ပုပ်ရဟန်းမင်းကြီး၏ လူငယ်များအတွက် သတင်းစကား။

သက်တောင့်သက်သာဘဝကို ကျော်လွန်ပြီး ငြိမ်းချမ်းရေး တည်ဆောက်ကြပါ”

၄၀ ကြိမ်မြောက် ကမ္ဘာ့လူငယ်များနေ့ အခမ်းအနားအတွက် ပုပ်ရဟန်းမင်းကြီး လီယို ၁၄ သည် ခရစ် ယာန်များအနေဖြင့် ဆင်းရဲဒုက္ခရောက်နေသူများနှင့်အတူ ရပ်တည်ရန်နှင့် ငြိမ်းချမ်းရေးအတွက် တက် ကြွစွာ တည်ဆောက်သူများဖြစ်လာရန် တာဝန်ရှိကြောင်း လူငယ်များအား သတိပေးလိုက်ပါသည်။

၄၀ ကြိမ်မြောက် ကမ္ဘာ့လူငယ်များနေ့ အခမ်းအနားအတွက် ပေးပို့သော မိန့်ခွန်းတွင် ပုပ်ရဟန်းမင်းကြီး လီယို ၁၄ (Pope Leo XIV) က လူငယ်များအား “အမြင်မှားစေသော ယုံကြည်ခြင်း၏ စကားလုံးများကို အသုံးချ၍ သွေးခွဲသူများနောက် မလိုက်ရန်” တိုက်တွန်းခဲ့ပြီး၊ ငြိမ်းချမ်းရေးကို တက်ကြွစွာ ဖန်တီးသူ များဖြစ်လာရန် ရည်ရွယ်ချက်ဖြင့် ပြန်လည်သင့်မြတ်ရေးအတွက် လုပ်ဆောင်ကြရန် တိုက်တွန်း ခဲ့ပါ သည်။

နှစ်စဥ် ကျင်းပမြဲဖြစ်သော ကမ္ဘာ့လူငယ်များနေ့ကို သာသနာနယ်(Diocesan) အဆင့်ရှိ ဘုရားရှိခိုး ကျောင်းများမှာ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ကျင်းပလေ့ရှိပြီး၊ ၂၀၂၇ ခုနှစ်တွင် ဆိုးလ်မြို့၌ ကမ္ဘာလုံးဆိုင် ရာ ကမ္ဘာ့လူငယ်များနေ့ ပွဲအတွက် ပြင်ဆင်ခြင်းလဲဖြစ်ပါသည်။

ယခုနှစ် ကမ္ဘာ့လူငယ်များနေ့အခမ်းအနား၏ ခေါင်းစဉ်ဖြစ်သည့် “သင်တို့သည် ငါနှင့်အတူရှိသောကြောင့် ငါ၏ သက်သေခံများလည်း ဖြစ်ကြသည်” နှင့် ပတ်သက်၍ ပုပ်ရဟန်းမင်းကြီးက မျှော်လင့်ခြင်း၏ ဘုရားဖူးများအနေဖြင့် သန့်ရှင်းသော ဝိညာဥ်တော်၏ တန်ခိုးကျေးဇူးအားဖြင့် ခရစ်တော်၏ ရဲရင့်သော သက်သေခံများ ဖြစ်လာရန် ပြင်ဆင်နေကြကြောင်း မိန့်ကြားခဲ့ပြီး၊ သက်သေခံခြင်း၏ ကဏ္ဍနှစ်ခုကို အဓိကထား ပြောကြားခဲ့သည်။ ၎င်းတို့မှာ “ဘုရားသခင်ထံမှ လက်ဆောင်အဖြစ် ကျွန်ုပ်တို့ ရရှိသော သခင်ယေဇူးနှင့် ကျွန်ုပ်တို့၏ မိတ်ဆွေဖွဲ့မှု” နှင့် “လူမှုအဖွဲ့အစည်းတွင် ငြိမ်းချမ်းရေး တည်ဆောက် သူများ ဖြစ်လာရန် ကျွန်ုပ်တို့၏ ကတိကဝတ်” တို့ဖြစ်ကြပါသည်။

