
ကော်ဖီ
ကိုယ်စီအောင်မြင်နေတဲ့ ကျောင်းသားဟောင်းတစုဟာ သူတို့ရဲ့ပရော်ဖက်ဆာဟောင်းအိမ်မှာ လာရောက်ဆုံတွေ့ကြတယ်။ သူတို့အများစုဟာ အထင်ကြီးစရာကောင်းတဲ့ အလုပ်အကိုင်များ ဂုဏ်သိက္ခာရှိသော ရာထူးများ ရရှိထားကာ ပြည့်စုံတဲ့ဘဝများကို ပိုင်ဆိုင်ထားကြတယ်။
ပရော်ဖက်ဆာကြီးပြင်ဆင်နေတဲ့ ကော်ဖီကို စောင့်နေတုန်း သူတို့ စကားဝိုင်းမှာ အလုပ်အကိုင်ဖိစီးမှုများ၊ ပင်ပန်းနွမ်းနယ်မှုများနဲ့ ရာထူးကြီးဘဝရဲ့ဖိအားများကို ပြောဆိုပြီး အချို့က ရယ်မောကြတယ်၊ အချို့က မကျေမနပ်ပြောဆိုကြတယ်၊ အချို့က ဒဿနဆန်ဆန် တွေးတောကြတယ်။
ပရော်ဖက်ဆာကြီးဟာ ကော်ဖီခွက်များကို ဘန်းကြီးထဲထည့် သယ်လာတယ်။ အချို့ ကြွေခွက်၊ အချို့ ဖန်ခွက်၊ အချို့ မြေစေးခွက်၊ အချို့ ပလတ်စတစ်ခွက်၊ အချို့ လှပတဲ့ခွက်၊ အချို့ နှုတ်ခမ်းပဲ့နေတဲ့ခွက်၊ အချို့ ခွက်သေး စသဖြင့် ခွက်ပုံစံအမျိုးမျိုးဖြစ်နေတယ်။
ဧည့်သည်တွေ ခွက်ရွေးချယ်ယူနေတာကို ပရော်ဖက်ဆာကြီး တိတ်တိတ်ဆိတ်ဆိတ် စောင့်ကြည့်နေတယ်။ ဒီနောက် ပရော်ဖက်ဆာကြီးက..
“ဆရာ သတိထားမိတယ်၊ မင်းတို့အားလုံး အကောင်းဆုံးခွက်၊ အလှဆုံးခွက်၊ အကြီးဆုံးခွက်တွေကိုပဲ ရွေးယူကြတယ်။ ဟောင်းနေတဲ့ခွက်၊ ပလတ်စတစ်ခွက်၊ ခွက်ငယ်တွေကျ တစ်ယောက်တောင် မရွေးခဲ့ဘူး။ ဒါက အလုပ်ခွင်မှာ မင်းတို့ ဖိစီးမှုခံနေရတဲ့အကြောင်း အရင်းအမြစ်ပဲ။”
“မင်းတို့ လိုချင်တာက ကော်ဖီ, ခွက်မဟုတ်ဘူး။
ဒါပေမဲ့ မင်းတို့ဟာ ခွက်ကိုပဲ ရွေးချယ်နေကြတယ်။
အဲဒါ မင်းတို့လိုချင်တဲ့ အနှစ်သာရမဟုတ်ဘူး။“
“ဘဝဆိုတာ ကော်ဖီလိုပဲ။ အလုပ်အကိုင်၊ လစာ၊ ဂုဏ်သိက္ခာ၊ အိမ်၊ ကား — အဲဒါတွေက ‘ခွက်’ သက်သက်ပဲ။ အဲဒါတွေက ဘဝရဲ့ကြွယ်ဝမှုကို မသတ်မှတ်နိုင်ဘူး။”
“တစ်ခါတစ်ရံ ဆရာတို့ဟာ ‘ခွက်’ ကို အရမ်းစိတ်ဝင်စားလွန်းသွားကြပြီး ကော်ဖီကို အရသာခံဖို့ မေ့သွားကြတယ်။”
ဒါကြောင့် ပျော်ရွှင်စွာ အရသာခံပြီး ကော်ဖီသောက်ပါ။ ခွက်တွေ နှိုင်းယှဥ်ဖို့ မဟုတ်ဘူး၊ ယှဥ်ပြိုင်ဖို့ မဟုတ်ဘူး၊ ဘေးတစောင်းကြည့်ဖို့ မဟုတ်ဘူး။
“ဘာလို့လဲဆိုတော့ အပျော်ဆုံးလူတွေဟာ အရာရာတိုင်းမှာ အကောင်းဆုံးကို ပိုင်ဆိုင်ထားသူတွေ မဟုတ်ဘဲ သူတို့မှာ ရှိတာတွေကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို သိတဲ့သူတွေ ဖြစ်လို့ပါ။”

