၂၀၂၆ ခုနှစ်၊ အောက်တိုဘာလတွင် ကမ္ဘာတစ်ဝှမ်းရှိ ဆရာတော်ကြီးများအဖွဲ့ချုပ် ဥက္ကဋ္ဌများကို ရောမမြို့ တွင် စုစည်းခေါ်ယူပြီး ထိပ်သီးအစည်းအဝေးကျင်းပမည်။

(ပုပ်ရဟန်းမင်းကြီး လီယို (၁၄) အထွေထွေ လူထုတွေ့ဆုံခြင်း၌ မောင်နှံသစ်တစ်စုံနှင့် တွေ့ဆုံစဉ်)

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ၏ ကြေငြာချက်

ချစ်ခင်လှစွာသော ညီအစ်ကို မောင်နှမအပေါင်းတို့၊

၂၀၁၆ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ဂရုဏာတော်နှစ်၏ အသီးအပွင့် ဖြစ်သော သုံးနှစ်တာ ဆွေးနွေးတိုင်ပင်ခြင်း (Synodal Discernment) မှတစ်ဆင့် အိမ်ထောင်ရေး မေတ္တာနှင့် မိသားစုဘဝနှင့်ပတ်သက်၍ တစ်လောကလုံးဆိုင်ရာ အသင်းတော်အတွက် တောက်ပသော မျှော်လင့်ချက်သတင်းစကား ဖြစ်သည့် “Amoris Laetitia”(ချစ်ခြင်းမေတ္တာ၏ ဝမ်းမြောက်ခြင်း) တမန် တော်ကြီးများဆိုင်ရာ တိုက်တွန်းနှိုးဆော်ချက်ကို ထုတ်ပြန်ခဲ့ပါသည်။ ဤ (၁၀) နှစ်မြောက် နှစ်ပတ် လည်နေ့တွင်၊ အသင်းတော်အတွင်း ဓမ္မအမှုဆိုင်ရာ ပြောင်းလဲခြင်းနှင့် ပြန်လည်သုံးသပ်ခြင်းများကို အားပေးခဲ့သည့်အတွက် ထာဝရဘုရားအား ကျေးဇူးတော်ချီးမွမ်းကြပါစို့။ ထို့ပြင် ဧဝံဂေလိတရား တော် ကို လူသားအားလုံးထံ ဝမ်းမြောက်စွာ ဟောပြောနိုင်ရန် ဤလမ်းစဉ်ပေါ်တွင် အစဉ်တစိုက် လျှောက် လှမ်းနိုင်မည့် သတ္တိကို ပေးသနားတော်မူပါရန် ဘုရားသခင်ထံ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

ဒုတိယဗာတီကန်ကောင်စီက မိသားစုသည် “လူ့အဖွဲ့အစည်း၏ အခြေခံအုတ်မြစ်” ဖြစ်ကြောင်း၊ ဘုရား သခင်ပေးသနားသော ဆုလာဘ်ဖြစ်ပြီး “လူသားတို့ ဘဝကြွယ်ဝလာစေရန် သင်ကြားပေးသည့် ကျောင်း တော်” ဖြစ်ကြောင်း သွန်သင်ခဲ့ပါသည်။ ထိမ်းမြားခြင်းစက္ကရမင်တူအားဖြင့် ခရစ်ယာန်ဇနီး မောင်နှံများ သည် “မိသားစုအသင်းတော်” (Domestic Church) ကို တည်ဆောက်ကြပြီး၊ ၎င်းသည် ယုံကြည်ခြင်းကို သင်ကြားပေးရန်နှင့် လက်ဆင့်ကမ်းရန်အတွက် အလွန်အရေးကြီးသော ကဏ္ဍတွင် ရှိနေပါသည်။ ကောင်စီပြီးနောက်၊ ၁၉၈၁ ခုနှစ်တွင် စိန့်ဂျွန်ပေါလ် (၂) ထုတ်ပြန်ခဲ့သော “Familiaris Consortio” နှင့် “Amoris Laetitia” (AL) တိုက်တွန်းနှိုးဆော်ချက် နှစ်စောင်လုံးသည် လူငယ်များ၊ ဇနီးမောင်နှံများနှင့် မိသားစုများအတွက် အသင်းတော်၏ အယူဝါဒနှင့် ဓမ္မအမှုဆိုင်ရာ ကတိကဝတ်များကို ခိုင်မာစေ ခဲ့ပါ သည်။

