ပထမကိုယ်တော်မြတ်စက္ကရမင်တူးခံယူခြင်းနှင့် ခရစ္စမားအားပေးခြင်းစက္ကရမင်တူးခံယူးခြင်း။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ စိန့်ဂျွန်း သာသနာစီရင်စု၌ ပထမကိုယ် တော်မြတ်နှင့် ခရစ္စမား အားပေးခြင်း စက္ကရမင်တူး ခံယူခြင်းမစ္ဆားတရားတော်မြတ်ကို (၃၊၈၊၂၀၂၅) တနင်္ဂနွေနေ့ နံနက် ၈:ဝဝ အချိန်တွင် စိန့်ဂျွန်းဘုရားကျောင်း၌ ဆရာတော်ကြီး မာကု ဦးတင်ဝင်းမှ ဦးဆောင်ပူဇော်ပေးခဲ့ ပါသည်။

ပထမကိုယ်တော်မြတ်စက္ကရမင်တူးခံယူသူ ၂၉ ယောက်နှင့် ခရစ္စမားအားပေးခြင်း စက္ကရမင်တူး ခံယူသူ ၂၈ ယောက် စုစုပေါင်း ကလေးသူငယ် ၅၇ ယောက်သည် ဆရာတော်ကြီး မာကုဦးတင်ဝင်းလက်တော်မှ ပထမကိုယ်တော်မြတ် နှင့် ခရစ္စမားအားပေးခြင်း စက္ကရမင်တူး ကိုခံယူရရှိခဲ့ပါသည်။

မစ္ဆားတရားတွင် ခရစ္စမားအားပေးခြင်းစက္ကရမင်တူး အကြောင်းဟောကြားရာတွင် ဆရာတော်က ခုလိုပြောကြားခဲ့ပါသည်။

“ကျွန်ုပ်တို့ ဘာသာဝင်တွေတော်တော်များများအသက် ၈ နှစ်ကနေ အဖိုးအဘွားတွေအထိ ခရစ္စမားအား ပေးခြင်းကို ခံယူခဲ့ကြတယ် ကိုယ်ခံယူလိုက်တဲ့ ခရစ္စမားအားပေးခြင်း စက္ကရမင်တူးအကြောင်းကို ပြန် စဉ်းစားကြရအောင် သခင်ယေဇူး၏ တပည့်တော်ကြီးတွေတမန်တော်ကြီးတွေ သူတို့ဆုတောင်း နေတဲ့ အခါမှာသန့်ရှင်းသော ဝိညာဉ်တော်ဘုရားကို ခံယူရရှိပြီး ကမ္ဘာအရပ်ရပ်ကို သွားပြီး သာသနာပြုနိုင်ခဲ့တဲ့ တရားတော်များကို ဟောကြားနိုင်ခဲ့တယ် အဓိပ္ပာယ်ကဘာလဲဆိုတော့ ဝိညာဉ်တော်မြတ်ကို ခံယူရရှိတဲ့ အတွက် ပြောင်းလဲ သွားခဲ့ကြတယ်။

တပည့်တော် ၁၂ ထဲမှာတစ်ပါးက သံပေတရုလို့ခေါ်တယ် သံပေတရုရဲ့ အရိုက်အရာကို ကက်သလစ်သာသနာတော်ကြီးရဲ့ ပုပ်ရဟန်းမင်းကြီးများက ခေတ်အဆက်ဆက် ဆက်ခံတယ် ကျန်တဲ့ ၁၁ ပါးရဲ့ အရိုက်အရာကို သာသနာတော်ကြီး၏ ဆရာတော်ကြီးများ ကဆက်ခံတယ် ဒါကြောင့် ဒီနေ့ ခရစ္စမားကိုခံယူကြမဲ့ သားတွေသမီးတွေအပေါ်မှာ ဆရတော်က လက်ကိုတင်ပြီး ဆုတောင်းပေးတဲ့အခါမှာ သန့်ရှင်းသောဝိညာဉ်တော်မြတ်ကို ခံယူရရှိတာဖြစ်တယ် အဲ့ဝိညာဉ်တော် မြတ်ခံယူရရှိတာကို ဒီနေ့ခရစ္စမားအားပေးခြင်း စက္ကရမင်တူး ခံယူတယ်လို့ခေါ်ပါတယ်။

