
သာသနာတော်၏ လူသားဆန်မှုနှင့် ဘုရားဆန်မှုဖြစ်ခြင်း သဘောသဘာဝတို့ သဟဇာတဖြစ်ခြင်း။

(ဗုဒ္ဓဟူးနေ့ အထွေထွေ လူထုတွေ့ဆုံခြင်း အခမ်းအနားတွင် တွေ့ရသော ပုပ်ရဟန်း မင်း ကြီး လီယို ၁၄ (@ဗာတီကန် မီဒီယာ))
အပတ်စဉ်ပြုလုပ်မြဲဖြစ်သော အများပြည်သူနှင့် တွေ့ဆုံခြင်း ပုပ်ရဟန်းမင်းကြီး လီယို (၁၄) သည် ‘Lumen gentium’ (လူမျိုးတို့၏ အလင်း) အပေါ် ဆက်လက်ထောက်ရှု့ခဲ့ပြီး၊
“လောကနှင့် ကင်းကွာနေသော စိတ်ကူးယဉ်ဆန်ပြီး စင်ကြယ်လွန်းသည့် အသင်းတော်ဟူ၍ မရှိပါ။ သမိုင်းကြောင်းအတွင်း ကိန်းဝပ်တည်ရှိနေသော ခရစ်တော်၏ တစ်ခုတည်းသော အသင်းတော်သာ ရှိပါ သည်။”ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ဗာတီကန်တွင် ကျင်းပသည့် အပတ်စဉ် အများပြည်သူနှင့် တွေ့ ဆုံပွဲတွင် ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က ဤသို့ ထည့်သွင်းမိန့်ကြားခဲ့ခြင်း ဖြစ်သည်။
ယခုအပတ်တွင် ရဟန်းမင်းကြီးက ဒုတိယဗာတီကန်ကောင်စီ၏ အယူဝါဒဆိုင်ရာ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်သော Lumen gentium အပေါ် ဆက်လက်ဆင်ခြင်ခဲ့ပြီး၊ အဆိုပါစာတမ်းတွင် သာသနာတော် ၏ လူသားဆိုင်ရာနှင့် ဘုရားသခင်ဆိုင်ရာ ကဏ္ဍနှစ်ရပ်၏ နက်နဲသော အမှန်တရားကို မည်သို့တင် ပြထားသည်ကို သုံးသပ်ခဲ့သည်။
ပထမအခန်းသည် သာသနာတော်ဆိုသည်မှာ အဘယ်နည်းဟူသော မေးခွန်းကို အဓိကဖြေဆိုထားပြီး သာသနာတော်ကို “ရှုပ်ထွေးလှသော အမှန်တရား” (Complex reality) အဖြစ် ဖော်ပြထားရာ၊ ယခုအခါ ထိုရှုပ်ထွေးမှုတွင် မည်သည့်အရာများ ပါဝင်နေသနည်းဟု မိန့်ကြားခဲ့သည်။
လူသားတို့၏ အားနည်းချက်နှင့် ဘုရားသခင်ဆိုင်ရာ သဘာဝ
Lumen gentium တွင် သာသနာတော်သည် စနစ်တကျ ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ ၎င်းတွင် လူသားဆိုင်ရာနှင့် ဘုရားသခင်ဆိုင်ရာ ကဏ္ဍနှစ်ရပ်သည် ခွဲခြား၍မရသလို ရောထွေးမှု လည်း မရှိဘဲ အတူယှဉ်တွဲတည်ရှိနေကြောင်း အခိုင်အမာ ဖော်ပြထားသည်ဟု ပုပ်ရဟန်းမင်းကြီးက ဆက် လက်မိန့်ကြားသည်။