လွန်ခဲ့သော (၃၅) နှစ်အတွင်း “မနုဿဗေဒနှင့် ယဉ်ကျေးမှုဆိုင်ရာ အပြောင်းအလဲများ” (AL 32) ပိုမို သိသာထင်ရှားလာသည်ကို အသိအမှတ်ပြုလျက်၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် အသင်းတော်ကို ဆွေးနွေးတိုင်ပင်ခြင်း (Synodal) လမ်းစဉ်သို့ ပိုမိုတွန်းအားပေးလိုခဲ့ပါသည်။ ၂၀၁၅ ခုနှစ်၊ အောက် တို ဘာလ ၁၇ ရက်နေ့ မိသားစုဆိုင်ရာ ဆရာတော်ကြီးများ အထွေထွေညီလာခံတွင် မိန့်ကြားခဲ့သည့် အတိုင်း၊ ဘုရားသခင်၏ လူမျိုးတော်အတွင်း “အပြန်အလှန် နားထောင်ခြင်း” ရှိရန် တိုက်တွန်းခဲ့ပါသည် – “သန့်ရှင်းသောဝိညာဉ်တော်သည် အသင်းတော်များအား အဘယ်သို့ မိန့်တော်မူသည်ကို သိရှိနိုင်ရန် ‘အမှန်တရား၏ ဝိညာဉ်တော်’ (ယော ၁၄:၁၇) ကို အားလုံးက နားထောင်ကြရန် ဖြစ်သည်”။ မိသားစု များ၏ ဝမ်းမြောက်ခြင်း၊ မျှော်လင့်ခြင်း၊ ဝမ်းနည်းခြင်းနှင့် ပူဆွေးခြင်းများကို နားမထောင်ဘဲ မိသားစု အကြောင်းကို ပြောဆိုရန် မဖြစ်နိုင်ကြောင်း သူက ရှင်းပြခဲ့ပါသည်။

ဆွေးနွေးတိုင်ပင်ခြင်း၏ အသီးအပွင့်များကို စုစည်းရာတွင် “Amoris Laetitia” သည် ယနေ့တိုင် ကျွန်ုပ် တို့ ဆက်လက်လေ့လာရမည့် တန်ဖိုးရှိသော သွန်သင်ချက်များကို ပေးထားပါသည်- “မိသားစု အကျပ် အတည်းများ” ကို ရင်ဆိုင်ရချိန်တွင်ပင် “အချစ်ဇာတ်လမ်းများ” ကို ရှင်သန်စေနိုင်သည့် ဘုရားသခင်၏ မေတ္တာနှင့် ဂရုဏာတော်ရှိနေခြင်းဟူသော ကျမ်းစာလာမျှော်လင့်ချက် (AL 8)၊ “ယေဇူးသခင်၏ အကြည့်” (AL 60) ကို အတုယူရန်နှင့် “အိမ်ထောင်ရေးနှင့် မိသားစုမေတ္တာကို ကြီးထွားခိုင်မာစေရန်” မနားမနေ အားပေးတိုက်တွန်းခြင်း (AL 89)၊ အိမ်ထောင်ရေးတွင် ထိုမေတ္တာသည် “အမြဲတစေ အသက် ကို ပေးသည်” (AL 165) ဟူသော အချက်နှင့် လူ့ဇာတိအဖြစ်ကို ခံယူခြင်း၏ နက်နဲရာက သွန်သင်ထား သည့်အတိုင်း ၎င်းသည် “ကန့်သတ်ချက်ရှိပြီး လောကီဆန်သော” ပုံစံဖြင့်ပင် ‘စစ်မှန်’ ကြောင်း (AL 113) တို့ ဖြစ်ပါသည်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် “ဓမ္မအမှုဆိုင်ရာ နည်းလမ်းသစ်များ” (AL 199) နှင့် သားသမီးများကို ပိုမိုကောင်းမွန်စွာ ပညာပေးရန် လိုအပ်ကြောင်း အတည်ပြုခဲ့ပြီး၊ အသင်းတော် အနေ ဖြင့် အားနည်းချက်များကို လမ်းပြပေးရန်၊ ခွဲခြားနားလည်ပေးရန်နှင့် ပေါင်းစည်းပေးရန် (AL အခန်း ၈) တိုက်တွန်းခဲ့ပါသည်။

