ပုပ်ရဟန်းမင်းကြီးမှ ရောမသာသနာနယ်သို့ မိန့်ကြားချက်။

(ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ရောမမြို့ရှိ Santa Maria della Presentazione သာသ နာနယ်သို့)

“လူတိုင်းသည် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကို တည်ဆောက်သူများ ဖြစ်နိုင်ကြသည်”

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတွင် ရောမမြို့အနောက်ဘက် Torrevecchia ရပ်ကွက်ရှိ Santa Maria della Presentazione သာသနာနယ်သို့ သွားရောက်ကာ ဝါတွင်းကာလ၏ နောက်ဆုံးမတိုင်မီ သာသနာပြုခရီးစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

ဘုရားကျောင်းပြင်ပရှိ ရင်ပြင်တွင် ဘာသာဝင်သားသမီးများ၊ မိသားစုများ၊ ပထမအကြိမ် ကိုယ်တော် မြတ်ပင့်ယူရန် ပြင်ဆင်နေသည့် ကလေးငယ်များ၊ ကင်းထောက်များနှင့် လူငယ်အဖွဲ့အစည်းများက ကိုယ်တော်ကို ကြိုဆိုခဲ့ကြသည်။ ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာရ် ပါအ်လို စတာခီယော့တီ (Father Paolo Stacchiotti) နှင့်အတူ ရောမသာသနာ၏ လက်ထောက်ဆရာတော် ကာဒီနယ် ဘယ်လ်ဒို ရီနာ (Cardinal Baldo Reina) နှင့် အာဂရီဂျန်တိုမှ အငြိမ်းစားဆရာတော်ကြီး ကာဒီနယ် ဖရန်ချက်စကို မွန်တီ နီဂရိုး (Cardinal Francesco Montenegro) တို့က ပုပ်ရဟန်းမင်းကြီးကို နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။ ဤခရီးစဉ်သည် ဖေဖော်ဝါရီလလယ်မှစ၍ ရောမသာသနာနယ်များသို့ ၎င်း၏ စတုတ္ထမြောက် သွား ရောက်ခြင်း ဖြစ်သည်။

ကလေးငယ်များ၊ လူငယ်များနှင့် တွေ့ဆုံခြင်း

ပုပ်ရဟန်းမင်းကြီးရောက်ရှိချိန်တွင် ကလေးငယ်များ၊ လူငယ်များနှင့် တွေ့ဆုံခဲ့ပြီး ၎င်းတို့၏ မေးခွန်းများ နှင့် ပေးစာများကို နားထောင်ခဲ့သည်။ ကလေးငယ်များက ယေဇူးခရစ်တော်နှင့် တွေ့ဆုံရန် မည်သို့ပြင် ဆင်ရမည်နည်းနှင့် ခက်ခဲသောအချိန်များတွင် တစ်ဦးကိုတစ်ဦး မည်သို့ထောက်ပံ့ရမည်နည်းဟူသော အကြံဉာဏ်များကို တောင်းခံခဲ့ကြသည်။

ပုပ်ရဟန်းမင်းကြီး လီယိုက အကြမ်းဖက်မှုနှင့် သဘောထားကွဲလွဲမှုများကို ငြင်းပယ်ရန်နှင့် ပြန်လည် သင့်မြတ်ရေးအတွက် လုပ်ဆောင်ရန် ၎င်းတို့အား တိုက်တွန်းခဲ့သည်။

“လူတိုင်းသည် ငြိမ်းချမ်းရေးကို တည်ဆောက်သူများ ဖြစ်လာနိုင်သည်!” ဟု မိန့်ကြားခဲ့သည်။

ထို့ပြင် ပဋိပက္ခများဖြစ်ပွားချိန်တွင် သူငယ်ချင်းများနှင့် ပြန်လည်သင့်မြတ်ရန်နှင့် အနိုင်ကျင့်ခြင်း (Bullying) အပါအဝင် အမုန်းတရားနှင့် အကြမ်းဖက်မှုပုံစံမှန်သမျှကို ဆန့်ကျင်ရန် ကလေးငယ်များကို ဖိတ်ခေါ်ခဲ့သည်။

ယေဇူးခရစ်တော်နှင့် တွေ့ဆုံရန် ပြင်ဆင်ခြင်း

ပထမအကြိမ် ကိုယ်တော်မြတ်ပင့်ယူရန် ပြင်ဆင်နေသည့် ကလေးငယ်များကို မိန့်ကြားရာတွင် ပုပ်ရ ဟန်းမင်းကြီးသည် နေအိမ်မှမထွက်ခွာမီ ဖတ်ရှုခဲ့သည့် မာရီယို ဒယ်လ်ပီနီ (Mario Delpini) နှင့် လောင် ဘာဒီ ဆရာတော်များ ရေးသားသော Qualcuno bussa al tuo cuore (တစ်စုံတစ်ယောက်သည် သင်၏ နှလုံးသားကို ခေါက်နေသည်) ဟူသည့် စာအုပ်အကြောင်းကို ကိုးကားခဲ့သည်။ ကိုယ်တော်က ကလေး ငယ်များအား ခရစ်တော်အတွက် နှလုံးသားကို ဖွင့်လှစ်ထားရန် ဖိတ်ခေါ်ခဲ့သည်။

ယေဇူးခရစ်တော်သည် လူသားတို့၏ နေအိမ်များ၊ နှလုံးသားများနှင့် ဘဝများထဲသို့ ကြွလာကြောင်းနှင့် ယုံကြည်သူများသည် ကိုယ်တော်မြတ်ကို ကြိုဆိုရန် တာဝန်ရှိကြောင်း၊ ထို့ပြင် ဆုတောင်းခြင်းအားဖြင့် ယေဇူးသခင်နှင့် စကားပြောဆိုရန်နှင့် ဆင်းရဲဒုက္ခရောက်နေသူများ၊ မေတ္တာကရုဏာနှင့် ချစ်ကြည် ရင်းနှီး မှု ပြုမူဆောင်ရွက်ချက်များတွင် ကိုယ်တော်မြတ်ကို ရှာဖွေတွေ့ရှိရန် တိုက်တွန်းခဲ့သည်။

ဆုတောင်းခြင်းနှင့် မိမိသားစုများနှင့် တွေ့ဆုံခြင်း

“ကောင်းကင်ဘုံ၌ရှိတော်မူသော ကျွန်ုပ်တို့အဖ” (Our Father) ဆုတောင်းချက်ဖြင့် တွေ့ဆုံပွဲ ကိုအဆုံး သတ်ခဲ့သည်။ ထို့နောက် ပုပ်ရဟန်းမင်းကြီးသည် စီးပွားရေးအခက်အခဲ ကြုံတွေ့နေရသော မိသားစု များနှင့် လူမမာများကို နှုတ်ဆက်ကာ ဘုရားကျောင်းအတွင်းသို့ ဝင်ရောက်၍ မစ္ဆားတရားတော်ကို ဆင် ယင်ကျင်းပခဲ့သည်။

သက်ကြီးရွယ်အိုများနှင့် ဖျားနာနေသော သာသနာသူ သာသနာသားများကို တွေ့ဆုံစဉ် ပုပ်ရဟန်း မင်းကြီးက ၎င်းတို့၏ နွေးထွေးသော ကြိုဆိုမှုအတွက် ကျေးဇူးတင်ခဲ့သည်။ ကိုယ်တော်နှင့်အတူ လိုက်ပါ လာသော ကာဒီနယ်များကို ရည်ညွှန်း၍ ဤစုဝေးမှုသည် “ကွန်ကလေ့ဗ် အသေးစားလေး” (Small Conclave) နှင့် တူနေကြောင်း ပြောင်မြောက်စွာ အရွှန်းဖောက် မိန့်ကြားခဲ့သည်။

သာသနာနယ် ဘုရားကျောင်းအတွင်း မစ္ဆားတရားတော်

ကာဒီနယ် ဘယ်လ်ဒို ရီနာနှင့်အတူ မစ္ဆားတရား အတူတကွ ပူဇော်စဉ် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ဆာမာရီတန်အမျိုးသမီးနှင့် ယေဇူးခရစ်တော်တို့၏ တွေ့ဆုံခြင်း ဧဝံဂေလိကျမ်းစာအကြောင်းကို ဟော ကြားခဲ့သည်။