ဒီနေ့ကမ္ဘာကြီးမှာ ကျွန်ုပ်တို့အိမ်ထောင်စုတွေမှာ စိုးရိမ်သောကမှုတွေနဲ့ ပြည့်နေတယ်ဆိုတာအားလုံးအသိပါ ဒါတွေကိုဝိညာဉ်တော်အားဖြင့် နှစ်သိမ့်မှု၊ ညဏ်ပညာ၊ အကြံညာဏ်တွေရပါစေ။ ကိုယ်ယုံကြည်တဲ့တရားတွေကို ရဲဝံ့စွာသက်သေခံနိုင်ပါစေ၊ ခရစ္စမားအားပေးခြင်းခံယူပြီးနောက် ဘုရားတရားကို ပိုပြီးကြည်ညိုလေးစားယုံကြည်နိုင်ပါစေ။

ဒီနေ့ကိုယ့်ရဲ့သားသမီးတွေဒီထဲမှာပါရင် အဖေအမေတွေနဲ့ခေါင်းကိုင်မိဘတွေမှာ လည်းတာဝန်ရှိတယ် ဆက်ပြီးသင်ပေးပါ။ ခရစ္စမားအားပေးခြင်းခံရတဲ့အခါမှာ ဆရာတော်ကြီးက ဆီဖြင့်လိမ်းပြီး အသိအမှတ်ပြုပေးလိုက်တာဟာ မင်းတို့ကို သာသနာတော်က စိတ်ချပြီ၊ မင်းတို့အားလုံးက ကက်သလစ်ဘာသာတရားမှာ ထာဝရသေတဲ့ထိ ဘာသာတရားမှာ ယုံကြည်စွာနဲ့ မြဲမြံပါပြီ၊ နားလည်ပါပြီ၊ တရားတွေကိုလည်းကျင့်ကြံနေပါပြီ၊ သာသနာကိုလည်း ပိုမိုတိုးပွားအောင် ပြုလုပ်နေကြပါပြီ သင်တို့တစ်ယောက်ချင်းစီ၊ သားသမီး မြေးမြစ်တွေထိ ဒီတရားတော်မြတ်ကို ပေးနေပါတော့မယ်ဆိုတာကို စိတ်ချပါပြီဆိုတဲ့ သင်္ကေတနဲ့ ဆရာတော်ကနှဖူးမှာ ခရစ္စမားဆီနဲ့ လိမ်းပြီး အသိအမှတ်ပြုပေးတာဖြစ်ပါတယ်။ဒါကခရစ္စမားအားပေးခြင်းစက္ကရမင်တူး ခံယူခြင်းရဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။

ယနေ့ဤသားသမီးတွေသည် သန့်ရှင်းသော ဝိညာဉ်တော်လည်းခံယူပြီးပြီ၊ ကျွန်ုပ်တို့ကက်သလစ် သာသနာတော်အတွက် ဂုဏ်ယူစရာ၊ အမြဲအားအင်တွေ ရှိနေမဲ့ ယုံကြည်စိတ်ချရတဲ့ ဘာသာဝင်တွေ ဖြစ် ပြီး ဒီကပဲ ဘုန်းကြီးတွေလည်းဖြစ်လာဦးမယ်၊ သီလရှင်တွေလည်းဖြစ်လာဦးမယ် သာသနာပြုလုပ် ငန်းတွေကို ဦးဆောင်နိုင်တဲ့သူတွေဖြစ်လာမယ်။ ဒါတွေဟာ ဒီနေ့ကျွန်ုပ်တို့ ခရစ္စမားအားပေးခြင်းခံယူ ခြင်းရဲ့ အဓိပ္ပာယ်နဲ့ ကျွန်ုပ်တို့ ဒီနေ့ကလေးတွေကို ရှေ့ကို ပို့ဆောင်လာခြင်းဖြစ်ပါတယ်။” ဟု ဆရာတော်ကြီး မာကုဦးတင်ဝင်းမှ ပြောကြားခဲ့ပါသည်။

Photo&News- Paul

visit us 👇👇👇👇👇

Website: rvamyanmar.org

#LocalNews#rvamyanmar#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *