

ကိုယ့်ကိုယ်ကို ပျောက်ဆုံးမသွားပါစေနဲ့
လူတိုင်းမှာ ကိုယ်ပိုင်စိတ်ဆန္ဒ၊ ရပ်တည်ချက်နဲ့ ဝါသနာဆိုတာ ရှိကြပါတယ်။ ဒါပေမဲ့ တစ်ခါတလေကျတော့ အချစ်ရေး၊ အိမ်ထောင်ရေး ဒါမှမဟုတ် သူငယ်ချင်းဆက်ဆံရေးတစ်ခုခုထဲမှာ ကိုယ်ပိုင်တည်ရှိမှု (Sense of self) ကို တဖြည်းဖြည်းချင်း ပျောက်ဆုံးသွားတတ်ကြတယ်။
ကိုယ့်အတွက် အရေးပါတဲ့သူတစ်ယောက်ရဲ့ အမြင်၊ ဆန္ဒနဲ့ ဘဝပုံစံကိုပဲ အဓိကထားပြီး လိုက်လျောနေရင်းနဲ့ နောက်ဆုံးမှာ ကိုယ်ဘာကို တကယ်လိုချင်လဲ၊ ဘာကို တကယ်ပျော်ရွှင်လဲဆိုတာ မေ့သွားတတ်ကြတယ်။
အထူးသဖြင့် Relationship တစ်ခုရဲ့ အစပိုင်းကာလမှာ ဒီလိုဖြစ်တတ်ပါတယ်။ စိတ်ဝင်စားနေတဲ့သူ၊ ချစ်သူ ဒါမှမဟုတ် လက်တွဲဖော်ကို ကိုယ်နဲ့တူညီတဲ့အရာတွေရှိတယ်ဆိုတာ ပြသချင်ကြတယ်။ “ငါကလည်း မင်းလိုပါပဲ” လို့ ပြောချင်ကြတယ်။
အဲဒီကနေတစ်ဆင့် အတူတူလုပ်ဆောင်တဲ့အရာတွေ၊ အတူတူသွားတဲ့နေရာတွေ တဖြည်းဖြည်း များလာရင်း ကိုယ့်စိတ်ကြိုက်မဟုတ်တဲ့အရာတွေကိုတောင် တစ်ဖက်လူ ပျော်အောင် လိုက်လုပ်ပေးတတ်ကြတယ်။
ဥပမာ – ကိုယ်က ရုပ်ရှင်ကြည့်ရတာ သိပ်မကြိုက်ပေမဲ့ ချစ်သူနဲ့အတူ ရုပ်ရှင်ရုံ မကြာခဏ သွားတာမျိုး၊ ကိုယ်က ကိုယ့်သူငယ်ချင်းအပေါင်းအသင်းနဲ့ ပေါင်းချင်ပေမဲ့ တစ်ဖက်လူ မကြိုက်မှာစိုးလို့ ကိုယ့်သူငယ်ချင်းတွေကိုပါ တဖြည်းဖြည်း ရှောင်လာတာမျိုးတွေပေါ့။
ကိုယ့်ကိုယ်ကိုယ် ပြန်တည်ဆောက်ရခက်တဲ့အချိန်
အဲ့ဒီလို အချိန်ကြာလာတဲ့အခါမှာတော့ ကိုယ်ကြိုက်တဲ့အရာတွေ၊ ကိုယ်ဝါသနာပါတဲ့ အရာတွေဟာ တဖြည်းဖြည်း မှေးမှိန်လာပြီး တစ်ဖက်လူရဲ့ အကြိုက်နဲ့ ဝါသနာတွေက ကိုယ့်ရဲ့အကြိုက်တွေဖြစ်လာသလို ခံစားလာရတတ်တယ်။
Relationship ရဲ့ အရေးကြီးဆုံးအစိတ်အပိုင်း ဖြစ်တဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု (self-worth) ဟာ တစ်ဖက်လူအပေါ်မှာ မှီခိုနေသလို ဖြစ်လာတယ်။ “သူသာ မပျော်ရင် ငါလည်း မပျော်ရဘူး” လို့ တွေးလာတယ်။ ဒီလိုနဲ့ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေ، ခံစားချက်တွေ၊ လိုအပ်ချက်တွေကို အလိုလို ချိုးနှိမ်လိုက်မိတတ်ကြပါတယ်။ ကိုယ်ပိုင်ဘဝရယ်လို့ မရှိတော့ဘဲ တစ်ဖက်လူရဲ့ ဘဝထဲမှာ ဝင်ရောက်နေထိုင်နေတဲ့ ဧည့်သည်တစ်ယောက်လို ဖြစ်လာတယ်။
