ပေတရုကဲ့သို့ စိတ်ရှုပ်ထွေးနေချိန်၌ပင် သခင်ဘုရားနှင့် ဆွေးနွေးတိုင်ပင်ပါ။

ကက်စတယ် ဂန်ဒေါဖိုး (Castel Gandolfo) တွင် ပြုလုပ်သော တနင်္ဂနွေနေ့ အန်ဂျေလူး မေတ္တာဆိုပွဲ မိန့် ခွန်း၌ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ရှင်ပေတရုသည် လူသားဆန်သူတစ်ဦးဖြစ်ကြောင်းနှင့် ကျွန်ုပ် တို့သည်လည်း ရှင်ပေတရုကဲ့သို့ပင် “စိတ်နှလုံး ရှုပ်ထွေးနေချိန်၌ပင် မိမိတို့ အမှန်တကယ် ခံစားရသည် များကို ယေဇူးသခင်အား နှိမ့်ချစွာ ပွင့်ပွင့်လင်းလင်း ပြောကြားသင့်ကြောင်း” ဘာသာဝင်များအား သတိပေး နှိုးဆော်ခဲ့သည်။“ကျွန်ုပ်တို့၏ ယုံကြည်ခြင်းဘဝနှင့် ဆုတောင်းခြင်းများတွင် ရှင်ပေတရု ကဲ့ သို့ စိတ်နှလုံး ရှုပ်ထွေးနေချိန်၌ပင် မိမိတို့ အမှန်တကယ် ခံစားရသည်များကို ယေဇူးသခင်အား နှိမ့်ချစွာ ပွင့်ပွင့်လင်းလင်း ပြောကြားနိုင်သည့် ရိုးသားဖြောင့်မတ်မှုမျိုး ရှိကြပါစေ။”

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ပြီးခဲ့သည့်ညက အယ်လ်ဘာနိုအိုင် (Lake Albano) တွင် ကျင်းပ သည့် ‘အိုင်၏ မယ်တော်’ မာရီယာ လှည့်လည်ပွဲ၌ ပါဝင်ပြီးနောက် ညဉ့်အိပ်တည်းခိုခဲ့သော ကက်စတယ် ဂန်ဒေါဖိုးတွင် တနင်္ဂနွေနေ့ အန်ဂျေလူး မေတ္တာဆိုစဉ် ယခုကဲ့သို့ အကြံပြု မိန့်ကြားခဲ့ခြင်းဖြစ်သည်။

ရဟန်းမင်းကြီးသည် တရားဒေသနာတော်တွင် သခင်ယေဇူးသခင်က တပည့်တော်များအား မိမိခံစား ရမည့် ဒုက္ခ၊ သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ ဆန်းကြယ်သော အမှန်တရားကို ဗျာဒိတ်တော် ဖွင့်ပြသည့် ထိုနေ့၏ရှင်မာတေဦးခရစ်ဝင်ကျမ်းလာ ဧဝံဂေလိတရားတော်ကို ပြန်လည် အမှတ်ရစေ ခဲ့ သည်။

လူ့သဘာဝ

သခင်ဘုရား မိန့်ကြားသည့်အရာသည် ရန်သူများကို အနိုင်ယူရန် ကူညီပေးမည့် အောင်ပွဲရ တန်ခိုးကြီး မားသော မက်ဆီးယား (ကယ်တင်ရှင်) ထံမှ ဘာသာဝင်တို့ မျှော်လင့်ထားသည့်အရာနှင့် အလွန်ပင် ကွာ ခြားကြောင်း၊ ထို့ကြောင့် ပေတရုသည် မကျေနပ်မှုကို ဖော်ပြခဲ့ပြီး အံ့အားသင့်ကာ စိတ်ပျက်လက် ပျက်ဖြင့် သခင်ယေရှုကို “သခင်၊ ကင်းလွတ်တော်မူပါ။ ဤသို့သော အမှုသည် ကိုယ်တော်၌ မဖြစ်ရပါ” ဟု ပြစ်တင်ခဲ့ကြောင်း ရဟန်းမင်းကြီးက မိန့်ကြားခဲ့သည်။

