ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို သည် ၂၀၂၆ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့တွင် ကျ ရောက်သော (၂၂) ကြိမ်မြောက် သာမန်ကာလ တနင်္ဂနွေနေ့ တရား

ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို သည် ၂၀၂၆ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့တွင် ကျရောက်သော (၂၂) ကြိမ်မြောက် သာမန်ကာလ တနင်္ဂနွေနေ့ တရား

ဒေသနာ၌ ကက်သလစ်ဘာသာဝင်များအနေဖြင့် မုန်းတီးမှု၊ ဂလဲ့စားခြေလိုမှုနှင့် အကြမ်းဖက်မှုများကို ငြင်းပယ်ကြရန်နှင့် အမှန်တရား၊ ခွင့်လွှတ်ခြင်း၊ ငြိမ်းချမ်းရေးနှင့် ရင်ကြားစေ့ရေးတို့မှတစ်ဆင့် ခရစ် တော်၏ လမ်းစဉ်ကို လိုက်လျှောက်ကြရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။

ယေရမိအနာဂတ္တိကျမ်း ၂၀:၇-၉၊ ရောမဩဝါဒစာ ၁၂:၁-၂ နှင့် ရှင်မာတေဦးခရစ်ဝင် ၁၆:၂၁-၂၇ ကျမ်းပိုဒ် များကို အခြေခံ၍ ဆရာတော်ကြီးက ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ခရစ်ယာန် တစ်ဦးချင်းစီနှင့် အသင်းတော်အတွက်သာမက ပဋိပက္ခ၊ အကြမ်းဖက်မှု၊ နေရပ်စွန့်ခွာရမှု၊ ဆင်းရဲဒုက္ခနှင့် မရေရာမှုများကို ဆက်လက်ရင်ဆိုင်နေရသော မြန်မာနိုင်ငံအတွက်ပါ အရေးကြီးသော သတက်းစကာကို ပေးအပ် နေခြင်း ဖြစ်သည်ဟု မိန့်ကြားခဲ့သည်။

ယုံကြည်ခြင်း၏ မီးလျှံ

 ယေရမိအနာဂတ္တိကျမ်းအကြောင်းကို ထောက်ရှုဟေားကြားရာတွင် ကာဒီနယ်ဘိုက ယေရမိသည် ဘု ရားသခင်၏ အမှန်တရားကို ဟောပြောခဲ့ခြင်းကြောင့် ပယ်စွန့်ခြင်း၊ လှောင်ပြောင်ခံရခြင်းနှင့် ဆင်းရဲ ဒုက္ခ များကို ကြုံတွေ့ခဲ့ရသော်လည်း သူ၏ ခေါ်ယူခြင်းခံရမှုကို စွန့်လွှတ်၍ မရခဲ့ကြောင်း ထောက်ပြခဲ့သည်။ ယေရမိက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို “ငါ့နှလုံးထဲ၌ လောင်ကျွမ်းသော မီးကဲ့သို့ရှိ၏” ဟု ဖော်ပြခဲ့သည်။

ယင်းသည် ယုံကြည်ခြင်း၏ နက်နဲသော အမှန်တရားကို ဖော်ပြနေခြင်းဖြစ်ကြောင်း၊ ဘုရားသခင်၏ မေတ္တာတော်သည် လူတစ်ဦး၏ နှလုံးသားကို ထိတွေ့လိုက်သောအခါ ထိုသူသည် ဆင်းရဲဒုက္ခနှင့် အခက် အခဲများ ကြုံတွေ့ရသည့် တိုင်အောင် ဘုရားသခင်ကို အလွယ်တကူ စွန့်လွှတ်နိုင်မည် မဟုတ်ကြောင်း ဆရာတော်ကြီးက မိန့်ကြားခဲ့သည်။

ဘုရားသခင် နောက်သို့ လိုက်လျှောက်ခြင်းသည် ပြဿနာကင်းစင်သော ဘဝကို ပိုင်ဆိုင်ရမည်ဟု မဆို လိုကြောင်း ဘာသာဝင်များကို သတိပေးခဲ့သည်။ ထို့ပြင် နောက်လိုက်ခရစ်ယာန် ဖြစ်ခြင်း မှာ  လက် ဝါးကပ်တိုင် လမ်းစဉ်ကို လျှောက်လှမ်းခြင်းလည်း ပါဝင်နိုင်သည်။

