
လက်ဘနွန်နှင့် အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးအတွက် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ဆုတောင်း ပေး။

(- ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ဗုဒ္ဓဟူးနေ့ အပတ်စဉ် လူထုတွေ့ဆုံပွဲသို့ ရောက်ရှိလာစဉ် အာမေးနီးယန်း ကက်သလီးကို့စ် အာရမ် (၁) နှင့် လက်ဆွဲနှုတ်ဆက်နေပုံ။)
ဗုဒ္ဓဟူးနေ့ အပတ်စဉ် လူထုတွေ့ဆုံပွဲမှာ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က အာမေးနီးယန်း ကက်သလီး ကို့စ် (ဂိုဏ်းချုပ်ကြီး) အာရမ် (၁) ကို နွေးထွေးစွာ နှုတ်ခွန်းဆက်သခဲ့ပြီး၊ လက်ရှိ စစ်ပွဲဒဏ်ခံနေရတဲ့ လက်ဘနွန်နဲ့ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးအတွက် လူတိုင်း ပါဝင်ဆုတောင်းပေးကြဖို့ တိုက် တွန်းနှိုးဆော်လိုက်ပါတယ်။
အသင်းတော်များအကြား အပြည့်အဝ စည်းလုံးရေး – ဗာတီကန်နန်းတော်မှာ မေလ ၁၈ ရက် တနင်္လာ နေ့က တွေ့ဆုံခဲ့ကြပြီးနောက်၊ အခုလို လူထုတွေ့ဆုံပွဲစင်မြင့်ထက်မှာ အတူတကွ ထပ်မံပူးတွဲ ပါဝင်ခဲ့ ကြတာ ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးက ဤကဲ့သို့ ညီအစ်ကိုရင်းချာသဖွယ် လာရောက် လည်ပတ် မှုဟာ အသင်းတော်များအကြား အပြည့်အဝ စည်းလုံးမိဿဟာရဖွဲ့နိုင်ရေးအတွက် အရေးကြီးတဲ့ ခြေ လှမ်းသစ်တစ်ခုဖြစ်တယ်လို့ မိန့်ကြားခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းအတွက် စိုးရိမ်ပူပန်မှု – ပုပ်ရဟန်းမင်းကြီးက “အကြမ်းဖက်မှုတွေနဲ့ စစ်ပွဲတွေကြောင့် တစ်ကျော့ပြန် ပျက်စီးဆုံးရှုံးနေရတဲ့” လက်ဘနွန်နဲ့ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးအတွက် အထူးတလည် ဆုတောင်းပေးခဲ့သလို၊ ထိုဒေသရှိ ပြည်သူများနှင့် အသင်းတော်များအတွက် မိမိအနေဖြင့် နေ့စဉ် ဆုတောင်းပေးလျက်ရှိကြောင်း ကတိပြုပြောကြားခဲ့ပါတယ်။ (အာမေးနီးယန်း ဂိုဏ်းချုပ် ကြီးရုံး စိုက်ရာ ဗဟိုဌာနချုပ်ဟာ လက်ဘနွန်နိုင်ငံ၊ အန်တယ်လီယာ့စ်မြို့မှာ အခြေစိုက်တာ ဖြစ်ပါတယ်။)
ဂိုဏ်းပေါင်းစုံ စည်းလုံးညီညွတ်ရေး (Ecumenism) – ကက်သလစ်အသင်းတော်နဲ့ အရှေ့တိုင်း အော်သို ဒေါ့စ် အသင်းတော်များအကြား ဖြစ်ထွန်းနေတဲ့ ဓမ္မပညာဆိုင်ရာ ဆွေးနွေးမှုတွေကတစ်ဆင့် ဂိုဏ်းချုပ် ကြီး အာရမ် (၁) ရဲ့ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုတွေအတွက်လည်း ရဟန်းမင်းကြီးက အထူး ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
“ကျွန်ုပ်တို့အားလုံး မျှော်လင့်တောင့်တတဲ့ အပြည့်အဝ စည်းလုံးခြင်းဆီသို့ လျှောက်လှမ်းမယ့် လမ်း ခရီးကို အလင်းပြပေးဖို့ စိန့်ဂရီဂိုရီ၊ စိန့်နာဆီးစ် နဲ့ အထူးသဖြင့် သန့်ရှင်းသော မယ်တော်သခင်မတို့ရဲ့ ကြားဝင်ဆုတောင်းပေးမှုကို ကျွန်ုပ်တို့ အတူတကွ တောင်းခံကြပါစို့” ဟု ပုပ်ရဟန်းမင်းကြီးက မိန့်ကြား ကာ နိဂုံးချုပ်ခဲ့ပါတယ်။
#PopeLeoXIV #CatholicosAramI #Vatican #PrayForPeace #Lebanon #MiddleEast #Catholic #ChristianUnity
Fr. Peter Kyi Maung
Photo Credit : Vatican News
Original Link: https://www.vaticannews.va/en/pope/news/2026-05/pope-leo-xiv-appeal-peace-lebanon-middle-east-catholicos-aram.html

