ်းချမ်းမှုကို ရှာဖွေနိုင်မည်ဖြစ်ပြီး၊ ကျွန်ုပ်တို့ကို အမြဲတစေ ကျေနပ် မှုမပေးနိုင်သော နေ့စဉ် “လုပ်ဆောင်မှုများ” ထဲ၌ ရှာမတွေ့နိုင်ကြောင်း ရှင်းလင်းမိန့်ကြားခဲ့သည်။
စိန့်ပီတာရင်ပြင်တွင် ပြုလုပ်သော ဗုဒ္ဓဟူးနေ့ လူထုတွေ့ဆုံခြင်း၌ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ယနေ့ခေတ်၏ အမြဲတမ်း အလုပ်ရှုပ်နေရမည်ဟူသော စွဲလမ်းမှုနှင့် “အရှိန်အဟုန်” ကို အသားပေးသည့် ဝါဒအပေါ် သတိပေးထားကာ အောက်ပါအချက်များကို ရှင်းလင်းမိန့်ကြားခဲ့သည် -လောကီရေးရာ တောင်းဆိုချက်များကို အာရုံစိုက်မည့်အစား ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းနှင့် ကျွန်ုပ်တို့၏ နေ့စဉ်ဘဝအပေါ် မည်သို့အကျိုးသက်ရောက်နိုင်သည်ကို အာရုံပြောင်းလဲရန် တိုက်တွန်းခဲ့သည်။
အလုပ်များခြင်း၏ ထောင်ချောက် – အမြဲတမ်း တစ်ခုခုလုပ်နေရမည်ဟူသော တွန်းအားသည် ကျွန်ုပ်တို့ ၏ စိတ်အေးချမ်းမှုကို လုယူသွားပြီး၊ ကျွန်ုပ်တို့အား နှလုံးသားရှိသော လူသားများအဖြစ်ထက် စက်ရုပ် များကဲ့သို့ ခံစားရစေသည့် ဝဲဂယက်တစ်ခုကို ဖန်တီးပေးသည်။
မတရားမှု၏ ပေးဆပ်ရမှု – ကမ္ဘာ့ငွေကြေးစနစ်များအပေါ် ပြင်းထန်စွာ ဝေဖန်ခဲ့ပြီး၊ အလွန်အမင်း ချမ်း သာကြွယ်ဝမှုများသည် လူသားများ၏ အသက်နှင့် သဘာဝပတ်ဝန်းကျင်ကို ရင်းနှီးဖျက်ဆီးပြီးမှ ရရှိလာ ခြင်းဖြစ်ကြောင်း ထောက်ပြခဲ့သည်။
ဖြေရှင်းနည်း – စစ်မှန်သော နားခိုခြင်းဆိုသည်မှာ ဘာမှမလုပ်ဘဲ နေခြင်းမဟုတ်ဘဲ၊ ကျွန်ုပ်တို့၏ “မငြိမ် မသက်ဖြစ်နေသော နှလုံးသား” ကို ဘုရားသခင်နှင့် အိမ်နီးချင်းလူသားများထံသို့ ပြန်လည်ဦးတည် စေခြင်းပင်ဖြစ်သည်။ အရှိန်ကိုလျှော့ပြီး သူတစ်ပါးကို ဂရုတစိုက် ကြည့်မြင်ခြင်းအားဖြင့် လူသားတို့ ရှင်သန်ရန်လိုအပ်သော အဓိပ္ပာယ်နှင့် မျှော်လင့်ချက်ကို ရှာတွေ့နိုင်မည်ဖြစ်သည်။
“ကျွန်ုပ်တို့သည် နှလုံးသားတစ်ခုဖြစ်သည်“
“လူသား၏ နှလုံးသားသည် မျှော်လင့်ချက်မရှိဘဲ မရှင်သန်နိုင်ပါ၊ မိမိကိုယ်ကို ချို့တဲ့မှုအတွက် မဟုတ် ဘဲ ပြည့်စုံမှုအတွက် ဖန်ဆင်းထားခြင်းဖြစ်ကြောင်း မသိဘဲ မနေနိုင်ပါ”
ဤမိန့်ကြားချက်၏ စိတ်လှုပ်ရှားစရာအကောင်းဆုံး အစိတ်အပိုင်းမှာ ပုပ်ရဟန်းမင်းကြီး၏ “ကျွန်ုပ်တို့ ဟာ စက်ရုပ်တွေမဟုတ်ပါဘူး… ကျွန်ုပ်တို့ဟာ နှလုံးသားတစ်ခုပါ” ဆိုသည့် သတိပေးချက်ဖြစ်သည်။
ကျွန်ုပ်တို့၏ တန်ဖိုးကို လုပ်ဆောင်နိုင်စွမ်းနှင့် “လက်တွေ့ကျသော” အောင်မြင်မှုများဖြင့်သာ တိုင်းတာ နေသည့် လောကကြီးထဲတွင် ကျွန်ုပ်တို့၏ ဝိညာဉ်ရေးရာ အနှစ်သာရကို မေ့လျော့ရန် အလွန်လွယ်ကူ သည်။ အလုပ်များလှသော နေ့တစ်နေ့၏ အဆုံးတွင် ခံစားရသည့် ဟာလာဟင်းလင်းဖြစ်မှုသည် ကျဆုံး ခြင်း၏ လက္ခဏာမဟုတ်ဘဲ ကျွန်ုပ်တို့၏ လူသားဆန်မှု၏ လက္ခဏာဖြစ်ကြောင်း ရဟန်းမင်းကြီးက ဆိုလိုခြင်းဖြစ်သည်။ ထို “မငြိမ်မသက်ဖြစ်မှု” သည် အမှန်တကယ်တော့ လမ်းညွှန်အိမ်မြှောင်တစ်ခုပင် ဖြစ်သည်။ ၎င်းက ကျွန်ုပ်တို့သည် လစာ သို့မဟုတ် လုပ်ဆောင်ရန်စာရင်းများ (to-do list) ထက်ပိုသော၊ ထာဝရချစ်ခြင်းမေတ္တာနှင့် ပြည့်စုံမှုတို့အတွက် ဖန်ဆင်းခံထားရသူများဖြစ်ကြောင်း ပြောပြနေခြင်း ဖြစ်ပါသည်။
ကျွန်ုပ်တို့သည် ဖန်ဆင်းခံရခြင်း၏ အကြောင်းရင်းဖြစ်သော “ချစ်ခြင်းမေတ္တာ၏ လှုပ်ရှားမှု” ထဲသို့ ဝင် ရောက်ပါက ကျွန်ုပ်တို့၏ မငြိမ်မသက်ဖြစ်နေသော နှလုံးသားများသည် စိတ်ပျက်ရမည် မဟုတ် ပေ။ဘာသာပြန် Fr. Peter Kyi Maung
News- Vatican News
Website: rvamyanmar.org
www.youtube.com/@rvamyanmar8152
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