“ဘုရားသခင် နောက်သို့ လိုက်ခြင်းသည် အချို့အချိန်များတွင် လက်ဝါးကပ်တိုင် လမ်းစဉ် ဖြစ်နိုင်သည်။” ဟု မိန့်ကြားရင်း အမှန်တရားကို ရွေးချယ်ခြင်းအတွက် စနစ်တကျ စွန့်လွှတ်အနစ်နာခံမှုများ လိုအပ် နိုင်ကြောင်း၊ ခွင့်လွှတ်ခြင်းအတွက် နှိမ့်ချမှု လိုအပ်နိုင်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ရင်ကြားစေ့ရေးကို တည်ဆောက်ရန်အတွက် သတ္တိနှင့် နာကျင်မှုကို ဖြတ်သန်းလိုသော ဆန္ဒတို့ လိုအပ်နိုင်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

လူတို့၏ အတွေးအခေါ် နှင့် ဘုရားသခင်၏ အကြံအစည်

ယေဇူးခရစ်တော်၏ ဒုက္ခခံယူခြင်းနှင့် သေခြင်းဆိုင်ရာ မိန့်မှာချက်ကို ပေတရုက ကန့်ကွက်ခဲ့သည့် ခရစ် ဝင်ကျမ်းပါ အကြောင်းအရာကို ဆင်ခြင်ရင်း ကာဒီနယ်ဘိုက လူတို့၏ အတွေးအခေါ်နှင့် ဘုရားသခင်၏ အကြံအစည်တို့အကြား ကွာခြားချက်ကို အလေးပေး ပြောကြားခဲ့သည်။ ယေဇူးက ပေတရုအား “သင် သည် ဘုရားသခင်၏ အကြံကို မထောက်၊ လူတို့၏ အကြံကိုသာ ထောက်သည်” ဟု မိန့်တော်မူခဲ့သည်။

ခရစ်ယာန်များအနေဖြင့် မိမိတို့၏ အတွေးအခေါ်နှင့် သဘောထားများကို ခရစ်တော်က ပုံသွင်းနေ သ လော သို့မဟုတ် လောက၏ တန်ဖိုးထားမှုများက ပုံသွင်းနေသလောဆိုသည်ကို ဆန်းစစ်ကြရန် ဆရာ တော်ကြီးက ဖိတ်ခေါ်ခဲ့သည်။ လောကကြီးက အာဏာ၊ ကလဲ့စားချေမှု၊ ပြိုင်ဆိုင်မှုနှင့် ရန်သူများအပေါ် အနိုင်ရရှိမှုကို မြှင့်တင်ပေးနိုင်သော်လည်း ခရစ်တော်ကမူ အစေခံခြင်း၊ ခွင့်လွှတ်ခြင်း၊ ရန်သူကို ချစ်ခြင်း နှင့် လူတိုင်း၏ ဂုဏ်သိက္ခာကို လေးစားခြင်းတို့ကို သွန်သင်ထားသည်။

ရှင်ပေါလု၏ ဩဝါဒစာကို ကိုးကား၍ ကာဒီနယ်ဘိုက “ဤလောက၏ ပုံစံကို မလိုက်ကြဘဲ စိတ်နှလုံး အသစ်အားဖြင့် ပြောင်းလဲခြင်းသို့ ရောက်ကြလော့” ဟု ဘာသာဝင်များကို တိုက်တွန်းခဲ့သည်။

ခရစ်ယာန်များအတွက် အကြီးမားဆုံး တိုက်ပွဲသည် စိတ်နှလုံးအတွင်း၌ ဖြစ်ပွားနိုင်ကြောင်း မိန့်ကြား ခဲ့သည်- ယင်းမှာ မုန်းတီးမှုနှင့် မေတ္တာ၊ ကလဲ့စားချေမှုနှင့် ခွင့်လွှတ်ခြင်း၊ ကြောက်ရွံ့မှုနှင့် ယုံကြည်ခြင်း၊ မျှော်လင့်ချက်မဲ့ခြင်းနှင့် မျှော်လင့်ချက်တို့အကြား ရုန်းကန်ရမှု ဖြစ်သည်။

