
အရှေ့အလယ်ပိုင်းဒေသတွင် ချက်ချင်းအပစ်အခတ်ရပ်စဲရန် အာရှဆရာတော်ကြီးများ တောင်းဆို။

(၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့သော အာရှကတ်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် (FABC) ၏ အထွေထွေညီလာခံ ပိတ်ပွဲမစ္ဆားတရားတော်အတွက် အာရှတစ်လွှားမှ ဆရာတော်ကြီးများ ပြင်ဆင်နေကြစဉ်။ဓာတ်ပုံ – ဂျိုးတောရက်စ် (LiCAS သတင်းဌာန))
အရှေ့အလယ်ပိုင်းဒေသတွင် အရှိန်မြင့်တက်လာသော အကြမ်းဖက်မှုများသည် ကမ္ဘာတစ်ဝှမ်းတွင် “တွက်ချက်မရနိုင်သော လူသားချင်းစာနာမှုဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးများ” ကို ဖြစ်ပေါ်စေနိုင်ကြောင်း အာရှတစ်ဝှမ်းရှိ ဆရာတော်ကြီးများက စိုးရိမ်ပူပန်မှုကို ဖော်ပြခဲ့ကြပြီး၊ ချက် ချင်းအပစ်အခတ်ရပ်စဲရန် တောင်းဆိုလိုက်ကြသည်။
အာရှဆရာတော်ကြီးများအဖွဲ့ချုပ် (FABC) ၏ ဗဟိုကော်မတီသည် မတ်လ ၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန် ကောက်မြို့မှနေ၍ အရှေ့အလယ်ပိုင်းဒေသတွင် ချက်ချင်းအပစ်အခတ်ရပ်စဲရန် တောင်းဆိုချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
အာရှဆရာတော်ကြီးများသည် ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ဒေသတွင်းအင်အားကြီးနိုင်ငံများ ပါဝင် ပတ်သက်နေသော မကြာသေးမီက ဗုံးကြဲတိုက်ခိုက်မှုများနှင့် လက်တုံ့ပြန်မှုများကို ကိုးကား၍ “အရှေ့ အလယ်ပိုင်းတွင် အကြမ်းဖက်မှုများ တစ်ကျော့ပြန် အရှိန်မြင့်တက်လာခြင်းအပေါ် နက်နက်ရှိုင်းရှိုင်း စိတ်မကောင်းဖြစ်ရပြီး ပြင်းထန်စွာ စိုးရိမ်ပူပန်ကြောင်း” ဖော်ပြခဲ့ကြသည်။
“မကြာသေးမီက ဖြစ်ပွားခဲ့သော ဗုံးကြဲတိုက်ခိုက်မှုများနှင့် လက်တုံ့ပြန်မှုများသည် ဒေသတွင်းနှင့် ကမ္ဘာ ကြီးကို တွက်ချက်မရနိုင်သော လူသားချင်းစာနာမှုနှင့် စီးပွားရေးဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်စေမည့် ပဋိပက္ခအတွင်းသို့ ကျရောက်သွားစေနိုင်သည့် အန္တရာယ်ရှိနေသည်” ဟု အဆိုပါ ထုတ် ပြန် ချက်တွင် ဖော်ပြထားသည်။
“တိုက်ကြီးတစ်ခုအနေဖြင့် ကျွန်ုပ်တို့သည် ဤပဋိပက္ခနှင့်ပတ်သက်၍ အထူးစိုးရိမ်ပူပန်ပါသည်” ဟု ဆရာတော်ကြီးများက ထပ်လောင်းမိန့်ကြားခဲ့သည်။
FABC သည် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ၏ မေတ္တာရပ်ခံချက်ကို ထပ်ဆင့်အတည်ပြုခဲ့ပြီး “ပျက်စီး ခြင်း၊ နာကျင်ခြင်းနှင့် သေခြင်းတရားတို့ကို ဖြစ်ပေါ်စေသည့် ခြိမ်းခြောက်မှုများ သို့မဟုတ် လက်နက် များပေါ်တွင် ငြိမ်းချမ်းရေးကို တည်ဆောက်၍မရနိုင်ကြောင်း” အလေးပေးပြောကြားခဲ့သည်။
“တည်ငြိမ်မှုသည် ကြောက်ရွံ့ခြင်းမှ မလာနိုင်သလို၊ တရားမျှတမှုကိုလည်း အကြမ်းဖက်မှုဖြင့် မရရှိ နိုင်ပါ။ စစ်မှန်သော၊ တာဝန်သိသော၊ နှင့် စဉ်ဆက်မပြတ်သော တွေ့ဆုံဆွေးနွေးမှုများကသာလျှင် တရား မျှတပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးဆီသို့ ဦးတည်သည့် လမ်းစများကို ဖွင့်ပေးနိုင်လိမ့်မည်” ဟု ဆရာတော်ကြီးများက မိန့်ကြားခဲ့သည်။
