
မိမိရဲ့လက်တွဲဖော်ကို ချစ်ပေးပါ။
Love Your Partner
ဒီနေ့မှာ မိမိရဲ့လက်တွဲဖော်ကို ချစ်ပေးပါဆိုတဲ့အကြောင်း မျှဝေပေးသွားမှာဖြစ်ပါတယ်။
လက်တွဲဖော်ကို ချစ်တယ်ဆိုတဲ့ စကားလုံးက လွယ်ကူတဲ့ ဆန်းပြားတဲ့ ရှုပ်ထွေးတဲ့ အလုပ် မဟုတ်ပေမယ့်လို့ နဲနဲတော့ ခက်ခဲပါတယ်။
ဒါက မိမိရဲ့ ကိုယ်ပိုင်ဆန္ဒ ကိုယ်ပိုင်အချစ်ပဲ ဖြစ်ပါတယ်။ သေသေချာချာ ပြန်စဉ်းစားကြည့် ရင် လက်တွဲဖော်ကို ချစ်တယ်ဆိုတာ မိမိရဲ့ စိတ်ဆန္ဒမှာ မိမိကိုယ်တိုင်က ချစ်လို့ပဲ ဖြစ်ပါတယ်။
ချစ်တယ်ဆိုတဲ့အကြောင်းအရာက မချစ်ချစ်အောင်လဲ လုပ်ယူလို့မရဘူး၊ ဟန်ဆောင်ပြီး တော့လည်း ချစ်လို့မရပါဘူး။
ခရစ်ယာန်သမ္မာကျမ်းစာ ဧဖက်ဆု – သြဝါဒစာ – အခန်းကြီး ၅၊ အခန်းငယ် ၂၈ မှာ –
မိမိဇနီးကို ချစ်မြတ်နိုးသောသူသည် မိမိကိုယ်ကို ချစ်မြတ်နိုးနိုင်သော သူဖြစ်၏ လို့ပါရှိပါ တယ်။ ချစ်မေတ္တာထားတယ်ဆိုတာ ဘယ်တော့မှ ကျရှုံးခြင်းကို မရောက်ပါဘူး။ လောကမှာ ဘယ် အရာမဆို ကျရှုံးနိုင်တယ်။ ချစ်ခြင်းမေတ္တာကတော့ မကျရှုံးပါဘူး။
တကယ်လို့ ချစ်မေတ္တာ၊ အချစ်တစ်ခုမှာ ကျရှုံးတယ်ဆိုတာ အချစ်စစ်၊ အချစ်မှန် မဟုတ်လို့ ပါပဲ။
မိမိက လက်တွဲဖော်ကို ချစ်လို့ ဘာတွေပဲလုပ်ပေးရပါစေ၊ အဲ့ဒီလုပ်ပေးထားတဲ့ အရာတွေက မိမိဆီကို တန်ပြန်ရောက်လာတာပါပဲ သဘာဝတရားက ကိုယ့်ကို အလိုအလျောက် ဖိအားပေးပြီး နှစ်ဦးနှစ်ဖက်စလုံးကို ရိုက်ခတ်သွားစေတာပဲဖြစ်ပါတယ်။ Heart ထိသွားတာပါပဲ။
တစ်ခါတစ်လေ လက်တွဲဖော်တွေ ရန်ဖြစ်ကြတယ်။ လက်တွဲဖော်နဲ့ ရန်ဖြစ်တယ်ဆိုတာ မိမိ စိတ်ကို ပြန်ရန်ဖြစ်တဲ့ သဘောဖြစ်သွားပါတယ်။
မိမိလက်တွဲဖော်နဲ့ တစ်ကြိမ်ရန်ဖြစ်လိုက်တာနဲ့ တပြိုင်နက်ထဲ လက်တွဲဖော်ဆီက တန်ပြန် ရန်ဖြစ်တာကို ခံရမှာပါပဲ။
ဒါကြောင့် ရန်ဖြစ်တယ်ဆိုတာ မိုက်မဲတဲ့သူ ဉာဏ်မရှိတဲ့သူတွေမှာ ရန်ဖြစ်တာလို့ ပညာရှိတွေ က ဆိုထားတာ ဖတ်ဖူးပါတယ်။
မေတ္တာပေးရင် မေတ္တာပဲပြန်ရမှာပါ။ အချစ်တွေပေးရင် အချစ်ပဲဖြစ်ရမှာပါ။
ဒါကြောင့် မိမိလက်တွဲဖော်ကို ကောင်းမွန်စွာ ချိုသာစွာ ဖော်ရွေစွာ ဆက်ဆံပေးပါ။ ယုံကြည်မှုလည်းပေးပါ။ အမြဲတမ်းကာကွယ်စောင့်ရှောက်ပေးပါ။
ကာကွယ်စောင့်ရှောက်ပေးတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာက လက်တွဲဖော်ရဲ့ ညီအစ်ကို မောင်နှမတွေ၊ လက်တွဲဖော်ရဲ့ လုပ်ငန်း Job Business တွေကနေ ရိုက်ခတ်လာတဲ့ ခက်ခဲမှုတွေ မကောင်းတဲ့အဖြစ်တွေကို ကာကွယ်ပေးရမှာ ဖြစ်ပါတယ်။
မိမိရဲ့ အားနည်းချက်ကို မိမိကိုယ်ပိုင်သိပြီး လက်တွဲဖော်ကို စိတ်ရှည်သည်းခံပေးရမှာပါ။ ဒါမှ relationship ကို ခရီးပေါက်စေမှာပါ။