မိတ်ဆွေများဖြစ်ခြင်းမှ သက်သေခံများဖြစ်သို့

ခရစ်ယာန်တို့၏ သက်သေခံခြင်းသည် လူအပေါင်း၏ ကယ်တင်ခြင်းအတွက် လက်ဝါးကားတိုင်မှာ အသေခံကာ ရှင်ပြန်ထမြောက်တော်မူသော သခင်ဘုရားနှင့် မိတ်ဆွေဖွဲ့ခြင်းမှ ပေါ်ပေါက်လာခြင်း ဖြစ် သည်ဟု ရှင်းပြခဲ့ရာတွင် ပုပ်ရဟန်းမင်းကြီးက “ဤသက်သေခံခြင်းသည် အတွေးအခေါ်ဆိုင်ရာ ဝါဒဖြန့် ချီခြင်းနှင့် ရောထွေး၍ မရနိုင်၊ အကြောင်းမှာ ၎င်းသည် အတွင်းစိတ် ပြောင်းလဲခြင်းနှင့် လူမှုရေး အသိ တရား၏ စစ်မှန်သော နိယာမဖြစ်သည်” ဟု မိန့်ကြားခဲ့ပါသည်။

ခွဲခြားဆက်ဆံမှုနှင့် မတရားမှုများကို ရင်ဆိုင်ရာတွင် ခံစားရသည့် ကျွန်ုပ်တို့၏ စိတ်နှလုံးနှင့် ဒေါ သအပါအဝင် ခံစားနာကျင်ရမှုများကို သခင်ခရစ်တော်အပြည့်အဝ သိရှိကြောင်း”ကျွန်ုပ်တို့ကို အစေခံ များအဖြစ်၊ သို့မဟုတ် နိုင်ငံရေးပါတီတစ်ခု၏ တက်ကြွလုပ်ဆောင်သူများ’ အဆင့် လောက်သာရှိသူများ အဖြစ် သူ မလိုချင်ပါ။ ကျွန်ုပ်တို့၏ ဘဝများ အသစ်တဖန် ပြန်လည်ရှင်သန်စေရန် မိတ်ဆွေသူငယ်ချင်း များအဖြစ် သူ့နှင့်အတူ ရှိနေရန် ခေါ်တော်မူခြင်းဖြစ်တယ်” ဟု ပုပ်ရဟန်းမင်းကြီးက ရှင်းပြပါသည်။

“စစ်မှန်သော သက်သေခံသူများသည် လူအများရှေ့တွင် အာရုံစူးစိုက်ခံမှုရရန် ဟန်ဆောင်ခြင်းမှ ကင်းလွတ်ပြီး နှိမ့်ချသော၊ အတွင်းစိတ် လွတ်လပ်သူများသာ ဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် နားထောင်ရန်၊ နားလည်ရန်နှင့် အင်အားကြီးမားသူများ ရှေ့တွင်ပင် အမှန်တရားကို လူတိုင်းအား ပြောဆိုရန် လွတ်လပ်ကြသည်” ဟု၍လည်း ထပ်လောင်းပြောကြားခဲ့ပါသည်။

စစ်မှန်သော ခရစ်ယာန် သက်သေခံများသည် နှိမ့်ချပြီး လွတ်လပ်ကြသည်

ထို့ကြောင့် စစ်မှန်သော ခရစ်ယာန်သက်သေခံခြင်းသည် ကျွန်ုပ်တို့ကို ကယ်တင်နိုင်သူ တစ်ဦး တည်းသာ ဖြစ်သော သခင်ယေဇူးခရစ်တော်ကို အသိအမှတ်ပြုခြင်းနှင့် ညွှန်ပြခြင်းပင် ဖြစ်သည်ဟု ဖြည့်စွက်ခဲ့ သည်။

