
ပုပ်ရဟန်းမင်းကြီး လီယို XIV တူရကီနှင့် လက်ဘနွန်သို့ သာသနာတော်ခရီးစဉ်မကြာခင်စတင်မည်။

ရဟန်းမင်းကြီးရုံးတော် သတင်းဌါန၏ တာဝန်ခံဒါရိုက်တာဖြစ်သူ မစ္စတာ မက်တီယို ဘရူနီက ပုပ်ရဟန်းမင်းကြီး လီယို ၁၄ (Pope Leo XIV) သည် ယခုနှစ် နိုဝင်ဘာလနှောင်းပိုင်းနှင့် ဒီဇင်ဘာလ အစောပိုင်းတွင် တူရကီ (Türkiye) နှင့် လက်ဘနွန် (Lebanon) နိုင်ငံများသို့ သာသနာတော်ခရီး (Apostolic Journeys) စတင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ပုပ်ရဟန်းမင်းကြီး၏ ပထမဆုံးသော ပြည်ပ သာသနာတော်ခရီး အဖြစ် နိုဝင်ဘာလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ တူရကီ သို့ လည်းကောင်း၊ ဒီဇင်ဘာလ ၂ ရက်နေ့အထိ လက်ဘနွန် သို့ လည်းကောင်း သွား ရောက်မည် ဖြစ်သည်။
ပုပ်ရဟန်းမင်းကြီးသည် နိုင်ငံနှစ်ခုစလုံးမှ “နိုင်ငံတော်အကြီးအကဲများနှင့် ဘာသာရေးခေါင်းဆောင် များ၏ ဖိတ်ကြားချက်ကို လက်ခံ၍” ခရီးစဥ်ကို စတင်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
တူရကီ ခရီးစဥ်တွင် ပထမဆုံးသော သာသနကောင်စီ (First Council of Nicaea) ကျင်းပခဲ့သည့် ၁,၇၀၀ ပြည့် နှစ်ပတ်လည်အခါသမယအဖြစ် အစ်နစ် (İznik) မြို့သို့ ဘုရားဖူးခရီးစဥ် ပါဝင်မည်ဟု မစ္စတာ ဘရူနီက ဆိုပါသည်။ လက်ဘနွန် သို့ သွားရောက်မည့် သာသနာတော်ခရီး၏ အသေးစိတ် အစီအစဥ်ကိုမူ “အချိန်တန်လျှင် ထုတ်ပြန်ကြေညာမည်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
‘မျှော်လင့်ခြင်း၏ ကြီးမားသော လက္ခဏာ’
ဗာတီကန်သတင်းဌာန၏ သတင်းထောက် အိုလီဗီယာ ဘွန်နဲလ်နှင့် စကားပြောရာတွင် ဘေရွတ်မြို့၏ သာသနာရေးဆိုင်ရာ ကိုယ်စားလှယ် (Apostolic Vicar) ဖြစ်သူ ဘိရှော့ ဆီဇာ အက်ဆာယန် (Bishop César Essayan) က ပုပ်ရဟန်းမင်းကြီး၏ လက်ဘနွန် ခရီးစဥ်သည် စစ်ဘေးဒဏ်သင့်နေသော ဒေသ အတွက် “မျှော်လင့်ခြင်း၏ ကြီးမားသော လက္ခဏာ” ဖြစ်သည်ဟု ပြောကြားခဲ့သည်။
“လူသားမျိုးနွယ်အတွက် ငြိမ်းချမ်းရေး၊ ဆွေးနွေးမှု၊ တရားမျှတမှုနဲ့ လူတိုင်းရဲ့ ဂုဏ်သိက္ခာကို လေးစားမှုဆိုတဲ့ လမ်းစဥ်ကလွဲလို့ တခြားလမ်း မရှိဘူးဆိုတာကို ကျွန်တော်တို့ အားလုံးအတွက် ငြိမ်းချမ်းရေး လေပြည် ယူဆောင်လာပြီး ပြန်လည်နိုးထစေတဲ့ အခိုက်အတန့် ဖြစ်စေဖို့ ရိုးသားစွာ မျှော်လင့်ပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။
ဘိရှော့ အက်ဆာယန် က လက်ဘနွန် မှ ခရစ်ယာန်ရော မွတ်စလင်များပါ ပုပ်ရဟန်းမင်းကြီး၏ ခရီးစဥ် ကို စောင့်မျှော်နေကြကြောင်း အလေးပေးပြောကြားခဲ့သည်။ ၎င်းတို့သည် ” လက်ဘနွန် အတွက် စစ်ပွဲ ဟူသောဝေါဟာရအစား အခြားသောဝေါဟာရတစ်ခု ရှိလာစေရန် ဆန္ဒရှိသော သိုးထိန်းတစ်ဦး၊ ဖခင် တစ်ဦးထံမှသာ ကြားရနိုင်တော့မည့် စကားလုံးများကို နားထောင်လိုကြသည်” ဟု ဆရာတော်ကြီးမှ ဖြည့်စွပ်ထားကြောင်း ရဟန်းမင်းကြီးရုံးတော် သတင်းဌါနက ဖော်ပြထားပါသည်။
ဘာသာပြန် Fr. Peter Kyi Maung
News- Vatican News
Website: rvamyanmar.org
www.youtube.com/@rvamyanmar8152
#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