ဧဝံဂေလိတရားတော်သည် လူမှုအသိုင်းအဝိုင်း၏ ဘဝနှင့် ထိုဒေသတွင် ကြုံတွေ့နေရသော စိန်ခေါ်မှုများ (ပစ်ပယ်ခံရမှုများ၊ ရုပ်ဝတ္ထုနှင့် လူမှုရေးဆိုင်ရာ အခက်အခဲများ) ကို ထင်ဟပ်စေကြောင်း နှင့်၊ လူငယ် များ၏ အလုပ်အကိုင်၊ နေထိုင်ရေးနှင့် လူမှုဘဝအတွက် လုံခြုံသောနေရာများ မရှိခြင်း စသည့် စိုးရိမ်ပူ ပန်မှုများကိုလည်း မှတ်ချက်ပြုခဲ့သည်။

လူအများအပြားသည် ဒဏ်ရာများဖြင့် မျှော်လင့်ချက်ကို ရှာဖွေရန် သာသနာနယ်သို့ ရောက်ရှိ လာကြ ကြောင်း၊ သာသနာနယ် အသိုင်းအဝိုင်းအနေဖြင့် ယေဇူးသခင်၏ နီးကပ်မှုကို ပြသရန်နှင့် လိုအပ်နေ သူများကို ကူညီပံ့ပိုးပေးရန် တိုက်တွန်းခဲ့သည်။ သာသနာနယ်၏ လုပ်ဆောင်ချက်များသည် လူသားများ အား ရှုတ်ချဝေဖန်ခြင်းမပြုဘဲ လက်ခံကြိုဆိုခြင်း၊ နားထောင်ခြင်းနှင့် ပံ့ပိုးပေးခြင်းတို့ကို လုပ်ဆောင် သည့် “မိခင်” ကဲ့သို့သော အသင်းတော်၏ သာသနာပြုလုပ်ငန်းများကို ထင်ဟပ်စေရန် ဖိတ်ခေါ်ခဲ့သည်။

ထာဝရဘုရားကို ယုံကြည်ကိုးစားခြင်း

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ထာဝရဘုရားသည် ယုံကြည်သူတို့၏ နေ့စဉ်ဘဝတွင် အမြဲရှိ နေကြောင်း သတိပေးရင်း ယုံကြည်ခြင်းဖြင့် ရှေ့ဆက်သွားကြရန် တိုက်တွန်းကာ ဒေသနာတော်ကို နိဂုံးချုပ်ခဲ့သည်။ ဝါတွင်းကာလအတွင်း ခရစ်ယာန်တို့အား ယုံကြည်ခြင်းဘဝသို့ လမ်းပြပေးသည့် “ဆေး ကြောခြင်းမင်္ဂလာ” (Baptism) ၏ ကျေးဇူးတော်ကို ပြန်လည်ရှာဖွေရန်လည်း ဖိတ်ခေါ်ခဲ့သည်။

Caritas စေတနာ့ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း

နောက်ဆုံးတွင် ပုပ်ရဟန်းမင်းကြီးသည် Caritas စေတနာ့ဝန်ထမ်းများကို နှုတ်ဆက်ခဲ့ပြီး အသက်အရွယ်၊ ဖျားနာမှု၊ ရွှေ့ပြောင်းနေထိုင်မှု သို့မဟုတ် ဆင်းရဲမွဲတေမှုတို့ကြောင့် ထိခိုက်လွယ်သူများကို ကူညီပေးနေ သည့် ၎င်းတို့၏ ဝန်ဆောင်မှုအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

လူသားတိုင်းသည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခံထားရပြီး ဘုရားသခင်၏ သားသ မီးများဖြစ်သည့် ဂုဏ်သိက္ခာကို ပိုင်ဆိုင်ထားကြသောကြောင့် လူတိုင်းတွင် တန်ဖိုးရှိကြောင်း ကို ရဟန်း မင်းကြီးက မိန့်ကြားခဲ့ပါသည်။

Fr. Peter Kyi Maung

Photo Credit:Vatican News

Original Link: https://www.vaticannews.va/en/pope/news/2026-03/pope-leo-visit-rome-parish-torrevecchia-peace-solidarity-welcome.html

rvamyanmar
rvamyanmar
Articles: 3771

Leave a Reply

Your email address will not be published. Required fields are marked *