သာသနာတော်သည် ခရစ်ယာန်ဖြစ်ခြင်း၏ ဝမ်းမြောက်မှုနှင့် ရုန်းကန်ရမှုများကို ၎င်းတို့၏ အားသာ ချက်၊ အားနည်းချက်များနှင့်အတူ မျှဝေခံစားကြသော အမျိုးသား၊ အမျိုးသမီးများ၏ လူ့အသိုက် အဝန်း တစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဧဝံဂေလိတရားကို ကြေညာကြပြီး ကျွန်ုပ်တို့၏ ဘဝခရီးတွင် အမြဲ အတူ ရှိနေသော ခရစ်တော်၏ တည်ရှိမှုကို ဖော်ပြသည့် နိမိတ်လက္ခဏာများ ဖြစ်လာကြသည်။
“သို့သော် ဤကဏ္ဍတစ်ခုတည်းနှင့် သာသနာတော်၏ စစ်မှန်သော သဘောသဘာဝကို ဖော်ပြရန် မလုံ လောက်ပါ၊ အကြောင်းမှာ သာသနာတော်တွင် ဘုရားသခင်ဆိုင်ရာ ကဏ္ဍလည်း ရှိနေသောကြောင့် ဖြစ်သည်” ဟု ပုပ်ရဟန်းမင်းကြီးက ဆိုသည်။ “ထိုကဏ္ဍသည် သာသနာဝင်များ၏ စိတ်ကူး ယဉ်ဆန် သော ပြီးပြည့်စုံမှု သို့မဟုတ် ဝိညာဉ်ရေးရာ သာလွန်မှုအပေါ် မမူတည်ဘဲ၊ သာသနာတော်သည် ခရစ် တော်အားဖြင့် အကောင်အထည်ဖော်ခဲ့သော လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ အစီအစဉ် တော်မှတစ်ဆင့် ဖြစ်ပေါ်လာခြင်း ဖြစ်သောကြောင့် ဖြစ်သည်။”
“ထို့ကြောင့် သာသနာတော်သည် တစ်ချိန်တည်းမှာပင် လောကီလူ့အဖွဲ့အစည်းဖြစ်သလို ခရစ်တော်၏ နက်နဲသော ခန္ဓာကိုယ်လည်း ဖြစ်သည်၊ မြင်တွေ့နိုင်သော အစည်းအဝေးဖြစ်သလို ဝိညာဉ်ရေးရာ နက်နဲမှုလည်း ဖြစ်သည်၊ သမိုင်းတွင် တည်ရှိနေသော အမှန်တရားဖြစ်သလို ကောင်းကင်နိုင်ငံတော်သို့ ဦးတည်နေသော လူမျိုးတော်လည်း ဖြစ်သည်” ဟု ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့သည်။
ကဏ္ဍနှစ်ရပ်ကို သဟဇာတဖြစ်အောင် ပေါင်းစပ်ခြင်း
အမှန်စင်စစ်၊ လူသားဆိုင်ရာနှင့် ဘုရားသခင်ဆိုင်ရာ ကဏ္ဍနှစ်ရပ်သည် တစ်ခုက တစ်ခုအပေါ် လွှမ်းမိုး ခြင်းမရှိဘဲ သဟဇာတဖြစ်စွာ ပေါင်းစပ်နေကြောင်း သူက အလေးပေးပြောကြားခဲ့သည်။
“သာသနာတော်သည် ဤဆန့်ကျင်ဘက် အမှန်တရား (Paradox) ထဲတွင် ရှင်သန်နေသည်။ သူမသည် လူသားဆိုင်ရာနှင့် ဘုရားသခင်ဆိုင်ရာ နှစ်ရပ်လုံးပါဝင်သော အမှန်တရားဖြစ်ပြီး၊ အပြစ်ရှိသော လူသား ကို လက်ခံကြိုဆိုကာ ဘုရားသခင်ထံသို့ ပို့ဆောင်ပေးသည်” ဟု ပုပ်ရဟန်းမင်းကြီးက သတိပေးခဲ့သည်။