ထိုသို့ဖြစ်မြောက်ရန်အတွက် “ကျွန်ုပ်တို့သည် မိမိကိုယ်ကိုနှင့် ကျွန်ုပ်တို့၏ သက်တောင့်သက်သာ ရှိရာ ကို မကျော်လွန်ပဲ၊ ဆင်းရဲသူများနှင့် ဘုရားသခင်၏ နိုင်ငံတော်မှ ဖယ်ကြဉ်ခြင်းခံရသူများထံ မသွားပါက၊ ကျွန်ုပ်တို့သည် ခရစ်တော်နှင့် မတွေ့ဆုံနိုင်သလို သူ့ကိုလဲသက်သေမခံနိုင်ပါ” ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ် (Pope Francis) က အကြိမ်ကြိမ် အလေးပေးပြောကြားခဲ့ကြောင်း ပုပ်ရဟန်းမင်းကြီး လီယို က ထပ်ဆင့်မိန့်ကြားခဲ့ပါသည်။

သက်သေများဖြစ်ခြင်းမှ သာသနာပြုများဖြစ်သို့

ထို့နောက် ပုပ်ရဟန်းမင်းကြီး လီယို က လူငယ်များစွာသည် “အကြမ်းဖက်မှုနှင့် ရင်ဆိုင်နေရပြီး၊ လက်နက်သုံးရန် ဖိအားပေးခံရကာ၊ ချစ်ရသူများနှင့် ခွဲခွာနေရပြီး၊ ရွှေ့ပြောင်းနေထိုင်ရန် သို့မဟုတ် ထွက်ပြေးတိမ်းရှောင်ရန် အတင်းအကျပ် ခိုင်းစေခံနေကြရသည်” ကို ဘယ်သောအခါမှ မမေ့ရန် သတိ ပေးခဲ့ပြီး။ “များစွာသော လူငယ်များတွင် ပညာရေးနှင့် အခြား မရှိမဖြစ်လိုအပ်သည့် အရာများ ဆင်းရဲ ချို့တဲ့နေသည်” ဟုလည်း မိန့်ကြားသည်။

များစွာသော လူငယ်များသည် အကြမ်းဖက်မှုနှင့် ရင်ဆိုင်နေရပြီး၊ လက်နက်သုံးရန် ဖိအားပေးခံရကာ၊ ချစ်ရသူများနှင့် ခွဲခွာနေရပြီး၊ ရွှေ့ပြောင်းနေထိုင်ရန် သို့မဟုတ် ထွက်ပြေးတိမ်းရှောင်ရန် အတင်း အကျပ် ခိုင်းစေခံနေကြရသည်။ များစွာသော လူငယ်များတွင် ပညာရေးနှင့် အခြား မရှိမဖြစ် လိုအပ် သည့် အရာများ ဆင်းရဲးချို့တဲ့နေကြသည်

လူငယ်များစွာတို့သည် “ဘဝအဓိပ္ပာယ်ကို ရှာဖွေရင်း အတူပါလာသော ဘဝမလုံခြုံမှု၊ တိုးပွားလာသော လူမှုရေး၊ အလုပ်ဖိအားများ၏ အခက်အခဲ၊ မိသားစုအကျပ်အတည်းများကို ဖြေရှင်းရန် ခက်ခဲမှု၊ အခွင့် အလမ်းများ နည်းပါးခြင်း၏ နာကျင်ဖွယ် ခံစားချက်များနှင့် ပြုခဲ့သော အမှားများအတွက် နောင်တရ ခြင်းနေခြင်းတို့ကို ခံစားနေကြရကြောင်း”

“သင်တို့သည် ထိုလူငယ်များဘေးတွင် ရပ်တည်ပေးနိုင်သည်၊ ၎င်းတို့နှင့်အတူ လျှောက်လှမ်းနိုင်သည်၊ ဘုရားသခင်သည် သခင်ယေဇူးအားဖြင့် လူတစ်ဦးနှင့်တဦး နီးစပ်ကြောင်း ပြသနိုင်သည်” ဟု ပုပ်ရဟန်း မင်းကြီးက အတည်ပြုခဲ့သည်။