“Jubilee of Hope” ကာလအတွင်း Tor Vergata ၌ စုဝေးခဲ့ကြသော လူငယ်များကို ကျွန်ုပ်ပြောကြား ခဲ့သည့်အတိုင်း၊ အားနည်းချက် (Fragility) ဆိုသည်မှာ “ဖန်ဆင်းခြင်း၏ အံ့ဖွယ်တစ်စိတ်တစ်ပိုင်း… ဖြစ် သည်။ ကျွန်ုပ်တို့သည် အရာရာကို အလိုအလျောက်ရရှိပြီး တန့်နေသော ဘဝမျိုးအတွက် မဟုတ်ဘဲ၊ ချစ်ခြင်းမေတ္တာဖြင့် မိမိကိုယ်ကို ပေးဆပ်ခြင်းအားဖြင့် အစဉ်တစိုက် အသစ်ဖြစ်နေသော ဘဝအတွက် ဖန်ဆင်းခံထားရခြင်း ဖြစ်သည်”။ လူငယ်မျိုးဆက်သစ်များထံ မိသားစုဧဝံဂေလိတရားကို ဟောပြောရန် အတွက်၊ အားနည်းချက်များကို အသိအမှတ်ပြုခြင်းဖြင့်ပင် အိမ်ထောင်ပြုခြင်း၏ မွန်မြတ်သော ခေါ်ယူ ခြင်း (Vocation) ၏ အလှတရားကို ဖော်ထုတ်ရန် သင်ယူရပါမည်။ သို့မှသာ “ဘုရားသခင်၏ ကျေးဇူး တော်အပေါ် ယုံကြည်ကိုးစားခြင်း” (AL 36) နှင့် ခရစ်ယာန်တို့၏ သန့်ရှင်းစင်ကြယ်လိုသော ဆန္ဒကို ပြန်လည်နိုးထစေမည် ဖြစ်ပါသည်။ ထို့ပြင် ခေတ်သစ်လူ့အဖွဲ့အစည်းရှိ ဆင်းရဲမွဲတေမှုနှင့် အကြမ်းဖက် မှုပုံစံအမျိုးမျိုးကို ခံစားနေရသော မိသားစုများကိုလည်း ကျွန်ုပ်တို့ ကူညီပံ့ပိုးပေးရပါမည်။

အခက်အခဲများနှင့် စိန်ခေါ်မှုများရှိသော်လည်း “သေးငယ်သော်လည်း စစ်မှန်သော အပြုအမူပေါင်း ထောင်သောင်းချီဖြင့် တည်ဆောက်ထားသော မိသားစုမေတ္တာ၏ ဝိညာဉ်ရေးရာ” (AL 315) ကို လက် တွေ့ကျင့်သုံးနေကြသော မိသားစုများအတွက် ထာဝရဘုရားအား ကျေးဇူးတင်ရှိပါသည်။ မိသားစုဓမ္မ အမှုတွင် ပါဝင်ဆောင်ရွက်နေကြသော သိုးထိန်းများ၊ ဓမ္မအမှုဆောင်များ၊ ဘာသာသူအဖွဲ့အစည်းများနှင့် အသင်းတော်ဆိုင်ရာ လှုပ်ရှားမှုများကိုလည်း ကျွန်ုပ်၏ ကျေးဇူးတင်ရှိမှုကို ဖော်ပြအပ်ပါသည်။