“ငါတို့၏ စိတ်နှလုံးကို မည်သူက ပုံသွင်းနေသနည်း” ဟု ဆရာတော်ကြီးက မေးခွန်းထုတ်ခဲ့ပြီး မီဒီယာ၊ လူမှုကွန်ရက်၊ နိုင်ငံရေး ဝါဒဖြန့်မှုများ၊ ဒေါသ၊ ကြောက်ရွံ့မှုနှင့် အုပ်စုဖွဲ့စိတ်ဓာတ် စသည့် လွှမ်းမိုးမှု များကို ထောက်ပြခဲ့သည်။ ယင်းအစား ယေဇူးခရစ်တော်အား မိမိတို့၏ စိတ်နှလုံးကို ပုံသွင်းခွင့်ပေး ကြရန် ဘာသာဝင်များကို တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံအတွက် သဝဏ်လွှာ

မြန်မာနိုင်ငံ၏ အခြေအနေသို့ တိုက်ရိုက် ဦးလှည့်၍ ကာဒီနယ်ဘိုက ရှည်လျားလှသော ပဋိပက္ခနှင့် အကြမ်းဖက်မှုများကြောင့် ဖြစ်ပေါ်လာသည့် ဒုက္ခဆင်းရဲများကို အသိအမှတ်ပြုခဲ့သည်။ မိသားစုများစွာ ဝမ်းနည်းပူဆွေးနေရကြောင်း၊ လူငယ်များသည် မရေရာသော အနာဂတ်နှင့် ရင်ဆိုင်နေရကြောင်း၊ က လေးများ၏ ပညာရေးနှင့် အိပ်မက်များ ထိခိုက်ခဲ့ရကြောင်း၊ လူ့အဖွဲ့အစည်းများ ပိုမို ဝေးကွာ သွားရ ကြောင်းနှင့် လူအများအပြားသည် စိတ်နှလုံး၌ နက်ရှိုင်းသော ဒဏ်ရာများကို ထမ်းပိုးထားရကြောင်း မိန့် ကြားခဲ့သည်။

ဤသို့သော အခြေအနေမျိုးတွင် အသင်းတော်သည် မုန်းတီးမှုနှင့် ကလဲ့စားချေသည့် လမ်းစဉ်ထက် ဘုရားသခင်၏ လမ်းစဉ်ကို ဟောပြောရမည်ဖြစ်ကြောင်း ဆရာတော်ကြီးက ဆိုသည်။

“ဘုရားသခင်၏ လမ်းစဉ်သည် အမှန်တရားနှင့်ယှဉ်သော မေတ္တာ၏ လမ်းစဉ်ဖြစ်သည်” ဟု မိန့်ကြား ရင်း တရားမျှတမှုကို ရှာဖွေခြင်းသည် ကလဲ့စားချေရန် ဆင်ခြေတစ်ခု မဖြစ်သင့်ကြောင်း အလေးပေး ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးသည် အားနည်းချက်မဟုတ်၊ ခွင့်လွှတ်ခြင်းသည် ရှုံးနိမ့်ခြင်းမဟုတ်၊ ရင်ကြားစေ့ရေးသည် အတိတ်ကို မေ့ပျောက်လိုက်ခြင်း မဟုတ်ကြောင်း ဆရာတော်ကြီးက အလေးအနက် မိန့်ကြားခဲ့သည်။ ယင်းအစား ရင်ကြားစေ့ရေးဆိုသည်မှာ နာကျင်စရာ ဒဏ်ရာများကို အသိအမှတ်ပြုရင်း အတူတကွ မျှဝေပိုင်ဆိုင်မည့် အနာဂတ်ကို တည်ဆောက်ရန် ရွေးချယ်ခြင်းဖြစ်သည်။

လူငယ်များသို့ ပေးပို့သော သဝဏ်လွှာ

ကာဒီနယ်ဘိုသည် ပညာရေး၊ အလုပ်အကိုင်နှင့် အနာဂတ်အတွက် စိုးရိမ်မရေရာဖြစ်နေကြရသော မြန် မာ့လူငယ်များကိုလည်း မိန့်ခွန်းပြောကြားခဲ့သည်။ မိမိတို့၏ အိပ်မက်များကို လက်မလျှော့ကြရန် လူငယ် များကို အားပေးခဲ့သည်။