အာရှတိုက်၏ ဘာသာရေးကွဲပြားမှုနှင့် ဆင်းရဲသားများ၏ နေ့စဉ်ရုန်းကန်လှုပ်ရှားနေရသည့် အခြေအနေ များအပေါ် အခြေခံ၍ ဆရာတော်ကြီးများက ငြိမ်းချမ်းရေးအတွက် လူသားများအကြား တရားမျှတမှုနှင့် ယုံကြည်မှု လိုအပ်ကြောင်း မိန့်ကြားခဲ့သည်။
“ငြိမ်းချမ်းရေးဆိုသည်မှာ စစ်မရှိခြင်းမျှသာ မဟုတ်ပါ။ ၎င်းသည် တရားမျှတမှု၏ အသီးအပွင့်၊ တွေ့ဆုံ ဆွေးနွေးမှု၏ ရလဒ်နှင့် လူသားများအကြား ယုံကြည်မှုကို စိတ်ရှည်လက်ရှည် တည်ဆောက်ခြင်းပင် ဖြစ်သည်” ဟု ၎င်းတို့က ဆိုသည်။
စစ်ပွဲသည် “ထိခိုက်လွယ်ဆုံးသူများဖြစ်ကြသည့် ဆင်းရဲသားများ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများ၊ ကလေးသူငယ်များနှင့် အနာဂတ်မျိုးဆက်သစ်များကို ပိုမိုပြင်းထန်စွာ ထိခိုက်နာကျင်စေသည်” ဟု ၎င်းတို့က သတိပေးခဲ့သည်။
ဆရာတော်ကြီးများက “ရန်လိုတိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန်နှင့် သက်ဆိုင်သူအားလုံးအနေဖြင့် ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်သိမှုများကို ကျင့်သုံးကြရန်၊ ပိုမိုနက်ရှိုင်းသော ဆင်းရဲဒုက္ခနှင့် ပြန် လည် ကုစား၍မရနိုင်သော ဆုံးရှုံးမှုများဆီသို့သာ ဦးတည်စေမည့် အရှိန်မြှင့်တင်မှုများကို တွန်းလှန်ကြရန်” တောင်းဆိုခဲ့ကြသည်။ ထို့ပြင် “ပဋိပက္ခများကို ဖြေရှင်းရန်အတွက် သံတမန်ရေးရာ နည်းလမ်းများကို အဓိကကိရိယာအဖြစ် ပြန်လည်အသုံးပြုရန်” တိုက်တွန်းခဲ့သည်။
“တွေ့ဆုံဆွေးနွေးမှုသည် မည်မျှပင် ခက်ခဲပါစေ၊ လူသားတို့၏ ဂုဏ်သိက္ခာနှင့် နိုင်ငံများ၏ အချုပ် အခြာ အာဏာကို လေးစားသော တစ်ခုတည်းသော လမ်းစဉ်ဖြစ်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ ထား သည်။
FABC သည် “သက်ရှိတို့၏ မြင့်မြတ်မှုကို အတူတကွ သက်သေခံရန်အတွက် ဒေသတွင်းရှိ ကြီးမြတ်သော ဘာသာရေးအစဉ်အလာများမှ ခေါင်းဆောင်များအကြား ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်မှုကို” ထပ်မံ တိုက်တွန်းခဲ့သည်။ ထို့ပြင် “ပထဝီနိုင်ငံရေး တွက်ချက်မှုများကြားတွင် အော်ဟစ်သံများ မကြာခဏ ပျောက်ကွယ်သွားတတ်သော ဆင်းရဲသားများနှင့် စစ်ဘေးသင့်ပြည်သူများဘက်တွင် ရပ်တည်သွားမည်” ဟူသော ၎င်းတို့၏ ကတိကဝတ်ကိုလည်း ပြန်လည်အတည်ပြုခဲ့သည်။
“ယခု ဝါတွင်းကာလတွင် အာရှတစ်ဝှမ်းရှိ ကျွန်ုပ်တို့၏ ဒေသခံအသင်းတော်များအားလုံး ငြိမ်းချမ်း ရေး အတွက် ဆုတောင်းခြင်း၊ အစာရှောင်ခြင်းနှင့် လက်တွေ့ကျသော ချစ်ကြည်ညီညွတ်မှုဆိုင်ရာ လုပ်ဆောင် ချက်များကို တိုးမြှင့်လုပ်ဆောင်ကြရန် ကျွန်ုပ်တို့ အလေးအနက် ဖိတ်ခေါ်ပါသည်” ဟု ဆရာတော် ကြီး များက မိန့်ကြားခဲ့သည်။
Fr. Peter Kyi Maung
Photo Credit : LiCAS News

