မိုးရွာတာတွေ၊ တိမ်တွေ ဘယ်မှာ ဖြစ်တာလဲ?

စဉ်းစားကြည့်ပါ… သင်အခု အသက်ရှူနေတဲ့လေ၊ ကောင်းကင်မှာ တိမ်တွေပြေးလွှားနေတာ၊ မိုးတွေရွာချတာ၊ လေပြင်းတွေတိုက်ခတ်တာတွေ အားလုံးဟာ ဘယ်နေရာမှာ ဖြစ်ပျက်နေတယ် ထင်ပါသလဲ။ အဲဒါတွေအားလုံးဟာ ကမ္ဘာမြေမျက်နှာပြင်နဲ့ အနီးဆုံး၊ အလွန်ပါးလွှာတဲ့ ထရိုပိုစဖီးယား (Troposphere) လို့ခေါ်တဲ့ မြေနီးလေထုအလွှာကြီးထဲမှာ အားလုံး ဖြစ်ပျက်နေတာပါ။ ဒီအလွှာသာ မရှိရင် လူသားတွေ အပါအဝင် ကမ္ဘာပေါ်က သက်ရှိတွေ တစ်စက္ကန့်တောင် အသက်ရှင်လို့ မရပါဘူး။

ထရိုပိုစဖီးယားအလွှာဟာ မြေပြင်ကနေ အစပြုပြီး အထက်ကို ၁၂ ကီလိုမီတာ (ခန့်မှန်းခြေ ၇.၅ မိုင်ကနေ ၈ မိုင်ခန့်) အထိ မြင့်တက် တည်ရှိပါတယ်။ မြေပြင်နဲ့ နီးလေလေ ပိုသိပ်သည်းလေဖြစ်ပြီး၊ အာကာသဘက်ကို တက်သွားလေလေ လေထုဖိအားနဲ့ အောက်ဆီဂျင် ပမာဏတွေ နည်းပါးသွားလေလေ ဖြစ်ပါတယ်။

အံ့သြစရာကောင်းတာက ကမ္ဘာ့လေထု စုစုပေါင်းထုထည်ရဲ့ ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ ဟာ ဒီ ထရိုပိုစဖီးယားအလွှာထဲမှာပဲ အဓိက စုစည်းတည်ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်ုပ်တို့ ရှူရှိုက်စရာ အောက်ဆီဂျင်နဲ့ အသက်ရှင်သန်မှုအတွက် လိုအပ်သမျှ အားလုံးဟာ ဒီအလွှာထဲမှာပဲ ပြည့်စုံနေတာပါ။

ဒီအလွှာရဲ့ အထူးခြားဆုံး အချက်ကတော့ ကမ္ဘာ့ရာသီဥတု ဖြစ်စဉ် အားလုံးနီးပါး ဒီနေရာမှာပဲ ဖြစ်ပျက်နေတာပါပဲ။ နေရောင်ခြည်က မြေပြင်ကို ပူစေတဲ့အခါ ပူလာတဲ့လေတွေက အပေါ်ကို တက်လာပြီး၊ အေးတဲ့လေတွေက အောက်ကိုဆင်းလာတဲ့ ဓာတ်သဘောအရ လေထု လှည့်ပတ်မှုတွေ ဖြစ်ပေါ်ပါတယ်။ အဲဒီကနေမှတစ်ဆင့် –

  • မိုးရွာခြင်း၊ နှင်းကျခြင်း
  • မုန်တိုင်းတိုက်ခတ်ခြင်းနဲ့ လေထန်ခြင်း
  • တိမ်တွေဖြစ်ပေါ်ခြင်းနဲ့ သက်တံပေါ်လာခြင်း စတဲ့ ရာသီဥတု အပြောင်းအလဲ မှန်သမျှဟာ ဒီထရိုပိုစဖီးယားအလွှာထဲမှာပဲ ကပြဖျော်ဖြေနေကြတာ ဖြစ်ပါတယ်။

အကျဉ်းချုပ်ပြောရရင် ထရိုပိုစဖီးယားဆိုတာ ကျွနု်ပ်တို့ရဲ့ အိမ်၊ အသက်ရှူစရာနေရာနဲ့ ရာသီဥတုရဲ့ အစပြုရာ ချက်မြုပ်ဒေသပဲ ဖြစ်ပါတယ်။ လေယာဉ်ပျံအများစုတောင်မှ ဒီအလွှာရဲ့ အပေါ်ဆုံးစွန်းနားလေးမှာပဲ ပျံသန်းကြရတာပါ။

ဒါကြောင့် ဒီပါးလွှာပြီး အဖိုးတန်လှတဲ့ မြေနီးလေထုအလွှာကြီးကို ညစ်ညမ်းမှုတွေ မဖြစ်အောင်၊ ကာဗွန်တွေ မတိုးလာအောင် ထိန်းသိမ်းဖို့ဆိုတာ ကျွန်ုပ်တို့ လူသားတွေရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။

Edited & Presented by Steven Htike

rvamyanmar
rvamyanmar
Articles: 4356

Leave a Reply

Your email address will not be published. Required fields are marked *