ဤအချက်သည် ကျွန်ုပ်တို့၏ လူ့သဘာဝကို ပြန်လည်စဉ်းစားစေကြောင်း ပုပ်ရဟန်းမင်းကြီးက ထောက်ပြခဲ့သည်။

“ကျွန်ုပ်တို့အတွက်လည်း ဘုရားသခင်၏ နည်းလမ်းများသည် မိမိတို့၏ နည်းလမ်းများနှင့် အလွန်ကွာ ခြားနေသည့်အခါ ထိုနည်းလမ်းများကို နားလည်ရန်နှင့် လက်ခံရန် အမြဲတမ်း မလွယ်ကူပါ” ဟု ၎င်းက ဝန်ခံခဲ့သည်။

ထို့အပြင် “ယုံကြည်ခြင်း၏ အကြောင်းပြချက်အားလုံးကို ဆန့်ကျင်ပြီး သခင်ဘုရားသည် မှားယွင်းနေသူ ဖြစ်သည်ဟု စဉ်းစားမိသည့် သွေးဆောင်ဖြားယောင်းမှု သို့မဟုတ် ပို၍ဆိုးသည်မှာ သခင်သည် ကျွန်ုပ် တို့၏ စကားကို နားမထောင် သို့မဟုတ် ကျွန်ုပ်တို့ကို ဂရုမစိုက်တော့ပါဟု ထင်မြင်မိသည့် သွေးဆောင် မှုများ ပေါ်ပေါက်လာတတ်သည်” ဟုလည်း အသိအမှတ်ပြုခဲ့သည်။

ရှင်ပေတရု သင်ကြားပေးသော အရေးကြီးသည့် သင်ခန်းစာများ

ဤမရေမရာဖြစ်မှုနှင့် ရင်ဆိုင်ရချိန်တွင် ပေတရုသည် သူ၏ စိတ်ဆန္ဒစောလွန်းသည့် သဘာဝတွင်ပင် ကျွန်ုပ်တို့အား အရေးကြီးသော အချက်နှစ်ချက်ကို သင်ကြားပေးနေကြောင်း ပုပ်ရဟန်းမင်းကြီး လီယို က အလေးပေးပြောကြားခဲ့သည်။

“ပထမအချက်မှာ ထိုကဲ့သို့သော ခက်ခဲသည့် အချိန်များ၌ပင် သခင်ဘုရားနှင့် တိုင်ပင်ဆွေးနွေးမှုကို မည်သည့်အခါမျှ မရပ်တန့်လိုက်ရန်ဖြစ်သည်” ဟု ၎င်းက မိန့်ကြားခဲ့သည်။ ထို့ပြင် “သခင်ဘုရားက ကျွန်ုပ်တို့ထံမှ တောင်းဆိုနေသည့်အရာကို နားလည်ရန် ခက်ခဲနေကြောင်းကို ကိုယ်တော်ထံ ယုံကြည် စိတ်ချစွာ လျှောက်ထားရမည်ဖြစ်သည်” ဟု နည်းလမ်းညွှန်ပြခဲ့သည်။

ဒုတိယအချက်မှာ “ဘုရားသခင်၏ လုပ်ဆောင်ချက်များကို မည်သည့်အခါမျှ ဆုံးဖြတ်ချက်မချဘဲ မိမိတို့ မျှော်လင့်ထားသည်များနှင့် မကိုက်ညီသည့်အခါ၌ပင် ကိုယ်တော်၏ လုပ်ဆောင်ချက်များမှတစ်ဆင့် ကျွန်ုပ်တို့အား ဖွင့်ပြထားသည်များကို နှိမ့်ချစွာဖြင့်၊ ဆုတောင်းလျက် နားထောင်ရန်ဖြစ်သည်” ဟု ဆက်လက်မိန့်ကြားခဲ့သည်။တမန်တော်ကြီးများ၏ ခေါင်းဆောင် ပေတရု၏ ကြီးမြတ်မှုသည် ဤနေရာ တွင်လည်း ထင်ရှားကြောင်း ပုပ်ရဟန်းမင်းကြီး လီယိုက မှတ်ချက်ပြုခဲ့သည်။