“မြန်မာနိုင်ငံ၏ အနာဂတ်ကို မုန်းတီးမှုဖြင့် တည်ဆောက်၍ မရနိုင်ပါ” ဟု မိန့်ကြားခဲ့သည်။ ယင်း အစား ပညာရေး၊ အမှန်တရား၊ သတ္တိ၊ မေတ္တာ၊ ခွင့်လွှတ်ခြင်းနှင့် ငြိမ်းချမ်းရေးတို့မှတစ်ဆင့် နိုင်ငံတော်ကို ကူညီတည်ဆောက်ကြရန် လူငယ်များကို တိုက်တွန်းခဲ့သည်။

ထို့ပြင် ငြိမ်းချမ်းရေးသည် လူတိုင်း၏ စိတ်နှလုံးထဲမှ စတင်ကြောင်း ဆရာတော်ကြီးက ဆက်လက် အလေးပေး မိန့်ကြားခဲ့သည်။ တစ်ဦးချင်းစီက မုန်းတီးမှုကို ငြင်းပယ်ခြင်း၊ အခြားသူများကို ခွင့်လွှတ် ခြင်း၊ ခံစားနေရသူများ၏ အသံကို နားထောင်ခြင်းနှင့် မိမိတို့နှင့် မတူညီသော လူများ၏ ဂုဏ်သိက္ခာကို လေးစားခြင်းတို့ပြုသည့်အခါ ငြိမ်းချမ်းရေး စတင်သည်။

“ငြိမ်းချမ်းရေးဆိုသည်မှာ အခြားသူတစ်ယောက်က အရင်စတင်ရမည့် အရာမဟုတ်ပါ။ ယင်းသည် ငါ့ထံမှ စတင်နိုင်ပါသည်” ဟု မိန့်ကြားခဲ့သည်။

လက်ဝါးကပ်တိုင် နှင့် ရှင်ပြန်ထမြောက်ခြင်း

လက်ဝါးကပ်တိုင်ကို ထမ်း၍ နောက်တော်သို့ လိုက်ရန် ယေဇူးသခင်၏ ဖိတ်ခေါ်ချက်ကို ဆင်ခြင်ရင်း ကာဒီနယ်ဘိုက ယနေ့အချိန်တွင် မြန်မာနိုင်ငံသည် ကြီးမားသော လက်ဝါးကပ်တိုင်ကို ထမ်းဆောင် နေရ ကြောင်း အသိအမှတ်ပြုခဲ့သော်လည်း လက်ဝါးကပ်တိုင်သည် ဇာတ်ပေါင်း အဆုံးသတ် မဟုတ်ကြောင်း ဘာသာဝင်များကို သတိပေးခဲ့သည်။ “လက်ဝါးကပ်တိုင်၏ နောက်ကွယ်တွင် ရှင်ပြန်ထမြောက်ခြင်း ရှိသည်” ဟု မိန့်ကြားရင်း ခရစ်ယာန်များအနေဖြင့် မျှော်လင့်ချက်ရှိသောသူများအဖြစ် ဆက်လက် တည်ရှိကြရန် အားပေးခဲ့သည်။

ယေရမိ၏ လောင်ကျွမ်းနေသော နှလုံးသားကို ကိုယ်စားပြုသည့် ယုံကြည်ခြင်း၊ မျှော်လင့်ချက်၊ မေတ္တာ၊ ငြိမ်းချမ်းရေးနှင့် ရင်ကြားစေ့ရေး၏ “မီးလျှံ” ကို ဆက်လက် တောက်လောင်နေစေရန် အသင်းတော် အား ဆရာတော်ကြီးက တိုက်တွန်းခဲ့သည်။

“ငါတို့၏ ဘုရားကျောင်းများသည် ဆုတောင်းရာ နေရာများ သာမက ငြိမ်းချမ်းရေး တည်ရှိရာ နေရာ များလည်း ဖြစ်လာရမည်” ဟု မိန့်ကြားခဲ့သည်။ ခရစ်ယာန် လူ့အဖွဲ့အစည်းများအနေဖြင့် စိတ်ဝမ်း ကွဲပြားမှုကို ပိုမိုနက်ရှိုင်းစေသည့် နေရာများ မဖြစ်ဘဲ “ရင်ကြားစေ့ရေး၏ တံတားများ” ဖြစ်လာကြရန် တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံအတွက် ဆုတောင်းချက်

