
ဆင်းရဲသားများနေ့အတွက် ရဟန်းမင်းကြီး၏ သဝဏ်လွှာ။

“ထာဝရဘုရားသည် ဆင်းရဲသားတို့၏ ခိုလှုံရာဖြစ်တော်မူ၏”
ရဟန်းမင်းကြီး လီယို (၁၄) သည် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၁၀) ကြိမ် မြောက် ကမ္ဘာ့ဆင်းရဲသားများနေ့အတွက် ၎င်း၏ သဝဏ်လွှာကို ထုတ်ပြန်ကြေညာခဲ့ပါသည်။
“ထာဝရဘုရားသည် ဆင်းရဲသားတို့၏ ခိုလှုံရာဖြစ်တော်မူ၏” ဟူသော ဆာလံကျမ်း အခန်းကြီး ၁၄ ကို ကိုးကားရင်း၊ ယင်းနှုတ်ကပတ်တော်သည် ဂျေရုဆလင်ဗိမာန်တော် ဖျက်ဆီးခံရသည့် သမိုင်းဝင် ကြေ ကွဲဖွယ် ကာလအတွင်း ရေးသားခဲ့ခြင်းဖြစ်ပြီး၊ ထိုအချိန်က လူမျိုးတော်သည် “ဘုရားသခင် ကိန်းဝပ်စံ ပယ်မှုကို ဆုံးရှုံးရသည်ဟု ခံစားခဲ့ရပြီး မကြုံစဖူးသော ရုပ်ဝတ္ထုပိုင်းနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခ များကို ကြုံတွေ့ခဲ့ရသည်” ဟု ရဟန်းမင်းကြီးက မှတ်ချက်ပြုထားသည်။
ပါဒူအာမြို့မှ စိန့်အန်တိုနီ၏ ပွဲနေ့ဖြစ်သော ဇွန်လ ၁၃ ရက် ရက်စွဲဖြင့် တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့သည့် ၎င်း၏သဝဏ်လွှာတွင် ဆာလံ ၁၄ သည် မျိုးဆက်တိုင်းကို ဆက်လက်စကားပြောဆိုနေဆဲဖြစ်ကြောင်း၊
ဆာလံကျမ်း၏ အစပျိုးကျမ်းပိုဒ်များသည် ပညာရှိစွာ အသက်ရှင်သူများနှင့် “မိမိတို့ကိုယ်ထက် ကြီးမြတ် သောအရာ မရှိသကဲ့သို့ ဘဝကို ဖြတ်သန်းနေသူများ” အကြား ခြားနားချက်ကို ထိုးပြနေသည်ဟု ကိုယ် တော်က ဆိုသည်။
“ဝမ်းနည်းစရာကောင်းတာက မာနထောင်လွှားတဲ့ အကျင့်ပျက်ခြစားမှုတွေကနေ မြစ်ဖျားခံတဲ့ ကျယ် ပြန့်တဲ့ လူမှုရေးမတရားမှုတွေကို ဒီနေ့ခေတ်မှာတောင် ကျွန်ုပ်တို့ မြင်တွေ့နေရပြီး၊ ဒါဟာ ရှုတ်ချဖို့ ကောင်းသလို ခွဲခြားဆက်ဆံမှုလည်း ဖြစ်ပါတယ်” ဟု ရဟန်းမင်းကြီးက ရေးသားထားသည်။
ဆင်းရဲသားတို့၏ အော်ဟစ်သံကို ဆိတ်ဆိတ်မနေစေပါနှင့်
ရဟန်းမင်းကြီးက ဆက်လက်၍ ယင်း၏ဆိုးကျိုးများသည် လူ့အဖွဲ့အစည်းများစွာတွင် အရေအတွက် တိုးပွားလာနေသော ဆင်းရဲသားများအပေါ် ပထမဆုံး ကျရောက်လေ့ရှိကြောင်း၊
“ဘုရားသခင်ကို အရေးမထားခြင်းဟာ လူသားအချင်းချင်း အပြန်အလှန် လေးစားမှုနဲ့ ယှဉ်တွဲ နေထိုင် စေတာမျိုး မဟုတ်တော့ဘဲ၊ စိုးမိုးချုပ်ကိုင်မှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုဆိုင်ရာ ဆက်ဆံရေးမှာ တစ်ဦးကိုတစ် ဦး အထက်စီးကနေ နေစေခဲ့ပါတယ်” ဟု ကိုယ်တော်က မိန့်ကြားသည်။