လက်တွဲဖော်အချင်းချင်း အမှားအမှန်ကို မြင့်တက်တဲ့အသိလည်း ရှိဖို့လိုပါသေးတယ်။ ဒါမှသာ တစ်ဦးပေါ်တစ်ဦး စိတ်ဝင်စားမှုတွေရှိမယ်၊ လိုလိုလားလားရှိမယ်။ ဒီလိုအသိတွေရှိမှသာ လက်တွဲဖော်ကို ဦးစားပေးလုပ်ဆောင်ပေးမှာပါပဲ။
အချစ်(သို့)ချစ်ခြင်းမေတ္တာက တကိုယ်ကောင်းမဆန်ဘူး ကိုယ်ကျိုးမငဲ့ဘူး၊ တစ်ဦးရဲ့ ကိုယ်ရည်ကိုယ်သွေးကို ကြည့်မနေဘူး။ အချစ်ဆိုတာ အချင်းချင်း စကားမပြောပေမယ့် ချစ်တဲ့ အတွက် အလိုအလျောက် သိပြီးသား။ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မြန်မာ့ရုပ်ရှင်မှာ ‘‘စကား ပြောသော အသည်းနှလုံး’’ဆိုတဲ့ ရုပ်ရှင်ကား ရှိခဲ့ဘူးပါတယ်။ အဲ့ဒီအတိုင်းဟုတ်မှာပါလို့ ထင်မိပါ တယ်။ အသဲနှလုံးကနေ မပြောခဲ့ရင် ဒါက မေတ္တာစစ်၊ အချစ်မှန်မဟုတ်ခဲ့ရင် လက်တွဲဖော်ကို ယုံကြည်မှုလည်း ရှိနိုင်မယ်မထင်ဘူး။ အမြဲတမ်း သံသယတွေရှိနေပါလိမ့်မယ်။ တကယ်ချစ်တယ်ဆို ရင် ပထမဆုံး စချစ်ခဲ့တုန်းကလိုပဲ အမြဲတမ်း အချစ်တွေကို ဖော်ပြ ဆက်ဆံနေမှာပါပဲ။ လက်တွဲဖော်ဆိုတာ သူတော်စင်မဟုတ်ပါဘူး။ အဲ့ဒီတော့ မိမိတို့ရဲ့ ချစ်ခြင်းကို အထူးဂရုစိုက် ရပါမယ်။ take care of your marriage ပါ။ လက်တွဲဖော်ကို အကောင်းမြင်နိုင်ရမယ်။
အကယ်၍များ မိမိတို့အချစ်က ပြတ်တောက်ချင်နေပြီဆိုရင် ကောင်းတဲ့ဖက်ကိုပဲ မြင်ပေးပါ။ ဘဝကြီးက မိမိကိုယ် သံပုရာသီးပေးလို့ ဒီတိုင်းစားရင် ချဉ်မှာပေါ့။ ဒါဆိုရင် သံပုရာရည် ဖျော်သောက် လိုက်ပါ။ သကြားပါလာတဲ့အတွက် သောက်လို့ကောင်းလာမှာ မဟုတ်ဘူးလား။ တိမ်မည်းတွေရဲ့ ဘေးပတ်လည်မှာ ငွေရောင်လိုင်းတွေ ကွပ်ထားသလို မိမိဘက်က ကြည့်လို့မည်းမှောင်နေရင် လင်းတဲ့ဘက်ကို ရွေးကြည့်လိုက်ပါ။ Bad Luck ပြီးရင် Good Luck ဆိုတာ လာမှာပါပဲ။ Turn Pressure into pleasure ပေါ့နော်။
လက်တွဲဖော်ကို ဘယ်လောက်ချစ်တယ်ဆိုတာ မနက်မိုးလင်းတိုင်း အချိန်ရတိုင်း တစ်နေ ကုန် ပြောလို့ရပါတယ်။ ညမိုးချုပ်မှ မပြောမိပါစေနဲ့၊ လက်တွဲဖော်အတွက် အချိန်ဦးစားပေး အချိန် ပေးပေးပါ။ အိမ်ထောင်တစ်ခုရဲ့ တာဝန်တွေဖြစ်တဲ့ ငွေရေးကြေးရေးကိစ္စတွေ အိမ်မှုကိစ္စတွေ၊ ကလေးထိန်းပေးတာတွေကစလို့ အားလုံး နှစ်ဦးမျှပြီး တာဝန်ယူ လုပ်ဆောင်ပေးရမှာပါ။ ဒါတွေက ချစ်တယ်ဆိုတဲ့ ဝေါဟာရအတွက် သက်သေပြနေတာပဲဖြစ်ပါတယ်။
ဘဝဆိုတာ ပဲ့တင်သံလိုပဲ မိမိက တစ်ဦးတစ်ယောက်ကို ဘာတွေပဲ ပစ်လိုက်ပါစေ၊ ပစ်လိုက် တဲ့ အတိုင်း ပြန်လာမှာပါပဲ၊ မိမိက Peace လိုချင်ရင် Peace ဆိုတဲ့ မျိုးစေ့ကို စိုက်ပျိုးရမှာပါ။
ဒါကြောင့် လက်တွဲဖော်အချင်းချင်း ချစ်ချစ်ခင်ခင်နဲ့ သက်ဆိုင်းတိုင် ချစ်နိုင်ဖို့ ရည်ရွယ်ရင်း ဒီနေ့အတွက် နိဂုံးချုပ်ပါတယ်။