တရားဒေသနာကို နိဂုံးချုပ်ရင်း ကာဒီနယ်ဘိုက ဘာသာဝင်များအား လောက၏ လမ်းစဉ်ထက် ခရစ် တော်၏ လမ်းစဉ်ကို ရွေးချယ်ကြရန် နှိုးဆော်ခဲ့သည်- မုန်းတီးမှုအစား အမှန်တရား၊ ကလဲ့စား ချေမှုအ စား ခွင့်လွှတ်ခြင်း၊ ကြောက်ရွံ့မှုအစား ယုံကြည်ခြင်း၊ မျှော်လင့်ချက်မဲ့မှုအစား မျှော်လင့်ချက်၊ စိတ်ဝမ်း ကွဲပြားမှုအစား ညီညွတ်ခြင်းနှင့် အကြမ်းဖက်မှုအစား ငြိမ်းချမ်းရေးတို့ကို ရွေးချယ်ကြရန်ဖြစ်သည်။

ဆရာတော်ကြီးသည် မြန်မာနိုင်ငံအတွက် အထူးဆုတောင်းပေးခဲ့ပြီး မိမိတို့ ပြည်သူများ၏ ဒဏ်ရာများ ကို ကုသပေးပါရန်၊ ဝမ်းနည်းပူဆွေးနေသော မိသားစုများကို နှစ်သိမ့်ပေးပါရန်၊ နေရပ်စွန့်ခွာရသူများကို ကာကွယ်ပေးပါရန်၊ လူငယ်များကို ခွန်အားပေးပါရန်၊ ခေါင်းဆောင်များအား အသိပညာနှင့် ကရုဏာ တရား ပေးပါရန်နှင့် လက်နက်ကိုင် ပဋိပက္ခများတွင် ပါဝင်နေသူများ၏ စိတ်နှလုံးကို ပြောင်းလဲပေးပါရန် ဘုရားသခင်ထံ ဆုတောင်းခဲ့သည်။

“သေနတ်သံများကို တိတ်ဆိတ်စေတော်မူပါ။ မုန်းတီးမှုများကို ငြိမ်သက်စေတော်မူပါ” ဟု ဆုတောင်း ရင်း မြန်မာပြည်သူများအနေဖြင့် “ဆင်းရဲဒုက္ခ၏ ငိုကြွေးသံများအစား ငြိမ်းချမ်းရေး၏ တေးသံကို” ကြားရပါစေကြောင်း ဆုတောင်းခဲ့သည်။

အသင်းတော်သည် ညီညွတ်ခြင်းနှင့် ရင်ကြားစေ့ရေး၏ အမှတ်သင်္ကေတ ဖြစ်လာပါစေကြောင်းနှင့် မြန် မာနိုင်ငံသည် မုန်းတီးမှုထက် မေတ္တာ၊ အကြမ်းဖက်မှုထက် ငြိမ်းချမ်းရေး၊ စိတ်ဝမ်းကွဲပြားမှုထက် ရင် ကြားစေ့ရေး၊ မျှော်လင့်ချက်မဲ့မှုထက် မျှော်လင့်ချက် စိုးမိုးသော တိုင်းပြည် ဖြစ်လာပါစေကြောင်း ကာဒီနယ်ဘိုက နိဂုံးချုပ် ဆုတောင်းပေးခဲ့သည်။

“သခင်ယေဇူခရစ်တော်၊ အကျွန်ုပ်တို့၏ စိတ်နှလုံးကို ပြောင်းလဲပေးတော်မူပါ။ အကျွန်ုပ်တို့ ပြည်သူ များကို ကုသပေးတော်မူပါ။ မြန်မာနိုင်ငံကို ငြိမ်းချမ်းရေးသို့ လမ်းပြတော်မူပါ” ဟု ဆုတောင်းခဲ့သည်။

ဘာသာပြန် – ဖာသာကြည်မောင်

rvamyanmar
rvamyanmar
Articles: 4201

Leave a Reply

Your email address will not be published. Required fields are marked *