ဆင်းရဲသားတို့၏ အော်ဟစ်သံများသည် “ပိုမိုသိမ်မွေ့နက်နဲလာတဲ့ နည်းဗျူဟာအမျိုးမျိုး” ကြောင့် မကြာခဏ တိတ်ဆိတ်သွားရတတ်ပြီး၊ ဒစ်ဂျစ်တယ်ကမ္ဘာကြီးကလည်း ၎င်းတို့အပေါ် အစွဲများကို ပိုမိုဆိုး ရွားစေကာ လျစ်လျူရှုမှုကို ပိုမိုခိုင်မာစေနိုင်ကြောင်း ရဟန်းမင်းကြီးက သတိပေးထားသည်။
“ဆင်းရဲသားတွေအတွက် ဘုရားသခင်ထံ အော်ဟစ်ဖို့ကလွဲလို့ အခြားရွေးချယ်စရာမရှိပါဘူး” ဘုရား သခင်သည် သစ္စာရှိ၍ ကရုဏာတော်နှင့် ပြည့်စုံတော်မူသောကြောင့် ၎င်းတို့၏အသံကို ကြားလိမ့်မည် ဟူသော ယုံကြည်စိတ်ချမှုဖြင့် မိမိတို့ကိုယ်ကို ကိုယ်တော်ထံ ပုံအပ်ကြကြောင်း ထည့်သွင်းပြော ကြား ခဲ့သည်။
ရဟန်းမင်းကြီး လီယိုက ၎င်း၏သဝဏ်လွှာတွင် ဆင်းရဲသားများသည် “အခြေခံလိုအပ်ချက်တွေနဲ့ပဲ ရှင် သန်နေထိုင်ကြရလို့” အခြားသူများထက် မရှိမဖြစ်လိုအပ်သောအရာကို ပိုမိုသိရှိနားလည်နိုင် စွမ်းရှိကြ ကြောင်း၊ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်ကို မိမိတို့၏ ခိုလှုံရာအဖြစ် အသိအမှတ်ပြုရန်နှင့် ကိုယ် တော်၏ တရားမျှတမှုအပေါ် မျှော်လင့်ချက်ထားရန် အထူးပင် စွမ်းဆောင်နိုင်ကြသည်ဟု ဆိုသည်။
ခေတ်ပြိုင်ဆင်းရဲနွမ်းပါးမှုအပေါ် ရဟန်းမင်းကြီး လီယိုက “ကျွန်ုပ်တို့ခေတ်ရဲ့ ဆင်းရဲသားတွေဟာ မေ့ လျော့ခံရသူတွေနဲ့ ဖယ်ကြဉ်ခံရသူတွေ ဖြစ်ကြပါတယ် – သူတို့ဟာ မုန့်ကိုတင်မကဘဲ၊ အသံနဲ့ မျက်နှာ ကိုပါ လုယူခြင်းခံထားရပါတယ်” ဟု မိန့်ကြားခဲ့သည်။
ဤအချက်ကို ရည်မှန်းလျက် ၎င်းတို့သည် ခရစ်တော်နှင့် တွေ့ဆုံနိုင်ကြပါစေကြောင်း၊ အထူးသဖြင့် ခရစ် ယာန်များနှင့် အသင်းတော်မှတစ်ဆင့် တွေ့ဆုံနိုင်ပါစေကြောင်း ရဟန်းမင်းကြီးက ဆုတောင်းပေးခဲ့သည်။ အကြောင်းမှာ အသင်းတော်သည် “ယေဇူးကိုယ်တိုင် မုန့်နဲ့ ချစ်ကြည်ရင်းနှီးမှုကို ပေးကမ်းတဲ့နေရာ ဖြစ် သလို၊ ကိုယ်တော်က အလင်းကို ဆောင်ကျဉ်းပေးပြီး မျှော်လင့်ချက် မိုးကုတ်စက်ဝိုင်းကို ဖွင့်လှစ် ပေးကာ၊ လူတစ်ဦးစီကို နာမည်ခေါ်ပြီး လူသားသိက္ခာကို ပြန်လည်ရရှိစေတာကြောင့် ဖြစ်ပါတယ်”။