သာသနာတော်၏ ဤအခြေအနေကို ရှင်းလင်းပြရန် Lumen gentium က ခရစ်တော်၏ အသက်တာကို ရည်ညွှန်းထားကြောင်း သူက ရှင်းပြသည်။ “ပါလက်စတိုင်း လမ်းမများပေါ်တွင် ယေဇူးနှင့် တွေ့ဆုံခဲ့ သူများသည် ကိုယ်တော်၏ လူသားဆန်မှု၊ မျက်လုံးများ၊ လက်များနှင့် အသံတော်ကို ထိတွေ့ခံစား ခဲ့ရ သည်။ ကိုယ်တော်၏ နောက်သို့လိုက်ရန် ဆုံးဖြတ်ခဲ့သူများသည် ကိုယ်တော်၏ ကြိုဆိုတတ်သော အကြည့်၊ ကောင်းချီးပေးသော လက်တော်တို့၏ အထိအတွေ့နှင့် လွတ်မြောက်ခြင်းနှင့် ကုသခြင်းဆိုင် ရာ စကားတော်များကို တွေ့ကြုံခံစားရခြင်းကြောင့် ဖြစ်သည်။”
“သို့သော် တစ်ချိန်တည်းမှာပင် ထိုလူသား၏ နောက်သို့ လိုက်ခြင်းအားဖြင့် တပည့်တော်များသည် ဘုရားသခင်နှင့် တွေ့ဆုံရန် လမ်းပွင့်သွားခဲ့ကြသည်၊ အကြောင်းမှာ ခရစ်တော်၏ လူသားခန္ဓာ၊ မျက်နှာ တော်၊ အမူအရာနှင့် စကားတော်များသည် မမြင်နိုင်သော ဘုရားသခင်ကို မြင်သာအောင် ဖော်ပြနေ သောကြောင့် ဖြစ်သည်” ဟု ဆက်လက်မိန့်ကြားသည်။
သန့်ရှင်းခြင်း၏ အဓိပ္ပာယ်
ထို့ကြောင့် ပုပ်ရဟန်းမင်းကြီးသည် ယေဇူးဘုရားရှင်၏အရှိတရား အလင်းဖြင့် သာသနာတော်ကို ဆက် လက်သုံးသပ်ခဲ့သည်။ “ကျွန်ုပ်တို့ အနီးကပ်ကြည့်ရှုသောအခါ၊ သာသနာတော်တွင် စစ်မှန်သော လူသား များဖြင့် ဖွဲ့စည်းထားသည့် လူသားဆိုင်ရာ ကဏ္ဍကို တွေ့ရှိရမည်ဖြစ်သည်။ သူတို့သည် တစ်ခါတစ်ရံ ဧဝံဂေလိတရား၏ အလှတရားကို ဖော်ပြကြသော်လည်း၊ တစ်ခါတစ်ရံတွင်မူ အခြားသူများကဲ့သို့ပင် ရုန်းကန်ရပြီး အမှားများ ပြုလုပ်တတ်ကြသည်။ သို့သော် သာသနာဝင်များနှင့် သာသနာ၏ ကန့်သတ် ချက်ရှိသော လောကီကဏ္ဍများမှတစ်ဆင့် ခရစ်တော်၏ တည်ရှိမှုနှင့် ကယ်တင်ခြင်းဆိုင်ရာ လုပ်ဆောင် ချက်များကို ထင်ရှားစေခြင်း ဖြစ်သည်။”
ပုပ်ရဟန်းမင်းကြီး ဘနဒက် (၁၆) က သူ၏ ရဟန်းတာဝန်စတင်ယူစကာလတွင် ဆွစ်ဇာလန် ဆရာတော် ကြီးများကို မိန့်ကြားခဲ့ဖူးသည့် “ဧဝံဂေလိတရားနှင့် အဖွဲ့အစည်းဆိုင်ရာ ဖွဲ့စည်းပုံတို့ကြားတွင် ဆန့်ကျင် ဘက်ဖြစ်နေခြင်း မရှိပါ” ဟူသော စကားကို ရဟန်းမင်းကြီးလီယို က ပြန်လည်အမှတ်ရစေခဲ့သည်။ “ဆန့်ကျင်ဘက်အနေနှင့်၊ သာသနာတော်၏ ဖွဲ့စည်းပုံများသည် ကျွန်ုပ်တို့ခေတ်တွင် ဧဝံဂေလိတရားကို လက်တွေ့အကောင်အထည်ဖော်ရန်အတွက်သာ အသုံးဝင်သည်”ဟု ဘနဒက် ၁၆ က ဆိုခဲ့သည်။
ထို့ကြောင့် ပုပ်ရဟန်းမင်းကြီး လီယိုက “လောကနှင့် ကင်းကွာနေသော စိတ်ကူးယဉ်ဆန်ပြီး စင်ကြယ် လွန်းသည့် သာသနာတော်ဟူ၍ မရှိပါ။ သမိုင်းကြောင်းအတွင်း ကိန်းဝပ်တည်ရှိနေသော ခရစ်တော်၏ တစ်ခုတည်းသော သာသနာတော်သာ ရှိပါသည်” ဟု အလေးပေးပြောကြားခဲ့သည်။
“ဒါဟာ သာသနာတော်ရဲ့ သန့်ရှင်းခြင်းကို ဖြစ်ပေါ်စေတဲ့ အရာပါပဲ။ ခရစ်တော်ဟာ သာသနာတော်ထဲမှာ ကိန်းဝပ်နေပြီး သာသနာဝင်တွေရဲ့ သေးငယ်မှုနဲ့ အားနည်းမှုတွေကတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် ဆက် လက်ပေးကမ်းနေခြင်းကြောင့်ပဲ ဖြစ်ပါတယ်” ဟု သူက အံ့ဩကြည်ညိုစွာ မိန့်ကြားခဲ့သည်။
ခရစ်တော်၏ မေတ္တာနှင့် ကရုဏာတော်ကို သက်သေခံသူများ
သာသနာတော်အတွင်း အစဉ်အမြဲ ဖြစ်ပျက်နေသော ဤအံ့ဖွယ်အမှုကို ဆင်ခြင်ခြင်းဖြင့် ကျွန်ုပ်တို့သည် ‘ဘုရားသခင်၏ နည်းလမ်းတော်’ ကို နားလည်နိုင်မည်ဖြစ်သည်။ ထိုနည်းလမ်းမှာ “ကိုယ်တော်သည် ဖန်ဆင်းခံများ၏ အားနည်းချက်များမှတစ်ဆင့် ကိုယ်တော်တိုင် မြင်သာအောင် ပြုလုပ်ခြင်း၊ ဆက်လက် ထင်ရှားပြသခြင်းနှင့် လုပ်ဆောင်ခြင်း” ဖြစ်သည်။ ၎င်းသည် ယနေ့ကျွန်ုပ်တို့အား ” သာသနာတော်၏ မြင်သာသော ပုံစံများကို စီစဉ်ရုံသာမက၊ ကျွန်ုပ်တို့အချင်းချင်းကြားတွင် တစ်လုံးတစ်ဝတည်းရှိခြင်းနှင့် မေတ္တာကရုဏာအားဖြင့် ခရစ်တော်၏ ခန္ဓာကိုယ်တည်းဟူသော ဝိညာဉ်ရေးရာ အဆောက်အအုံကို တည်ဆောက်ရန်” ခွန်အားပေးသည်။
နောက်ဆုံးတွင်၊ ပုပ်ရဟန်းမင်းကြီး လီယိုက ဘာသာသူများအနေဖြင့် ခရစ်တော်၏ မေတ္တာတော်ကို စစ် မှန်စွာ သက်သေခံနိုင်ရန် ကြိုးစားကြဖို့ တိုက်တွန်းခဲ့သည်။ သို့မှသာ လူသားအားလုံးသည် ကျွန်ုပ်တို့ အတွင်း၌ စစ်မှန်သော ခရစ်ယာန်များ၏ ဝိသေသဖြစ်သော၊ သာသနာတော်ကို တည်ဆောက်ပေးသော မေတ္တာကရုဏာကို အသိအမှတ်ပြုနိုင်မည် ဖြစ်ပါသည်။
Fr. Peter Kyi Maung
Photo credit: Vatican News

