
မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာမှ ကိုရင်(၅)ပါး၏ ဦးပဥ္စင်းကြီးသိက္ခာတင်ပွဲမစ္ဆားတရား။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာမှ ကိုရင် (၅) ပါး၏ ဦးပဥ္စင်းကြီးသိက္ခာခံယူခြင်း မစ္ဆားတရားကို မန္တလေးမြို့ ၈၂လမ်း၊ ၂၅နှင့်၂၆ကြားရှိ ကာသီဒြယ် ရွှေနှလုံးတော်ဘုရားကျောင်း၌ (၂၉.၈.၂၀၂၆) စနေ့နေ့၊ နံနက် ၇:ဝဝ နာရီအချိန်တွင် ဆရာတော်ကြီးမာကု ဦးတင်ဝင်းမှ ဦးဆောင်ပူဇော်ပေးခဲ့ပါသည်။
ဦးပဥ္စင်းကြီးသိက္ခာခံယူမည့်ကိုရင်များ Bro. Joachim Aung Thet Oo၊ Bro. Jude Shane Htet Aung၊ Bro. Noel Soe Htun Thu ၊ Bro. Martinus Ye Thu Aung၊ Bro. John San Min Htun တို့ သည် ဆရာတော်ကြီးမာကု ဦးတင်ဝင်းလက်တော်မှ ဦးပဥ္စင်းကြီးသိက္ခာကိုခံယူရရှိခဲ့ပြီး ပွဲတော်သို့ ရပ်နီး ရပ် ဝေးမှ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ဘာသာဝင်များလာရောက်ဂုဏ်ပြုပါဝင်ဆုတောင်းပေးခဲ့ ပါ သည်။
မစ္စားတရားအတွင်း ဆရာတော်ကြီးမာကု ဦးတင်ဝင်းမှ ဩဝါဒတရားမြွက်ကြားရာမှာ
ဒီကနေ့မှာ မိမိတို့ရဲ့သားတွေကို သာသနာတော်အတွက် ရက်ရက်ရောရောဆက်ကပ်ပေးကြတဲ့အတွက် ဦးပဥ္စင်း ငါးပါး စလုံး၏မိဘများကို အထူးကျေးဇူးတင်ပါတယ် ဝမ်းသာပါတယ်။ ဦးပဥ္စင်းကြီးငါးပါး စလုံးကိုလည်း သာသနာတော်ကနေကြိုဆိုပါတယ် အမှန်တော့ သိက္ခာတင်ပေးတယ်ဆိုတာ ဝတ္တရားပေး တာဖြစ်တယ်။ ဦးပဥ္စင်းသိက္ခာခံယူတယ်ဆိုတာ သာသနာတော်က အင်မတန်လေးနက်တဲ့ ဝတ္တရားတွေ ပေးလိုက်ခြင်းဖြစ်တယ်။ ဒါကြောင့်ဒီကနေ့သင်တို့ကို ပေးလိုက်တဲ့ဒီဝတ္တရားတွေကို သင်တို့ကျွန်ုပ်တို့ သင် ကြားရတဲ့သမ္မာကျမ်းစာအတိုင်း သာသနာတော်ကလမ်းညွန်ပေးတဲ့အတိုင်းလိုက်နာကျင့်ကြံပြီး သာသနာပြုအမှုတွေကို လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။
ဘာသာဝင်ညီအစ်ကိုမောင်နှမတို့ ဒီကနေ့ဦးပဥ္စင်းကြီးသိက္ခာခံယူတဲ့ဦးပဥ္စင်းကြီး ငါးပါးအပါအဝင် ရဟန်း တော်များ၊ ကျွန်ုပ်ဆရာတော်အပါအဝင် သာသနာပြုအမှုကိုကောင်းစွာလုပ်နိုင်အောင် လက် လက်ပြီး ဆုတောင်းပေးကြဖို့ တောင်းဆိုချင်ပါတယ်။
Deacon John San Min Tun