ခရစ်ယာန်များသည် ဘုရားသခင်၌ ခိုလှုံခွင့်ကို ရှာဖွေရုံသာမက “ဆင်းရဲသားတို့အတွက် ခိုလှုံရာဖြစ် လာရန်” လည်း ဖိတ်ခေါ်ခံထားရကြောင်း ရဟန်းမင်းကြီးက ဆက်လက်အလေးပေးပြောကြားခဲ့သည်။
ခရစ်ယာန်လူ့အဖွဲ့အစည်းအနေဖြင့် “ဒီနေ့မှာ တံခါးဝတင် ရပ်နေကြပေမဲ့ မိမိတို့ရဲ့ တံတိုင်းတွေထဲ ပိတ်မိနေသူတွေအတွက် မမြင်နိုင်အောင် ဖြစ်နေရရှာတဲ့ ဘဝများအပေါ် လျစ်လျူရှုပြီး မနေနိုင်ပါဘူး” ဟု ကိုယ်တော်က ဆိုသည်။
ဦးစားပေးမှုများကို ပြန်လည်ဆန်းစစ်ပါ
သူဌေးကြီးနှင့် လာဇရု ပုံပမာအပေါ် စိန့်သြဂတ်စတင်း၏ မှတ်ချက်စကားကို ပြန်လည်အမှတ် ရစေ လျက်၊ ရဟန်းမင်းကြီး လီယိုက ဘာသာတူများအနေဖြင့် မိမိတို့၏ ဘဝနှင့် ဦးစားပေးမှုများကို ပြန်လည် ဆန်းစစ်ကြရန် ဖိတ်ခေါ်ထားသည်။
ကိုယ်တော်က ၎င်း၏ ရဟန်းမင်းကြီးဆိုင်ရာ တိုက်တွန်းချက်စာစောင် Dilexi te ကို ကိုးကားလျက် “ဘုရားသခင်သည် ဆင်းရဲသားများကို ပိုမိုမျက်နှာသာပေးတော်မူ၏” ဟူသောအချက်နှင့် အသင်း တော်သည် “ဘဝသိမ်ငယ်သူများအတွက် နေရာပေးကာ ဆင်းရဲသားများနှင့်အတူ ဆင်းရဲစွာ လျှောက် လှမ်းသော မင်္ဂလာတရားတော်များ၏ အသင်းတော် ဖြစ်ရမည်” ဟူသောအချက်ကို ထပ်လောင်း အ တည်ပြုခဲ့သည်။
သဝဏ်လွှာ၏ နိဂုံးပိုင်းတွင် ရဟန်းမင်းကြီးက “ဆင်းရဲသားတွေအကြောင်း ပြောဆိုနေရုံမျှမကဘဲ၊ သူတို့ ရဲ့ ဘဝနေရာမှာ မိမိကိုယ်ကို အစားထိုးဝင်ရောက်ပြီး သူတို့ရဲ့စကားကို နားထောင်ခြင်းအားဖြင့် ဒီနေ့ ခေတ်မှာတောင် အလားတူရွှင်လန်းမှုကို ခံစားရရှိနိုင်တယ်ဆိုတာကို ကျွန်ုပ်တို့ သက်သေခံလိုကြပါတယ်” ဟု ရေးသားထားသည်။
နောက်ဆုံးအနေဖြင့်၊ ဤ (၁၀) ကြိမ်မြောက် ကမ္ဘာ့ဆင်းရဲသားများနေ့သည် ခရစ်ယာန်များအား “ဘုရား သခင်ထံမှာ ခိုလှုံခွင့်ကို ရှာဖွေနေကြပြီး ကျွန်ုပ်တို့ရဲ့ အသိုက်အဝန်းတွေမှာ မိမိတို့အိမ်လို နွေးထွေးမှုကို ခံစားလိုကြတဲ့ များစွာသော ညီအစ်ကိုမောင်နှမတွေရဲ့ မျက်နှာတွေကို ပြန်လည်ရှာဖွေတွေ့ရှိဖို့” ကူညီပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြခဲ့သည်။
Fr. Peter Kyi Maung
Phot Credit: Vatican News
https://www.youtube.com/@rvamyanmar8152
Website: rvamyanmar.org See less
See less
Original Link: https://www.vaticannews.va/en/pope/news/2026-06/pope-leo-xiv-message-world-day-of-poor.html


