
ပုပ်ရဟန်းမင်းကြီး လီယို ဗာတီကန် ရဲတပ်ဖွဲ့အတွက် မစ္ဆားတရားတော်မြတ် ကျင်းပပေး။

အောက်တိုဘာလ ၃ ရက်၊ စနေနေ့ မွန်းလွဲပိုင်းတွင် ပုပ်ရဟန်းမင်းကြီး လီယိုသည် သစ်လွင်တပ်ဖွဲ့ဝင် ၁၅ ဦး၏ သစ္စာဆိုပွဲ အခမ်းအနားအပြီး ဗာတီကန် ဥယျာဉ်အတွင်းရှိ လူးဒ်မယ်တော်ဂူ (Lourdes Grotto) ၌ ဗာတီကန် ရဲတပ်ဖွဲ့ (Vatican Gendarmerie Corps) အတွက် မစ္ဆားတရားတော်မြတ်ကို ဦးဆောင် ကျင်း ပပေးခဲ့ပါသည်။
ပုပ်ရဟန်းမင်းကြီးသည် ၎င်း၏ တရားဒေသနာတော်တွင် ရဲတပ်ဖွဲ့၏ ကတိကဝတ်နှင့် စိတ်ဓာတ်ကို ထင်ဟပ်စေသည့် အဓိက ကြိယာ ၃ ခုဖြစ်သော “အမှုတော်ထမ်းရန်၊ ကာကွယ်စောင့်ရှောက်ရန်နှင့် လုံခြုံ စွာထိန်းသိမ်းရန်” ကို မီးမောင်းထိုးပြခဲ့သည်။
ပုပ်ရဟန်းမင်းကြီး လီယို၏ မိန့်ခွန်းမှ အဓိက သတင်းစကားများ –
🔹 အမှုတော်ထမ်းခြင်းမှတစ်ဆင့် အာဏာကို ဖော်ပြခြင်း – သတင်းကောင်း (ခရစ်ယာန်ဧဝံဂေလိတရား) ၏ အလင်းရောင်အောက်တွင် ကြည့်ရှုပါက အာဏာဆိုသည်မှာ အခြားသူများကို မျှတမှု၊ တည်ငြိမ်မှု၊ စည်းကမ်းနှင့် လေးစားမှုတို့ဖြင့် ကာကွယ်ပေးခြင်း၊ နားထောင်ပေးခြင်းနှင့် အတူလိုက်ပါပေးခြင်းတို့တွင် အဓိက ထင်ရှားပေါ်လွင်ပါသည်။
🔹 စပျစ်ခြံမှ လုပ်သားများ – ပုပ်ရဟန်းမင်းကြီးသည် ရဲတပ်ဖွဲ့ဝင်များအား အဆောက်အအုံများနှင့် အဝင်ဝများကိုသာမက အဓိကအားဖြင့် လူသားများကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ပေးအပ်ခြင်း ခံရသော လုပ်သားများအဖြစ် မိန့်ကြားခဲ့သည်။ ၎င်းတို့၏ တာဝန်များကို နှိမ့်ချမှု၊ သတိရှိမှု၊ ထိန်းသိမ်း စောင့်ရှောက်မှုနှင့် စိတ်ရောကိုယ်ပါ မြှုပ်နှံမှုတို့ဖြင့် ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။
🔹 ယုံကြည်ခြင်း၌ အမြစ်တွယ်ခြင်း – တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့၏ ဘဝများကို ယေဇူးခရစ်တော်၌ ဗဟိုပြုခြင်းဖြင့် စိတ်၏ကြည်လင်မှုနှင့် ငြိမ်းချမ်းမှုကို ရှာဖွေကြရန်၊ အာဏာကို နှိမ့်ချမှုနှင့်လည်းကောင်း၊ နူးညံ့သိမ်မွေ့မှုကို သနားကြင်နာတတ်သော နှလုံးသားနှင့် လည်းကောင်း ပေါင်းစပ်ကျင့်သုံးကြရန် ဖိတ်ခေါ်ခဲ့သည်။
🔹 နှလုံးသားကို စောင့်ရှောက်ခြင်း – ခန္ဓာကိုယ်ပိုင်းဆိုင်ရာ နိုးနိုးကြားကြားရှိမှုအပြင် မိမိကိုယ်ကို စောင့် ရှောက်ခြင်း၏ အရေးပါမှုကိုလည်း ပုပ်ရဟန်းမင်းကြီး လီယိုက အလေးပေးပြောကြားခဲ့သည်—မိမိ၏ နှလုံးသား ခက်ထန်မာကြောမသွားစေရန် စောင့်ရှောက်ခြင်း၊ သန့်ရှင်းသော ဟိရိဩတ္တပ္ပစိတ်ကို ထိန်း သိမ်းခြင်းနှင့် မည်သည့်တပ်ဖွဲ့ဝင်မျှ တစ်ကောင်ကြွက် မဖြစ်စေဘဲ ညီအစ်ကို မောင်နှမစိတ်ဓာတ်ကို မြှင့်တင်ပေးခြင်းတို့ ဖြစ်သည်။
ရဟန်းမင်းမြတ်သည် တပ်ဖွဲ့ဝင်ဟောင်းများနှင့် အသစ်သစ္စာဆိုခဲ့သည့် တပ်ဖွဲ့ဝင် ၁၅ ဦးစလုံးကို ၎င်းတို့၏ အစောင့်အရှောက် စိန့်မိုက်ကယ် ကောင်းကင်တမန်မင်းထံ အပ်နှံရင်း ၎င်းတို့၏ အမှုတော်ထမ်းဆောင်မှုတွင် အစဉ်အမြဲ ယုံကြည်စိတ်ချရသူ၊ သတိရှိသူနှင့် သစ္စာရှိသူများအဖြစ် ဆက်လက်တည်ရှိကြရန် အားပေးတိုက်တွန်းရင်း နိဂုံးချုပ်ခဲ့ပါသည်။
#Vatican #PopeLeo #VaticanNews #Catholic #SaintMichael #VaticanGendarmerie
Fr. Peter Kyi Maung
credit to vatican news