ကျွန်ုပ်နာမည်ကတော့Deacon John San Min Tun ဖြစ်ပါတယ်။ ဇာတိကတေ့ာ ရွှေဘိုကပါ၊ အဖေက တေ့ာ ခရစ်ယာန်တစ်ယောက်ပါ အမေကတေ့ာ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော်က တေ့ာ အိမ်မှာ မောင်နှမ ၄ယောက်ထဲမှာ အငယ်ဆုံး ဖြစ်ပါတယ်။
ခေါ်တော်မူခြင်းလမ်းကို စတင်ခဲ့တာကတေ့ာ တရားထောက်ကလေးသူငယ်ဘဝက စတင်ခဲ့တာ လို့ပဲ ပြောရပါမယ် အဖိုးအတွက်နေ့စဉ် မနက်ခင်းတိုင်းလက်ဖက်ရည်ဆိုင်ကနေ မုန့်ဝယ်ပေးရပါတယ်။ အဖိုး က မနက်ခင်းတိုင်း ဘုရားကျောင်းမသွားခင် မုန့်စားတယ် ဆေးသောက်တယ် အဲ့လိုလုပ်ပေးရင်းနဲ့ နေ့စဉ် ဘုရားကျောင်းတက်ဖြစ်ခဲ့ပါတယ် တရားထောက်ပေးဖြစ်ပါတယ် ခေါ်တော်မူခြင်းလမ်းကို ရွေးခဲ့တာ ကတေ့ာ ကျွန်တော်အားကျရတဲ့ ဘုန်းကြီးတစ်ပါးကြောင့်ဖြစ်ပါတယ် ဒါမဲ့တစ်ခါတလေးတော့ ခေါ်တော် မူခြင်းကို ပြန်ဆုတ်ချင်ခဲ့တဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။
Deacon. Noel Soe Htun Thu
ကျွန်ုပ် နာမည်ကတော့ Deacon Noel Soe Htun Thu လို့ ခေါ်ပါတယ်။ ဇာတိကတော့ စဉ့်ကိုင်မြို့နယ် ဇော်ဂျီ စံပြကျေးရွာ၊ စိန့်ဗင်းဆင့် ဒီပေါလ် ဘုရားကျောင်း Parish က ဖြစ်ပါတယ်။ ဘုန်းတော်ကြီးတစ်ပါး သင်္ကန်းဖြူရောင် ဝတ်ပြီး မစ္ဆားတရား ဟောတာကို မြင်တွေ့ခဲ့ရရင်းနဲ့ပဲ ဒီ ခေါ်တော်မူခြင်း လမ်းစဉ်ကို စတင် စိတ်ဝင် စားခဲ့ တယ်။ အဲဒီကနေမှတစ်ဆင့် ဒီ ခေါ်တော်မူခြင်း လမ်းစဉ်အတိုင်း စတင် လျှောက် လှမ်းခဲ့တာ ဖြစ်ပါတယ်။
ဘယ်လိုအခက်အခဲရှိခဲ့လည်းဆိုရင် ဒီ Formation (လေ့ကျင့်ပျိုးထောင်မှု) ကာလတွေကို ဖြတ်သန်း ခဲ့ရ တဲ့ တစ်လျှောက်လုံးမှာ ခက်ခဲမှုတွေ၊ စိန်ခေါ်မှုတွေ အများကြီးတော့ ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒီ ခက်ခဲမှုတွေ၊ စိန်ခေါ်မှုတွေ အားလုံးကို ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ဖြတ်သန်းနိုင်ခဲ့ပါတယ်။
ဘုန်းကြီး ဖြစ်လာရင် ဆောင်ရွက်ဖို့ ရည်ရွယ် ကြိုးစား ပြင်ဆင်ထားတာတွေကတော့
- နံပါတ် (၁) အနေနဲ့ ဒုက္ခရောက်နေကြတဲ့သူတွေ၊ ဆင်းရဲသားတွေကို ဝိုင်းဝန်းကူညီ ဖြေရှင်း ပေး ချင်ပါတယ်။
- နောက်တစ်ချက်ကတော့ လူငယ်တွေ ဘုရားသခင်ကို ပိုမို ချစ်တတ်လာစေဖို့နဲ့ ဆင်းရဲသားတွေရဲ့ ဘဝအခြေအနေတွေ တိုးတက်အောင်မြင်လာစေဖို့အတွက် ဘဝကို ပေးဆပ်သွားမယ်ဆိုတဲ့ ရည် မှန်းချက်နဲ့ ပြင်ဆင် ဆောင်ရွက်လျက် ရှိပါတယ်။
Bro. Martinus Ye Thu Aung
ကျွန်ုပ် နာမည်ကတော့ Deacon Martinus Ye Thu Aung ဖြစ်ပါတယ် ဇာတိကတော့ ပဲခူးတိုင်း ဒေသ ကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပက်လက်ကြီးကျေးရွာက ဖြစ်ပါတယ်။ ငယ်ငယ်တုန်းကဆို ရွာမှာ ဘုန်းကြီးတွေ လာတာ ရှားတယ်। လာတဲ့အခါမှာလည်း သူတို့ကို မြင်ပြီးတော့မှ အားကျတယ်। ပြီးတဲ့ အခါမှာလည်း ဒီ မိဘတွေရဲ့ အားပေးမှုကနေတစ်ဆင့် ဒီလမ်းကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဒီလမ်းကို ဖြတ်သန်းတဲ့အခါမှာတော့ တစ်ခါတလေ တခြားသူတွေနဲ့ ဒီ Communication (ဆက်ဆံ ရေး) ပိုင်းမှာ နည်းနည်းလေး ကြိုးစားရုန်းကန်ရတဲ့ အခက်အခဲလေးရှိပါတယ် ပြီးတဲ့အခါမှာ စိန်ခေါ်မှုတွေကတော့ စောစောက ပြောသလို အမျိုးစုံ ရှိတယ်। ကျော်လွှားနိုင်ခဲ့တဲ့ဟာလည်း ရှိသလို တစ်ခါတလေ ကျရှုံးခဲ့ တဲ့ဟာတွေလည်း ရှိခဲ့ပါတယ်။
ဘုန်းကြီးဖြစ်တဲ့အခါကျရင် မရှိဆင်းရဲ့တဲ့ကလေးတွေကို ဦးစားပေးပြီးတော့ ပညာရေးပိုင်းမှာရော၊ သူတို့ရဲ့ ဘဝ တိုးတက်ရာ ပိုင်းတွေမှာပါ ကူညီပေးချင်တယ် အဓိကကတော့ တခြားဘုန်းကြီးတွေ မရောက်တဲ့ နေရာမျိုးတွေမှာ ကိုယ် ငယ်ငယ်တုန်းက ဘုန်းကြီးတွေလာပြီးတော့ လမ်းပြခဲ့သလိုပေါ့၊ ကိုယ့်ရဲ့ ဘာသာဝင်တွေအတွက် လမ်းပြပေးဖို့ ဖြစ်ပါတယ်
Deacon Jude Shane Htet Aung
ကျွန်တော့်ရဲ့ နာမည်ကတော့ Deacon Jude Shane Htet Aung ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ဇာတိက တော့ မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ စိန့်ဗင်းဆင့် ဘုရားကျောင်း၊ ဇော်ဂျီကျေးရွာက ဖြစ်ပါတယ်။
ကျွန်တော် ဒီ ဘဝကို ရွေးချယ်ခြင်းက ဘုရားသခင်ရဲ့ ဧဝံဂေလိ တရားတော်ကို ဟောပြောသက်သေခံဖို့ ရွေးချယ်ခြင်း ဖြစ်ပါတယ်။ ကျွန်တော့် ဘဝမှာ အခက်ခဲဆုံးက ကျွန်တော့်ရဲ့ ကျန်းမာရေးပါ။ ဘာလို့လဲဆို တော့ ကျွန်တော် လွန်ခဲ့တဲ့ ၂၀၂၄ ဝန်းကျင်လောက်က ဘောလုံးကစားရင်း ဒူးအရွတ် ပြတ်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်က