ဖာသာရ် Basil Zay Yar Win (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) (၃၂)ကြိမ်မြောက်သာမန်ကာလ ကြာသပတေးနေ့ ၁၃၊ ၁၁၊ ၂၀၂၅

ဘုရားသခင်၌ လေးစားချစ်ခင်ရပါသော သောတရှင် ဓမ္မမိတ်ဆွေ သူတော်စင် အပေါင်းတို့ ယနေ့ ဧ၀ံဂေလိ ကျမ်းစာမှာ ဖာရီဇေဦးတွေက ဘုရားသခင်ရဲ့နိုင်ငံတော်က ဘယ်အချိန်ခါကျရောက်လာမလဲဆိုတာကို ကိုယ်တော့်ကို မေးလျှောက်ကြတာကို ကြားနာရမှာပဲဖြစ်ပါတယ်။ သူတို့က မြင်နိုင်တဲ့ ကောင်းကင်ဘုံက တန်ခိုးလက္ခဏာ ကမ္ဘာကြီးကို ပြောင်းလဲ နိုင်တဲ့ နိုင်ငံရေး Power မျိုးသူတို့အနေနဲ့ယူဆနေကြပါတယ်။
အဲဒီအခါမှာ ခရစ်တော်က ဘာပြောသလဲဆိုတော့ ” ဘုရားသခင် ၏ နိုင်ငံတော် သည် မြင်နိုင်သော နိမိတ်လက္ခဏာ များဖြင့် ရောက်လာမည် မဟုတ်။ ကြည့်ကြ ၊ ၎င်းသည် ဤအရပ် ၌ ရှိ၏။ သို့မဟုတ် ထို အရပ် ၌ ရှိ ၏ ဟူ၍ လည်း သူတို့မပြောနိုင် အကြောင်းမူကား ဘုရားသခင် ၏ နိုင်ငံတော်သည် သင်တို့အလယ်၌ တည်ရှိသောကြောင့်တည်း ဟု မိန့်တော်မူ၏။” ဆိုပြီး ပြန်လည် မိန့်ကြားတာကို တွေ့ရှိရမှာပဲဖြစ်ပါတယ်။
ဒီဖြေကြားချက်က အဓိပ္ပါယ် ပြည့်ဝနေပါတယ်။ သခင်ခရစ်တော်ကအဝေးကြီးကြည့်မနေနဲ့။ မိမိရဲ့အတွင်းစိတ်နဲ့ မိမိရဲ့ ပတိလည်ကိုကြည့်ပါဆိုပြီး ပြောကြားတာပဲဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ နိုင်ငံတော်က သင်လက်ညှိုး ညွှန်ပြတဲ့နေရာ မဟုတ်ပဲ ၎င်းဟာ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာ ကို မိမိရဲ့အတွင်းစိတ်နှလုံးသားမှာ ဖွင့်ပြီးလက်ခံတဲ့နေရာ ဖြစ်တယ်ဆိုတာကို ဖော်ပြထားပါတယ်။
ကျွနုပ်တို့ တစ်ဦးကို တစ်ဦး ချစ်တဲ့အခါ တစ်ဦးကို တစ်ဦးခွင့်လွှတ်တဲ့အခါ ယုံကြည်ခြင်း ငြိမ်ချမ်းခြင်းနဲဲ့ တည်ရှိနေတဲ့အခါ မှာ ဘုရားသခင်ရဲ့နိုင်ငံတော်က ကျွန်ုပ်တို့ဆီမှာ တည်ရှိနေပါတယ်။ ဒီလိုမျိုး ဖြစ်ဖို့ဆိုရင် ကျွနုပ်တို့ရဲ့စိတ်ရှည်သည်းခံမှု၊ ကျွန်ုပ်တို့ရဲ့ကြင်နာမှု၊ ကျွနုပ်တို့ရဲ့ ဆုတောင်းမေတ္တာ စတဲ့သေးငယ်တဲ့အရာတွေစ စိတ်တည်ငြိမ်တဲ့အရာ တွေက နေ စတင်ပါတယ်။
ကောင်းကင်နိုင်ငံတော်က ခွန်အားတွေ အောင်မြင်မှုတွေ အပေါ်မှာ တည်ဆောက်ထားတာမဟုတ်ပဲ သခင်ခရစ်တော် ကားတိုင်ပေါ်မှာ ပြသခဲ့သလို ချစ်ခြင်းမေတ္တာ နှိမ့်ချခြင်း ဆပ်ကပ်ပူဇော်ခြင်းတွေအားဖြင့် တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။
ယနေ့ ဆန်းစစ်ရာမှာက ကျွနုပ်တို့ရဲ့နှလုံးသားမှာ ကောင်းကင်နိုင်ငံတော် ရောက်ရှိပြီလား၊ ကျွနုပ်တို့ ရဲ့ အပြောအဆို အပြုအမူ အတွေးအခေါ် တွေက ခရစ်တော် လွှမ်းမိုးမှု အုပ်ချုပ် စိုးမိုးမှုရှိနေပြီလားဆိုတာကို ပြန်လည်ထောက်ရှု စဥ်းစားရင်း မိမိတို့ရဲ့နှလုံးသားမှာ ခရစ်တော် ကျိန်းဝပ်စံပါယ်တဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါစေလို့ ဘုန်းဘုန်းအနေနဲ့ ဆန္ဒပြု ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ဘုရားသခင် သင်တို့အားလုံးကို ကောင်းချီးပေးပါစေ။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *