ယုံကြည်ခြင်းသည် ဝေဒနာခံစားနေရသော လူသားထုအပေါ် ကျွန်ုပ်တို့၏မျက်စိကို ပွင့်စေသည်။

(တနင်္ဂနွေနေ့ အန်ဂျေလူး မေတ္တာဆိုခြင်းတွင် တွေ့ရသော ပုပ်ရဟန်းမင်းကြီး လီယို (၁၄) 

တနင်္ဂနွေနေ့ အန်ဂျေလူး မေတ္တာဆိုခြင်းတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က သခင်ယေဇူးသည် မွေး ရာပါ မျက်စိမမြင်သူအား အလင်းပေးခဲ့ခြင်း ဧဝံဂေလိကျမ်းစာ (ယောဟန် ၉:၁-၄၁) အပေါ် ထောက် ရှုခဲ့ ပြီး၊ ယုံကြည်ခြင်းသည် လူသားမျိုးနွယ်နှင့် ၎င်းတို့၏ ရုန်းကန်လှုပ်ရှားမှုများကို ဘုရားသခင် မြင်တော်မူ သကဲ့သို့ မြင်တတ်ရန် ကျွန်ုပ်တို့အား သင်ကြားပေးနေကြောင်း မိန့်ကြားခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် တနင်္ဂနွေနေ့က စိန့်ပီတာရင်ပြင်တွင် စုဝေးရောက်ရှိနေကြသော ဘု ရားဖူးခရီးသည်များနှင့်အတူ အန်ဂျေလူး (Angelus) မေတ္တာကို အတူတကွ ရွတ်ဆိုခဲ့ပြီး

လူသားထုသည် မှောင်မိုက်ထဲတွင် နေထိုင်နေကြစဉ် ဘုရားသခင်၏ သားတော်သည် ကျွန်ုပ်တို့၏ မျက်စိ ကို ဖွင့်ပေးရန် ကြွလာခဲ့သောကြောင့် ဤဖြစ်ရပ်တွင် ကယ်တင်ခြင်းဆိုင်ရာ နက်နဲရာအချက် ပေါ်လွင် နေကြောင်း ၎င်းက မိန့်ကြားသည်။ ဧဝံဂေလိကျမ်းစာထဲမှ အမျိုးသားကဲ့သို့ပင် ကျွန်ုပ်တို့သည်လည်း ကျွန်ုပ်တို့၏ နားလည်နိုင်စွမ်းထက် ပိုမိုနက်ရှိုင်းသော ဘဝ၏ နက်နဲရာများကို မမြင်နိုင်ဘဲ “မွေးရာပါ မျက်စိမမြင်သူများ” ကဲ့သို့ ဖြစ်ခဲ့ကြသည်။

“ဒါကြောင့်မို့လို့ ဘုရားသခင်ရဲ့ ကျေးဇူးတော် အသက်သွင်းမှုနဲ့ ပုံဖော်ထားတဲ့ ကျွန်ုပ်တို့ လူသားမျိုး နွယ် ဆိုတဲ့ ရွှံ့စေးတွေဟာ အလင်းသစ်တစ်ခုကို ရရှိဖို့၊ ကျွန်ုပ်တို့ကိုယ်တိုင်၊ အခြားသူတွေနဲ့ ဘုရားသခင်ကို အမှန်တရားအတိုင်း မြင်နိုင်စွမ်းရှိဖို့အတွက် ဘုရားသခင်ဟာ သခင်ယေဇူးအားဖြင့် လူ့ဇာတိကို ခံယူခဲ့ တာ ဖြစ်ပါတယ်”။

ယုံကြည်ခြင်းဆိုသည်မှာ မျက်စိမှိတ်ပြီး ယုံကြည်ရခြင်းဖြစ်သည်ဟု ဆိုလိုသည့် “မှောင်မိုက်ထဲသို့ ခုန်ချ ခြင်း” (leap in the dark) ဟူသော ဆိုရိုးစကားကို ပုပ်ရဟန်းမင်းကြီးက ပြန်လည်ပြောကြားခဲ့သည်။ သို့ သော် ခရစ်တော်နှင့် ၎င်း၏မေတ္တာတော်ကို ကျွန်ုပ်တို့ ထိတွေ့ခွင့်ရခြင်းသည် ယခင်က တစ်ခါမျှ မမြင်ဖူး သော နည်းလမ်းဖြင့် ကျွန်ုပ်တို့၏ မျက်စိကို ပွင့်စေသည်။

