
‘ဆေးကြောခြင်းမင်္ဂလာ ခံယူထားသူတိုင်းသည် ခရစ်တော်အတွက် အစဉ်တစိုက် သက်သေခံရမည်’
(Pope Leo XIV at General Audience)
ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ၎င်း၏ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း အပတ်စဉ် လူထုတွေ့ဆုံခြင်းတွင် ယခု အပတ်၌ ‘ဘုရားသခင်၏ လူမျိုးတော်’ အဖြစ် အသင်းတော်အား ရည်ညွှန်းဖော်ပြထားသည့် ဒုတိယ ဗာတီကန်ကောင်စီ၏ ‘လူမန်ဂျင်စီယမ်’ (Lumen Gentium) အပေါ် ဆက်လက်ထောက်ရှုခဲ့ပြီး “ဆေး ကြောခြင်းမင်္ဂလာ ခံယူထားသူတိုင်းသည် ဧဝံဂေလိတရား ဟောပြောခြင်းလုပ်ငန်း၏ တက်ကြွသော အင်အားစုများဖြစ်ကြပြီး၊ ခရစ်တော်အတွက် အစဉ်တစိုက် သက်သေခံရန် ခေါ်ယူခြင်း ခံရသူများ ဖြစ်သည်” ဟု အလေးအနက် မိန့်ကြားခဲ့သည်။
ရဟန်းမင်းကြီး၏ သတင်းစကား အကျဉ်းချုပ် ကိုအောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါသည်
ချစ်လှစွာသော ညီအစ်ကို မောင်နှမအပေါင်းတို့၊
ဒုတိယဗာတီကန်ကောင်စီ နှင့် ပတ်သက်၍ ကျွန်ုပ်တို့ ဆက်လက်သင်ကြားနေသော ဓမ္မဩဝါဒတွင်၊ ယနေ့တွင် လူမန်ဂျင်စီယမ် (Lumen Gentium) အခြေခံအယူဝါဒ၌ ဖော်ပြထားသည့်အတိုင်း ယေဇူးခရစ် တော်၏ ယဇ်ပုရောဟိတ်အမှု၊ ပရောဖက်အမှုနှင့် ရှင်ဘုရင်အမှု တို့၌ ဘာသာသူများ ပါဝင်ခြင်း အကြောင်းကို ဆက်လက်ထောက်ရှုကြပါမည်။
ဆေးကြောခြင်းစက္ကရမင်တူ အားဖြင့် ကျွန်ုပ်တို့တစ်ဦးစီသည် ခရစ်တော်၏
တော်ဝင်ယဇ်ပုရောဟိတ်အစုအဝေး (၁ ပေတရု၂:၉) တွင် ပါဝင်ရန်နှင့် အထူးသဖြင့် ကိုယ်တော်မြတ် စက္ကရမင်တူး ၌ ပါဝင်ခြင်းအားဖြင့် ကိုယ်တော်ကို ဝိညာဉ်တော်နှင့်လည်းကောင်း၊ သစ္စာတရားနှင့် လည်းကောင်း ကိုးကွယ်ဆည်းကပ်ရန် ခေါ်ယူခြင်း ခံရကြပါသည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်း၏ သစ္စာတရားအတွက် သက်သေခံရန် ခေါ်ယူခြင်း ခံရသည့်အတွက် ယေဇူးခရစ်တော်၏ ပရောဖက် ဆိုင် ရာ သာသနာပြုလုပ်ငန်းတွင်လည်း ပါဝင်ကြပါသည်။
စင်စစ်အားဖြင့် သာသနာတော်ကောင်စီဆရာတော်ကြီးများက ဤသို့ သွန်သင်ခဲ့ကြသည် –
“ဘာသာသူအားလုံးသည် … ယုံကြည်ခြင်း၌ မှားယွင်းခြင်းမရှိနိုင်ပေ။ ဆရာတော်ကြီးများမှစ၍ နောက် ဆုံးသော ဘာသာသူအထိ၊ ယုံကြည်ခြင်းနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ကိစ္စရပ်များတွင် တစ်ခဲနက် သဘောတူညီမှုကို ပြသသောအခါ၊ ၎င်းသည် ဘာသာသူအားလုံး၏ သဘာဝထက်လွန်သော ယုံကြည် ခြင်းဆိုင်ရာ သိမြင်မှု (Sense of Faith) ကို ဖော်ပြခြင်းဖြစ်သည်” (LG, 12)။
အသင်းတော်ဝင်အားလုံး ခံစားရသော ဤဆုကျေးဇူးများနှင့်အတူ၊ သန့်ရှင်းသော ဝိညာဉ်တော်မြတ် သည် ခရစ်တော်၏ ခန္ဓာကိုယ်ကို ကြွယ်ဝစေရန်နှင့် တည်ဆောက်ရန်အတွက် ဘာသာသူများအား အထူး ကျေးဇူးတော်များကို ဆက်လက်ခွဲဝေပေးသနားတော်မူပါသည်။ ဤသို့သော များပြားလှစွာသော ဆု ကျေးဇူးများကို ကျွန်ုပ်တို့ အသိအမှတ်ပြုရန်နှင့် ကိုယ်တော်၏ ကယ်တင်ခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့ကို ပါဝင်ခွင့်ပေးသနားတော်မူသော ဘုရားသခင်ထံ ကျေးဇူးတော် ချီးမွမ်းကြရန် အလွန်အရေးကြီးပါသည်။
Fr. Peter Kyi Maung
Photo Credit : Vatican News
Website: rvamyanmar.org
/ @rvamyanmar8152
Original Link: https://www.vaticannews.va/en/pope/news/2026-03/pope-leo-xiv-at-audience-second-vatican-council-18-march-2026.html

