
မြန်မာ နိုင်ငံဆိုင်ရာ RVA ထုတ်လွှင့်တင်ဆက်မှုကို ဘာသာစကား နှစ်မျိုးထပ်မံတိုးချဲ့ထုတ်လွှင့်။
ယနေ့ ခရစ်သဣရာဇ် ၂၀၂၆ ခုနှစ်၊ မေလ ၂၄ ရက်နေ့ဟာ မြန်မာနိုင်ငံကက်သလစ်အသင်းတော်အတွက် အလွန်မင်္ဂလာရှိတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကနေ့ဟာ ကာရီတပ်စ်မြန်မာ (Karitas Myanmar) ရဲ့ ငွေရတု ဂျူဘီလီနေ့ဖြစ်သလို၊ Radio Veritas Asia အာခါအစီအစဉ် (RVA Akha Service) နဲ့ Radio Veritas Asia ကယန်းအစီအစဉ် (RVA Kayan Service) တို့ကို စတင်မိတ်ဆက်ပြီး ထုတ်လွှင့်ပေးတဲ့၊ နေ့ထူးနေ့မြတ်လည်း ဖြစ်လို့ပါပဲ။
RVA အာခါအစီအစဉ်ဟာ မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ (၂၂၆,၀၀၀) ခန့်ရှိသော အာခါ တိုင်းရင်းသားတွေ သာမက၊ တရုတ်နိုင်ငံက အာခါတိုင်းရင်းသားလူဦးရေ (၂၅၉,၀၀၀)ခန့်၊ ထိုင်းနိုင်ငံက (၈၀,၀၀၀) ခန့်နဲ့ လာအိုနိုင်ငံက ၁၁၃,၀၀၀ ခန့်၊ ဗီယက်နမ်နိုင်ငံမှာ ၁၃,၀၀၀ မှ ၂၅,၀၀၀ ခန့်ရှိတဲ့ အာခါတိုင်းရင်းသားများ အတွက်ပါ ရည်ရွယ်ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ၊ ကျိုင်းတုံဂိုဏ်းအုပ်သာသနာ အတွင်းမှာ ကက်သလစ်ဘာသာဝင်ဦးရေ (၇၃,၀၀၀) ရှိပြီး အများစုဟာ အာခါတိုင်းရင်းသားတွေ ဖြစ်ကြပါတယ်။
RVA ကယန်းအစီအစဉ်ကတော့ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ပြည်နယ်မှာရှိတဲ့ ကယန်းတိုင်းရင်းသား (၂,၉၀၀) ခန့်နဲ့ မြန်မာနိုင်ငံအတွင်းရှိ ကယန်းလူဦးရေ (၂၅၀,၀၀၀) ခန့်အတွက် ရည်ရွယ်ပါတယ်။ ကယန်း တိုင်းရင်းသားတွေထဲမှာ ကက်သလစ်ဘာသာဝင် ၆၀% ခန့် ပါဝင်ပြီး အများစုကတော့ ဖယ်ခုံ၊ လွိုင်ကော်၊ တောင်ငူနဲ့ တောင်ကြီးဂိုဏ်းချုပ်သာသနာနယ်တွေထဲမှာ နေထိုင်ကြပါတယ်။
အရင်တုန်းကတော့ မြန်မာ RVA တိုင်းရင်းသားဘာသာစကား အစီအစဉ် (၁၀) ခု ရှိခဲ့ပါတယ်။ အဲဒါတွေ ကတော့ –
၁။ မြန်မာအစီအစဉ်
၂။ စကောကရင်အစီအစဉ်
၃။ ပိုးကရင်အစီအစဉ်
၄။ ကချင်ဂျိန်းဖောအစီအစဉ်
၅။ ကချင်လီဆူအစီအစဉ်
၆။ ကချင်ရဝမ်အစီအစဉ်
၇။ ဟားခါးချင်းအစီအစဉ်
၈။ ဖလမ်းချင်းအစီအစဉ်
၉။ တီးတိန်ချင်းအစီအစဉ်နဲ့
၁၀။ (မင်းတပ်) ချင်းအစီအစဉ်တို့ ဖြစ်ကြပါတယ်။
အခုဆိုရင်တော့ စုစုပေါင်း မြန်မာ RVA ဘာသာစကားအစီအစဉ် (၁၂) ခုအထိ ရှိလာပြီဖြစ်လို့ ပြည်တွင်း ပြည်ပမှာရှိတဲ့ အသင်းတော်နဲ့ ဘာသာဝင်တွေအတွက် အောက်ပါ ကဏ္ဍကြီး (၈) ခုနဲ့ အလုပ်အကျွေးပြု ဓမ္မအမှုတော်ဆောင်နေပြီ ဖြစ်ပါတယ် –
၁။ နေ့စဉ်နှုတ်ကပတ်တော်ထောက်ရှုချက် (Daily Reflection)
၂။ တနင်္ဂနွေနေ့ တရားဒေသနာ (Sunday Homily)
၃။ ပြည်တွင်းပြည်ပ အသင်းတော်သတင်းများ (Church-related News)
၄။ သူတော်စင်များနှင့် စံပြပုဂ္ဂိုလ်များ၏အတ္ထုပ္ပတ္တိ (Life of Saints/influencers)
၅။ လူငယ်နှင့် မိသားစုကဏ္ဍ (Youth and Family)
၆။ ရဟန်းမင်းကြီး၏ သဝဏ်လွှာ (Papal Message)
၇။ သဘာဝပတ်ဝန်းကျင်ကဏ္ဍ (Environment)
၈။ အပြန်အလှန် တွေ့ဆုံဆွေးနွေးခြင်းသုံးရပ် (Triple Dialogue)
ဒါ့အပြင် RVA ရဲ့ အမွေအနှစ်ဖြစ်တဲ့ နေ့စဉ် မိနစ် ၃၀ ကြာ ရေဒီယိုအစီအစဉ်နဲ့အတူ စိတ်ခွန်အားဖြည့် ဗီဒီယိုအတိုလေးတွေကိုလည်း ထုတ်လုပ်တင်ဆက်ပေးနေပါတယ်။
ဒီလို ကဏ္ဍကြီး (၈) ခု၊ နေ့စဉ် မိနစ် ၃၀ ရေဒီယိုအစီအစဉ်၊ အင်္ဂလိပ်ဘာသာသတင်းတွေနဲ့ ဗီဒီယိုအတို လေးတွေကတစ်ဆင့် မြန်မာ RVA ရဲ့ ဘာသာစကားအစီအစဉ် (၁၂) ခုဟာ လိုအပ်နေသူတွေရဲ့ စိတ်နှလုံးကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ သာသနာပြု လမ်းညွှန်ပံ့ပိုးပေးလျက်ရှိပါတယ်။
မိမိတို့ရဲ့ ဝိညာဉ်ရေးရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ် ပိုင်းဆိုင်ရာ၊ ခွန်အားတွေ ပိုမိုတိုးတက်ခိုင်မာလာ စေဖို့ အတွက် မြန်မာ RVA ရဲ့ ဘာသာစကား အစီအစဉ်အသီးသီးကို အတူတကွ နားဆင်အားပေးကြပါစို့။