“ယုံကြည်ခြင်းဆိုတာ မျက်ကန်း (အလုံပိတ်ဝါဒ)လုပ်ဆောင်မှုတစ်ခုမဟုတ်သလို၊ ကျိုးကြောင်း ဆင်ခြင် မှုကို စွန့်လွှတ်တာ ဒါမှမဟုတ် ကမ္ဘာကြီးကို လျစ်လျူရှုစေတဲ့ ဘာသာရေးဆိုင်ရာ အသေဆုပ်ကိုင်မှုထဲကို နောက်ဆုတ်သွားတာမျိုး မဟုတ်ပါဘူး” “အဲဒီအစား ယုံကြည်ခြင်းဟာ ‘သခင်ယေဇူးကိုယ်တိုင် မြင် တော်မူသလို၊ ကိုယ်တော်ရဲ့ မျက်စိတော်နဲ့’ အရာရာကို မြင်နိုင်ဖို့ ကူညီပေးပါတယ်”။

အခြားသူများ၏ ဆင်းရဲဒုက္ခများနှင့် လူသားထုကို နာကျင်စေသော ဝေဒနာများကို မြင်နိုင်စွမ်းရှိစေရန် ကျွန်ုပ်တို့၏ မျက်စိကို ဖွင့်ကြရန် ပုပ်ရဟန်းမင်းကြီးက ခရစ်ယာန်များကို တိုက်တွန်းခဲ့သည်။ ကျွန်ုပ်တို့၏ ကမ္ဘာကြီးတွင် အကြမ်းဖက်မှုများ ပျံ့နှံ့နေချိန်တွင်၊ ခရစ်ယာန်များသည် ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ မတ ရားမှု၊ အကြမ်းဖက်မှုနှင့် ဆင်းရဲဒုက္ခများကြား၌ပင် “နိုးကြားသော၊ ဂရုပြုသော၊ နှင့် ပရောဖက် ပြုချက်ဆိုင်ရာ” ယုံကြည်ခြင်းကို သက်သေခံကြရမည်ဖြစ်သည်။

“ယုံကြည်ခြင်းဟာ ကမ္ဘာကြီးရဲ့ မှောင်မိုက်မှုတွေအပေါ် ကျွန်ုပ်တို့ရဲ့ မျက်စိကို ပွင့်စေရမှာဖြစ်သလို၊ ငြိမ်း ချမ်းရေး၊ တရားမျှတရေးနဲ့ စည်းလုံးညီညွတ်မှုတို့အတွက် ကျွန်ုပ်တို့ရဲ့ ကတိကဝတ်ပြုမှုတွေကတစ်ဆင့် အခြားသူတွေဆီကို ဧဝံဂေလိတရားရဲ့ အလင်းကို ဆောင်ကြဉ်းပေးရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆို သည်။

နိဂုံးချုပ်အနေဖြင့်၊ ခရစ်တော်သည် ကျွန်ုပ်တို့၏ နှလုံးသားများကို ဖွင့်ပေးပြီး ရိုးသားမှုနှင့် သတ္တိရှိရှိဖြင့် ကိုယ်တော်ကို သက်သေခံနိုင်ရန် ကူညီပေးပါမည့်အကြောင်း မယ်တော်မာရီယားထံမှတစ်ဆင့် ပုပ်ရ ဟန်းမင်းကြီး လီယို (၁၄) က ဆုတောင်းမေတ္တာ ပို့သပေးခဲ့ပါသည်။

Fr. Peter Kyi Maung

Photo Credit : Vatican News

Website: rvamyanmar.org

/ @rvamyanmar8152

Original Link: https://www.vaticannews.va/…/pope-leo-xiv-angelus…

rvamyanmar
rvamyanmar
Articles: 3785

Leave a Reply

Your email address will not be published. Required fields are marked *