ဒီလို ပျောက်ဆုံးသွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားစိတ်လည်း တဖြည်းဖြည်း လျော့ကျလာတယ်။ ပျော်ရွှင်မှုဆိုတာကိုလည်း ကိုယ့်ဘာသာ ဖန်တီးလို့မရဘဲ တစ်ဖက်လူဆီကပဲ တောင်းဆိုနေတတ်တယ်။ နောက်ဆုံးတော့ “မင်းမရှိရင် ငါမနေတတ်တော့ဘူး” ဆိုတဲ့အထိတောင် ဖြစ်လာတတ်တယ်။
ဒီလိုအခြေအနေမျိုးကနေ ဘယ်လိုရုန်းထွက်မလဲ
ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့ ခံစားချက်တွေကို အသိအမှတ်ပြုပါ။ ကိုယ် တကယ်ပျော်ရဲ့လား၊ ဘာကြောင့် ပျော်ရွှင်မှုဆိုတာ တစ်ဖက်လူပေါ်မှာပဲ မှီခိုနေရတာလဲဆိုတာကို သေချာစဉ်းစားပါ။
နောက်ပြီး ကိုယ်ပိုင်အချိန်လေးတွေ ဖန်တီးပါ။ တစ်ဖက်လူနဲ့အတူရှိနေတဲ့အချိန်လိုပဲ ကိုယ့်အတွက်ပဲ သီးသန့် အချိန်ပေးပါ။ ကိုယ်ကြိုက်တဲ့ ဝါသနာတွေကို ပြန်လုပ်ပါ။ ကိုယ့်သူငယ်ချင်းဟောင်းတွေနဲ့ ပြန်ဆုံပါ။ ဒါတွေက ကိုယ်ပျောက်ဆုံးနေတဲ့ ကိုယ့်ရဲ့တည်ရှိမှုကို ပြန်ရှာတွေ့နိုင်ဖို့ ကူညီပါလိမ့်မယ်။
ဒီအဆင့်တွေကို တစ်ဦးတည်း ကြိုးစားရတာ ခက်ခဲတယ်ဆိုရင် တစ်ဖက်လူနဲ့ ပွင့်ပွင့်လင်းလင်း ပြောပြပါ။ “ငါ့အတွက် ဒီလိုအချိန်လေးတွေ လိုအပ်တယ်”၊ “ငါ့ရဲ့ ဝါသနာတွေကိုလည်း ဆက်လုပ်ချင်တယ်” လို့ ပြောပြပါ။ ဒီလိုပြောခြင်းက Relationship ကို ပျက်စီးသွားစေမှာ မဟုတ်ပါဘူး။ တစ်ဖက်လူကလည်း ကိုယ့်ရဲ့ ခံစားချက်တွေကို နားလည်ပြီး ပိုပြီးကောင်းမွန်တဲ့ ဆက်ဆံရေးကို ဖန်တီးနိုင်အောင် ကူညီပေးနိုင်ပါတယ်။
အချစ်ရေးပဲဖြစ်ဖြစ်၊ ဘယ်လိုဆက်ဆံရေးပဲဖြစ်ဖြစ်၊ လူနှစ်ဦးပေါင်းစပ်ပြီး တစ်ယောက်တည်းဖြစ်သွားတာမျိုး မဟုတ်ပါဘူး။ လူနှစ်ဦးရဲ့ပုဂ္ဂလိကဆန်တဲ့ ဘဝတွေအတူတူဆက်ပြီး ရှိနေတာသာ ဖြစ်ပါတယ်။
ဒါကြောင့် တစ်ဖက်လူအပေါ် ချစ်ခြင်းမေတ္တာထားရင်းနဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ချစ်ဖို့မမေ့ပါနဲ့။ ကိုယ်ပျော်ရွှင်မှ ပတ်ဝန်းကျင်ကို ပျော်ရွှင်မှုတွေ ပေးနိုင်မှာဖြစ်သလို၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှလည်း တစ်ဖက်လူက ကိုယ့်ကို တန်ဖိုးထားမှာပါ။