ကျွန်တော့် ဘဝအတွက် အခက်ခဲဆုံးအချိန်ပါပဲ။ ဘယ်လောက်ထိ ခက်ခဲလဲဆိုရင် ကျွန် တော် ဒီ ဘဝကနေ ပြန်ပြီးတော့ ထွက်သွားဖို့အတွက် ရည်ရွယ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ အခက်ခဲတွေကြားထဲကနေ ဘုရားသခင်က ကျွန်တော်နဲ့အတူ အမြဲတမ်း ရှိနေပြီး ကျွန်တော့်ကို အမြဲတမ်း ခွန်အားပေးတဲ့အတွက်ကြောင့် ဒီနေ့ ဒီအချိန် ကျွန်တော် ဒီ ဘဝကို ရွေးချယ်ခြင်း ဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ နောက် လျှောက်လှမ်းရမယ့် ဒီ ရဟန်းဘဝ အသက်တာကို လျှောက်လှမ်းရမယ့် ဘရာသာရ် ညီအစ်ကိုတွေ အားလုံးကို အားပေးစကား ပြောချင်တာကတော့ ဘဝမှာ ဘယ်လိုပဲ အခက် အခဲ ရှိရှိ၊ ကိုယ် ရည်မှန်းထားတဲ့ ရည်မှန်းချက် ပန်းတိုင်ကို မှန်မှန်ကန်ကန်နဲ့ ဘုရားရဲ့ အကူအညီဖြင့်၊ ဘုရားရဲ့ ကျေးဇူးတော်ဖြင့် ဘုရားနဲ့အတူ အမြဲတမ်း လျှောက်လှမ်းနေတယ်ဆိုတာကို အမြဲတမ်း ယုံ ကြည် ပြီးတော့ လျှောက်လှမ်းတယ်ဆိုရင် ဒီ ဘဝအသက်တာမှာ အကောင်းဆုံးသော ဘုရားရဲ့ လယ် ကွင်းထဲမှာ အကောင်းဆုံးသော နောက်လိုက်ကောင်း ဖြစ်မှာ သေချာပါတယ်လို့ ယုံကြည်ရင်း အားပေး ချင်ပါတယ်။
Deacon Joachim Aung Thet Oo
ကျွန်တော့် နာမည်ကတော့ Deacon Joachim Aung Thet Oo ဖြစ်ပါတယ်။ ဇာတိကတော့ ရေဦးမြို့က ဖြစ်ပါတယ်ဗျ။ ငယ်ငယ်တုန်းကတော့ ရဟန်းဖြစ်ချင်တဲ့စိတ်၊ ဘုန်းကြီးဖြစ်ချင်တဲ့စိတ်နဲ့ ရွေးချယ်ခဲ့ တာ ပါ။ နောက် ရဟန်းဖြစ်ကျောင်း ရောက်မှ၊ Formation (လေ့ကျင့်ပျိုးထောင်မှု) တွေ ယူတဲ့အခါမှ အဲကြမှ လူတွေကို အစေခံဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရွေးချယ်ခဲ့တာပါ။
စိန်ခေါ်မှုကတော့ တစ်ခါတလေကြရင် ဒီလမ်းလျှောက်နေရတာ ငြီးငွေ့လာတယ် ထွက်ရမလား ရှေ့ပဲ ဆက်ရမလား အဲလိုမျိုး စိတ်နှစ်ခွ ဖြစ်နေတဲ့အချိန်၊ လွန်ဆွဲပွဲ ဖြစ်နေတဲ့အချိန်ကြရင် အဲဒီအချိန်တွေ ကြုံ လာတဲ့အခါကြရင် ကျွန်တော့်အတွက် အခက်ခဲဆုံး ဖြစ်ပါတယ်။