ကျွန်ုပ်တို့၏ခေတ်သည် လျင်မြန်သော အပြောင်းအလဲများဖြင့် ထင်ရှားနေသဖြင့်၊ လွန်ခဲ့သော (၁၀) နှစ်ကထက်ပင် မိသားစုများအပေါ် အထူးဓမ္မအမှုဆိုင်ရာ အလေးထားမှုပေးရန် လိုအပ်လာပါသည်။ ထိုမိ သားစုများကို ထာဝရဘုရားက ဧဝံဂေလိတရားကို ဟောပြောသက်သေခံခြင်းတည်းဟူသော အသင်း တော်၏ သာသနာလုပ်ငန်းတွင် ပါဝင်ရန် တာဝန်ပေးအပ်ထားပါသည်။ အမှန်စင်စစ်၊ အသင်းတော်သည် လူဝတ်ကြောင်ဘာသာသူများနှင့် အထူးသဖြင့် မိသားစုများမှတစ်ဆင့်သာလျှင် “လောက၏ ဆား” ဖြစ် လာနိုင်သည့် နေရာနှင့် အခြေအနေများ ရှိနေပါသည်။ ထို့ကြောင့်၊ ထာဝရဘုရားက အိမ်ထောင်ရေးနှင့် မိသားစုဘဝသို့ ခေါ်ယူထားသူများသည် ခရစ်တော်၌ သူတို့၏မေတ္တာကို အပြည့်အဝ ရှင်သန်နိုင်ရန်နှင့် လူငယ်များသည် အသင်းတော်အတွင်း၌ အိမ်ထောင်ပြုခြင်း၏ အလှတရားကို စွဲမက်လာစေရန် ဤနယ် ပယ်၌ အသင်းတော်၏ ကတိကဝတ်ကို အသစ်တဖန် ပြုပြင်ပြီး ပိုမိုနက်ရှိုင်းစေရမည် ဖြစ်ပါသည်။

မိသားစုများအပေါ် ဆက်လက်သက်ရောက်နေသော အပြောင်းအလဲများကို ထောက်ထား၍၊ “Amoris Laetitia” ၏ အလင်းတော်နှင့် လက်ရှိဒေသခံအသင်းတော်များတွင် ဆောင်ရွက်နေသည်များကို ထည့် သွင်းစဉ်းစားလျက်၊ ယနေ့ခေတ် မိသားစုများထံ ဧဝံဂေလိတရား ဟောပြောရန် လုပ်ဆောင်ရမည့် အဆင့်များကို အပြန်အလှန် နားထောင်ခြင်းဖြင့် ဆွေးနွေးတိုင်ပင်ရန် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလတွင် ကမ္ဘာတစ်ဝှမ်းရှိ ဆရာတော်ကြီးများအဖွဲ့ချုပ် ဥက္ကဋ္ဌများကို ခေါ်ယူရန် ကျွန်ုပ်ဆုံးဖြတ်လိုက်ပါသည်။

ဤခရီးစဉ်ကို နာဇရက်မြို့ရှိ သန့်ရှင်းသောမိသားစု၏ အုပ်ထိန်းသူဖြစ်သော စိန့်ဂျိုးဇက်၏ ကြားဝင်ဆု တောင်းပေးမှု၌ ကျွန်ုပ်အပ်နှံပါသည်။

ဗာတီကန်နန်းတော်မှ၊ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက်၊ စိန့်ဂျိုးဇက်ပွဲနေ့

Fr. Peter Kyi Maung 

Photo Credit: Vatican News

Website: rvamyanmar.org

/ @rvamyanmar8152

Original Link: https://www.vaticannews.va/en/pope/news/2026-03/pope-leo-xiv-amoris-laetitia-anniversary-summit-family-love.html 

rvamyanmar
rvamyanmar
Articles: 3796

Leave a Reply

Your email address will not be published. Required fields are marked *