သခင်ယေဇူးက “အိုစာတန်၊ ငါ့နောက်သို့ ဆုတ်သွားလော့” ဟု ပြန်လည်မိန့်ကြားခဲ့ပြီး သူ၏ ခြေရာကို လိုက်ရန်အတွက် မိမိကိုယ်ကို ငြင်းပယ်ရန်၊ မိမိ၏ လက်ဝါးကပ်တိုင်ကို ထမ်း၍ နောက်တော်သို့ လိုက် ကြရန် ပေတရုနှင့် အခြားတပည့်တော်များအား ရှင်းပြခဲ့ကြောင်း ပုပ်ရဟန်းမင်းကြီးက ပြန်လည်အမှတ် ရစေခဲ့ကာ “ပေတရုသည် ထိုအတိုင်းပင် ပြုလုပ်လိမ့်မည်” ဟု ဘာသာဝင်များအား ထောက်ပြခဲ့သည်။

“သခင်ယေဇူး၏ စကားတော်ကို နားထောင်ပြီးနောက် ပေတရုသည် စိန်ခေါ်မှုကို လက်ခံကာ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး မိမိ၏ ကယ်တင်ရှင်အဖြစ် အသိအမှတ်ပြုခဲ့သော ခရစ်တော်၏ စကား တော်များအပေါ် သူ၏ ဘဝအဆုံး၊ တရားတော်အတွက် အသက်ပေးခဲ့သည့်အချိန်အထိ သစ္စာရှိစွာ တည်ရှိခဲ့သည်” ဟု ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့သည်။

လက်ဝါးကပ်တိုင် ခြေရင်း၌ပင် သားတော်အပေါ် သန့်ရှင်းသော မယ်တော်၏ နာခံမှု

ထို့ကြောင့် ပုပ်ရဟန်းမင်းကြီးသည် “ကျွန်ုပ်တို့သည်လည်း ယုံကြည်ခြင်းဘဝနှင့် ဆုတောင်းခြင်း များ တွင် ရှင်ပေတရုကဲ့သို့ စိတ်နှလုံး ရှုပ်ထွေးနေချိန်၌ပင် မိမိတို့ အမှန်တကယ် ခံစားရသည်များကို ယေဇူး သခင်အား နှိမ့်ချစွာ ပွင့်ပွင့်လင်းလင်း ပြောကြားနိုင်သည့် ရိုးသားဖြောင့်မတ်မှုမျိုး ရှိကြပါစေ” ဟု သခင်ဘုရားထံ မိမိနှင့်အတူ ဆုတောင်းရန် ဘာသာဝင်များအား ဖိတ်ခေါ်ခဲ့သည်။

“တစ်ချိန်တည်းမှာပင် ကျွန်ုပ်တို့ မျှော်လင့်ထားသည်ထက်ကျော်လွန်၍ ယေဇူးသခင် တောင်းဆိုသည့် အရာများကို လက်ခံရာတွင် ပေတရု၏ နူးညွှတ်သိမ်မွေ့သော နာခံတတ်သည့် စိတ်ဓာတ်မျိုးကို မွေးမြူ နိုင်ကြပါစေ” ဟု ဆက်လက်မိန့်ကြားခဲ့သည်။

“သားတော် ယေဇူး၏ လက်ဝါးကပ်တိုင် ခြေရင်း၌ပင် ဘုရားသခင်၏ အစီအစဉ်တော်များကို နာခံခဲ့ သည့်” သန့်ရှင်းသော အပျိုစင်မာရီယာသည် သူမ၏ စံနမူနာဖြင့် ကျွန်ုပ်တို့အား ကူညီပါစေကြောင်း ပုပ်ရဟန်းမင်းကြီး လီယိုက ဆုတောင်းပေးရင်း နိဂုံးချုပ်ခဲ့သည်။

Fr. Peter Kyi Maung

Credit to Vatican News

https://www.vaticannews.va/en/pope/news/2026-08/pope-at-angelus-30-august-2026-leo-xiv-castel-gandolfo.html

rvamyanmar
rvamyanmar
Articles: 4201

Leave a Reply

Your email address will not be published. Required fields are marked *