ဒီ ရဟန်းဘဝကို လျှောက်လှမ်းနေတဲ့ ညီအစ်ကိုတွေ ဒုက္ခဆိုတာတော့ ရှိတာပဲ။ ရိုးရိုးသာမန်လူမှ မဟုတ် ဘူး၊ သူတော်စင်မှ မဟုတ်ဘူး၊ ဘုန်းကြီးမှ မဟုတ်ဘူး၊ အကုန်လုံးက သူ့အတိုင်းအတာနဲ့သူ ရုန်းကန် အခက်ခဲနေရတဲ့သူတွေ ဖြစ်တယ်။ Formation မှာလည်း Formation အလျောက် စည်းကမ်းတွေ လိုက် နာပြီးတော့ ရုန်းကန် လှုပ်ရှားနေရတဲ့ အခြေအနေဖြစ်တယ်။ ဒါပေမဲ့ အဲဒါကို သခင်ခရစ်တော်ပြောတဲ့ “The Imitation of Christ” ပေါ့နော်၊ ဘယ်သူမဆို ငါ့နောက်ကို လိုက်မယ်ဆိုရင် မိမိကိုယ်ကို ငြင်းပယ် ပြီးတော့ မိမိ လက်ဝါးကပ်တိုင်ကို ထမ်းပြီးတော့ ငါ့နောက်ကို လိုက်ဆိုသလို ကိုယ့်ကိုယ်ကို ဘုရားသခင် ရဲ့ ကပ်တိုင်ကို ထမ်းမယ်ဆိုတဲ့ အဲလိုမျိုး အတွေးနဲ့ တွေးပြီးတော့ လိုက်ပါလို့ အားပေးချင်ပါတယ်။
U Myint Aung (Deacon Jude Shane Htet Aung၊ အဖေ)
ဘာပဲဖြစ်ဖြစ်သားကို ဒီနေ့လိုဒီလိုနေရာထိရောက်လာတာမြင်ရတော့ ဝမ်းသာပီတိဖြစ်ပါတယ်။ သား အတွက်လည်းဂုဏ်ယူပါတယ် ရှေ့ဆက်ပြီးတော့လည်း ဘာသာဝင်များကိုကောင်းသော ပုံသက်သေနှင့် ဦးဆောင်နိုင်မဲ့ ရဟန်းတစ်ပါးဖြစ်လာရန်အတွက်လည်း သူ့အတွက်အမြဲဆုတောင်းပေးနေတယ် အရင် ကသူကိုရဟန်းဖြစ်ကျောင်းစဝင်တုန်းက ငါ့သားဖြစ်ကော်ဖြစ်လာပါ့မလားဆိုပြီးစိတ်ပူမိတာတွေတော့ ရှိတယ် ဒါမဲ့ဘုရားကသူ့ကို ရွေးချယ်မှုကြောင့် ယနေ့ဦးပဥ္စင်းကြီးသိက္ခာတော့ရရှိခဲ့ပြီးပေါ့နော အများ ကြီးဝမ်းသာတယ်။
ရိုက်ကူးထားသော အသံဖိုင်ပါ မေးမြန်းခန်း အမေးအဖြေများကို စာသားအဖြစ် အောက်ပါအတိုင်း ပြန်လည်ကူးယူ ဖော်ပြပေးထားပါသည်။
Elizabeth Mai Phyu Phyu Win (Deacon Martinus Ye Thu Aung၊၏အမ)
အမတစ်ယောက်အနေနဲ့ ပြောမပြတတ်အောင်ဝမ်းသာပါတယ် သူကခုလိုစံပြအနေနဲ့လုပ်ဆောင် ပြ တော့ နောက်ကျန်တဲ့ကလေးတွေ တူတွေကလည်း သူ့ကိုကြည့်ပြီးအာကျတာတွေ ဘုန်းကြီးဖြစ်ချင် စိတ်တွေလည်းရှိလာနိုင်တယ်။ မိသားစုထဲကနေ ခုလိုမောင်လေးက ခုလိုဦးပဥ္စင်းကြီးထိရောက်လာပြီ နောက်သိပ်မကြာခင် ရဟန်းဘုန်းတော်ကြီးတစ်ပါးဖြစ်လာတော့မယ်ဆိုတာ တွေးရင်းဘုရားသခင်ကို ကျေးဖူးတင်ပါတယ်။ ဒီနေ့ ဆရာတော်ဘုရား ပြောသွားတဲ့ ဝတ္တရားတွေပေါ့နော်။ သူဆက်လက်ပြီး တော့ ထမ်းဆောင်နိုင်အောင် အမြဲတမ်း ဆုတောင်းပေးနေမယ်လို့။ သူ နှောင့်ယှက်ခြင်းအမျိုးမျိုးတွေ ကင်းပြီးတော့ ဒီ သာသနာရဲ့ လုပ်ငန်းကို အကောင်းဆုံး ထမ်းဆောင်နိုင်အောင် အရာရာ အဆင်ပြေ အောင် ဆုတောင်းပေးရမှာပေါ့။



