ဖာရ်သာ Basil Zay Yar Win (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) ဝါတွင်းကာလတတိယ ‌‌သောကြာနေ့ ၁၃၊ ၃၊ ၂၀၂၆

ဘုရားသခင်၌ လေးစားချစ်ခင်ရပါသော သောတရှင် ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့
ယနေ့ ဧဝံဂေလိ ကျမ်းစာမှာ ကျမ်းတတ်ဆရာတစ်ဦးက ပညတ်တော်အားလုံးမှာ ဘယ်ပညတ်တော်က အကြီးမြတ်ဆုံးဖြစ်သလဲ ဆိုပြီး သခင်ခရစ်တော်ကို မေးလျှောက်ပါတယ်။ သခင်ခရစ်တော်က ရှင်းလင်းစွာပဲ ရွှေရောင်ပညတ်တော်ကို မိန့်ကြားပါတယ်။
” သင်၏ အရှင်ဘုရားသခင်ကို သင်၏ စိတ်နှလုံးအကြွင်းမဲ့ စိတ်အားရှိသမျှ ဥာဏ်အားရှိသမျှ ခွန်အားရှိသမျှ ချစ်လော့ ဆိုတာ နှင့် သင်နှင့်နီးစပ်သူကို လည်း သင့်ကိုယ်သင်ချစ်သကဲ့သို့ချစ်လော့”ဆိုပြီး မိန့်ကြားထားပါတယ်။
ကျမ်းတတ်ဆရာအနေနဲ့ ဂျုးဥပဒေ ၆၁၃ ခုကို နားလည် တတ်ကျွမ်းထားတဲ့ပုဂ္ဂိုလ်ကို အဓိက က ချစ်ခြင်းမေတ္တာပဲဆိုပြီး သခင်ခရစ်တော်က မီးမှောင်း ထိုးပြသခဲ့ပါတယ်။
ဒီနေရာမှာ သတိထားရမှာက သခင်ခရစ်တော်က သင့်နှလူံးသား တစ်စိတ်တစ်ဒေသ အဖြစ် ဘုရားသခင် ကို ချစ်ပါလို့ မမိန့်ကြားခဲ့ဘူး။ သခင်ခရစ်တော်က သင့်နှလုံးသားနဲ့ အပြည့်အဝချစ်ပါဆိုပြီး မိန့်ကြားခဲ့ပါတယ်။
ချစ်လှစွာသော သောတရှင် ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့
ကျွန်ုပ်တို့ အသီးသီးဟာ ရဟန်းဘဝ ၊ သူတော်စင်ဘဝ၊ မိသားစုဘဝ၊ လူပျို အပျို ဘဝ စသဖြင့် ဘဝအသီးသီးမှာ ခေါ်တော်မူခြင်း ခံထားရပါတယ်။ ကျွန်ုပ်တို့အနေနဲ့ မိမိဆို့ခေါ်တော်မူခြင်းခံထားရတဲ့ ဘဝအသီးသီးမှာ နေ့စဥ်လုပ်ငန်းဆောင်တာတွေနဲ့ အလုပ်ရှုပ်နေနိုင်ပါတယ်။ ဒါပေမဲ့မိမိတို့ရဲ့ ဘဝအသက်တာမှာ ချစ်ခြင်းမေတ္တာ ကင်းမဲ့နေမယ်၊ ချစ်ခြင်း မေတ္တာပပျောက်နေမယ် ဆိုရင် ဆားမပါတဲ့ ဟင်းလို ဘဝက ပေါ့ပျက်ပျက်နဲ့ ဘာမှ အဓိပ္ပါယ် ရှိမှာ မဟုတ်ပါဘူး။ အနှစ်သာရ ကင်းမဲ့နေမှာ ဖြစ်ပါတယ်။
သခင်ခရစ်တော်က ဘုရားသခင်ကို ချစ်ခြင်းနဲ့ မိမိနဲ့နီးစပ်သူကို ချစ်ခြင်းကို ဆက်သွယ်ပေးထားပါတယ်။ ဘုရားသခင်ကို ချစ်တယ်ပြောပြီး မိမိနဲ့နီးစပ်သူကို မေတ္တာမပြနိုင်ဘူး၊ လစ်လျုရှုနေမယ်ဆိုရင် ဘုရားသခင်ကို ချစ်တယ်လို့ မဆိုနိုင်သေးပါဘူး။
ဒီအကြောင်းအရာကို ကျမ်းတတ်ဆရာက ကောင်းကောင်း နားလည်သွားတဲ့အခါ သခင်ခရစ်တော်က “သင်သည် ဘုရားသခင်၏နိုင်ငံတော်နဲ့ ဝေးလှသည် မဟုတ်”ဆိုပြီး မိန့်ကြားခဲ့ပါတယ်။
ဒီနေရာမှာ သတိထားရမှာက မဝေးတော့ဘူးဆိုပြီးမိန့်ကြားထားတာကို တွေ့ရှိရပါတယ်။ ဘာဖြစ်လို့ မိန့်ကြားထားသလဲဆိုတော့ ကောင်းကင်နိုင်ငံတော်ဆိုတာ ဥပဒေတွေကို သိခြင်းမဟုတ်ပဲ ချစ်ခြင်းမေတ္တာတရားနဲ့ အသက်ရှင်ခြင်း ဖြစ်လို့ပါပဲ။
ချစ်လှစွာသော သောတရှင်ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့ ယနေ့ခေတ်ဖြစ်ပျက်နေတာတွေကို လေ့လာကြည့်မယ်ဆိုရင် ချစ်ခြင်းမေတ္တာ ကင်းမဲ့နေတဲ့အတွက် ပျောက်ကွယ်နေတဲ့အတွက် ကမ္ဘာတစ်ဝှမ်းမှာ မလိုလားအပ်တဲ့ပြသနာတွေ အခက်ခဲတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။ ဘဝတွေပိုပြီးခက်ခဲကျပ်တည်းလာကြပါတယ်။ လူတွေ ဒုက္ခတွေပိုခံထမ်းနေရပါတယ်။ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းနေပါစေ ကျွန်ုပ်တို့နဲ့နီးစပ်သူတွေကို ချစ်ခြင်းမေတ္တာပြဖို့ မေတ္တာတရားထားဖို့ဆိုတာတွေဟာ အဖိုးအခ မပေးရပါဘူး။
ခက်ခဲနေတဲ့ အချိန်ကာလမှာ ကိုယ်နှင့်နီးစပ်သူတွေကို ချစ်ခြင်းမေတ္တာပြသခြင်းအားဖြင့် ဘုရားသခင်ကို ချစ်တယ်ဆိုတာ လက်တွေ့ပြသကြပါစို့။
မေတ္တာ တရားပြသခြင်းဖြင့် ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်း ဖြစ်ရန်ကြိုးစားအားထုတ်ကြပါစို့။
သောတရှင်တွေရဲ့ ဘဝ မေတ္တာ လွှမ်းခြုံရင်း နှလုံးစိတ်ဝမ်း အေးချမ်းပါစေကြောင်း ဆန္ဒပြုဆုမွန်ကောင်းတောင်း လိုက်ပါတယ်။ ဘုရားသခင် သင်တို့အားလုံးကို ကောင်းချီးပေးပါစေ။

rvamyanmar
rvamyanmar
Articles: 3779

Leave a Reply

Your email address will not be published. Required fields are marked *