ထို့ပြင် ခရစ်ယာန်လူငယ်များအား ခရစ်တော်နှင့် အသက်ပါသော ဆက်ဆံရေးမှတစ်ဆင့် ဘဝ၏ စစ်မှန်သော အဓိပ္ပာယ်ကို မည်သို့ရှာဖွေတွေ့ရှိခဲ့သည်ကို ပြသသည့် ကျမ်းစာထဲမှ ခရစ်တော်၏ မိတ်ဆွေ များနှင့် သက်သေခံချက်များကို ဆက်လက် ရှာဖွေရန်လည်း ဖိတ်ခေါ်ခဲ့ပြီး”စင်စစ်အားဖြင့် ကျွန်ုပ်တို့ ဘဝ၏ အနက်ရှိုင်းဆုံး မေးခွန်းများသည် ကျွန်ုပ်တို့၏ ဆဲလ်ဖုန်းများကို အဆုံးမရှိ ကြည့်နေခြင်းဖြင့် လိုခြင်သောအဖြေကိုကြားသိရမည်မဟုတ်ပဲ ကျွန်ုပ်တို့၏ အာရုံကို ဖမ်းစားထားသောကြောင့် စိတ်ကိုပို ၍ပင်ပန်းနွမ်းနယ်စေကာ စိတ်နှလုံးကို ခံစားချက်မဲ့လာစေခြင်းသာ  ဖြစ်စေသည်။  ကျွန်ုပ်တို့၏ စစ်မှန် သော ဆန္ဒများ ပြည့်စုံခြင်းသည် မိမိကိုယ်ကို ကျော်လွန်သွားခြင်း မှသာ ဖြစ် ပေါ်လာ သည် ဟု ပြောကြားခဲ့သည်။

ညီအစ်ကိုစိတ်ဓာတ်သည် ငြိမ်းချမ်းရေး၏ နှောင်ကြိုး

ပုပ်ရဟန်းမင်းကြီး လီယို က လူငယ်များအား ပေါ့ဆမှုနှင့် ဝိညာဥ်ရေးရာ ပျင်းရိမှုကို ကျော်လွန်၍ မိတ်ဆွေဖွဲ့မှုနှင့် ညီအစ်ကိုစိတ်ဓာတ်များကို ပြုစုပျိုးထောင်ရန်၊ လူတိုင်းအတွက် ဘဝနေထိုင်မှု အခြေအနေသစ်များ တည်ဆောက်ရန်အတွက် အတူတကွ လုပ်ဆောင်ကြရန် တိုက်တွန်းခဲ့ကာ

“အမြင်မှားစေသော ယုံကြည်ခြင်း၏ စကားလုံးများကို အသုံးချ၍ သွေးခွဲသူများနောက် မလိုက်ပါနှင့်၊ ယင်းအစား မညီမျှမှုများကို ဖယ်ရှားရန်နှင့် ကွဲပြားပြီး ဖိနှိပ်ခံနေရသော အသိုက်အဝန်းများကို ပြန်လည်သင့်မြတ်စေရန် အစီအစဥ်များ ရေးဆွဲကြပါ” ဟု ၎င်းက ဆိုသည်။

ချစ်လှစွာသော လူငယ်များ၊ ချစ်လှစွာသော မိတ်ဆွေများ၊ “ကျွန်ုပ်တို့၏ အတွင်းစိတ်ရှိ ဘုရားသခင်၏ အသံတော်ကို နားထောင်ပြီး ကျွန်ုပ်တို့၏ အတ္တဆန်မှုကို ကျော်လွန်၍ ငြိမ်းချမ်းရေးကို တက်ကြွစွာ ဖန်တီးသူများ ဖြစ်လာကြပါစို့“”ရှင်ပြန်ထမြောက်တော်မူသော သခင်ဘုရား၏ လက်ဆောင်ဖြစ်သည့် ငြိမ်းချမ်းရေးသည် သခင်ခရစ်တော်၏စိတ်နှလုံးကို သယ်ဆောင်သူများ၏ပူးပေါင်းသက်သေခံခြင်းမှတစ်ဆင့် လောကတွင် ထင်ရှားလာလိမ့်မည်” ဟု ပုပ်ရဟန်းမင်းကြီးက နိဂုံးချုပ် ပြောကြားခဲ့သည်။

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *