စစ်ပွဲကာလအတွင်း ခရစ်ယာန်များသည် မျှော်လင့်ခြင်းရှိသူများဖြစ်ရန် ခေါ်ယူခြင်းခံရသည်။

(ကာဒီနယ် ရဒ်ကလစ်ဖ် (Cardinal Radcliffe)ကိယက်ဗ်မြို့ရှိ အထိမ်းအမှတ် ဗိမာန်တစ် ခုသို့ သွားရောက်ကြည့်ရှုခြင်း)

ဒိုမီနီကန် ကာဒီနယ် သီမသီ ရဒ်ကလစ်ဖ် သည် ယူကရိန်းနိုင်ငံသို့ သွားရောက်လည်မှု၊ ပဋိပက္ခများအတွင်း ဆုတောင်းခြင်းနှင့် ခရစ်ယာန်မျှော်လင့်ခြင်း၏ အရေးကြီးပုံတို့နှင့် ပတ်သက်၍ Vatican News ကို ပြော ကြားခဲ့သည်။

ဒိုမီနီကန် ကာဒီနယ် တင်မသီ ရဒ်ကလစ်ဖ် (Timothy Radcliffe) သည် ဒေသခံအသင်းတော်နှင့် တရား ဒေသနာဟောကြားသူများအသင်းဂိုဏ်း (Dominican) အသိုက်အဝန်းများသို့ သူ၏ ထောက်ခံအား ပေးမှု နှင့် တစ်သားတည်းရှိမှုကို ဖော်ပြရန် စစ်ဒဏ်သင့်ယူကရိန်းနိုင်ငံသို့ သွားရောက်လည်ပတ်နေခြင်း ဖြစ် သည်။

သူသည် ဖေဖော်ဝါရီ ၂၇ ရက်တွင် မြို့တော် ကိယက်ဗ် (Kyiv) သို့ ရောက်ရှိခဲ့ပြီး၊ ကိယက်ဗ်-ဇီတိုမာ (Kyiv-Zhytomyr) ၏ ဆရာတော် ဗီတာလီ ခရီဗစ်စကီး (Vitalii Kryvytskyi) နှင့် တွေ့ဆုံကာ စစ်ပွဲအတွင်း ကျဆုံး ခဲ့သည့် စစ်သည်များအတွက် ယာယီအထိမ်းအမှတ်ဗိမာန်သို့ သွားရောက်ခဲ့ခြင်း။ 

ထို့နောက် ဖေဖော်ဝါရီ ၂၈ မှ မတ်လ ၁ ရက်အထိ ဝိညာဉ်ရေးအတွက်(retreat) ဥပုပ်တရားပေးခြင်းနှင့်၊ သူ၏ နှစ်ပတ်ကြာ ခရီးစဉ်၏ ကျန်ရှိသောရက်များကို ဒိုမီနီကန်ညီအစ်ကိုများထံ သွားရောက်လည် ပတ် ရင်း ကုန်ဆုံးမည် ဖြစ်သည်။

Vatican News နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် သူသည် ခရီးစဉ်၏ ပထမရက်များအပေါ် ပြန်လည်သုံး သပ်ခဲ့ပြီး၊ စစ်ပွဲနှင့်အတူ လိုက်ပါလာသည့် မသေချာမှုများနှင့် ဆင်းရဲဒုက္ခများကြားတွင် ခရစ်ယာန် များအနေဖြင့် ဆုတောင်းရန်နှင့် မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

  1. Vatican News: အရှင်သူမြတ် (Your Eminence)၊ အခုလို ယူကရိန်းကို လာရောက်လည်ပတ်ပြီး ယူကရိန်းပြည်သူတွေနဲ့အတူ ရှိနေရတာက အရှင်သူမြတ်အတွက် ဘယ်လိုအဓိပ္ပာယ်ရှိပါသလဲ။

ကာဒီနယ် ရဒ်ကလစ်ဖ်: လွန်ခဲ့တဲ့ အနှစ် ၃၀ က ကျွန်တော် ပထမဆုံးအကြိမ် လာရောက်ခဲ့ဖူးတဲ့ ယူကရိန်းကို အခုလို ပြန်ရောက်ရတာ အရမ်းဝမ်းသာပါတယ်။ ကျွန်တော့်ရဲ့ ညီအစ်ကိုတွေရဲ့ ဖိတ်ကြား ချက်အရ လာခဲ့တာဖြစ်ပြီး ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့တာပါ။ ဆင်းရဲဒုက္ခရှိတဲ့ နိုင်ငံတွေကို သွား ရောက်တိုင်း ကျွန်တော် တစ်ခုခု အမြဲသင်ယူရပါတယ်။ ဒါကြောင့် ကျွန်တော်ဟာ ကျွန်တော့်ရဲ့ ညီအစ်ကို မောင်နှမတွေနဲ့အတူ ရှိနေဖို့ အဓိကလာခဲ့တာ ဖြစ်သလို၊ သူတို့ဆီကနေ သင်ယူစရာတွေ အများကြီး ရှိတယ်လို့ ကျွန်တော် ယုံကြည်တဲ့အတွက်လည်း လာခဲ့တာ ဖြစ်ပါတယ်။

မေး – အရှင်သူမြတ် ယူဆောင်လာတဲ့ အဓိက သတင်းစကားက ဘာလဲခင်ဗျာ။

ကျွန်တော် ထင်တာကတော့ တစ်နေရာရာကို ရောက်တဲ့အခါ ကြိုတင်ပြင်ဆင်ထားတဲ့ သတင်းစကား မျိုး နဲ့ မလာသင့်ဘူးလို့ ထင်ပါတယ်။ နားထောင်ဖို့ လာရမှာဖြစ်ပြီး၊ ပြောရမယ့်စကားက လူတွေရဲ့စကားကို နားထောင်ခြင်းကနေ အရင်ဆုံး ပေါက်ဖွားလာရပါမယ်။ ဒါကြောင့် ကျွန်တော်ဟာ ပြောဖို့ထက် နားထောင်ဖို့ လာခဲ့တာပါ။ ဒါဟာ စီနော့ဒ်လျှောက်လှမ်းခြင်း (synodality) ရဲ့ အနှစ်သာရပါပဲ – ကျွန်တော် တို့ဟာ ဘုရားသခင်ကို နားထောင်သူတွေ၊ တစ်ဦးကိုတစ်ဦး နားထောင်သူတွေအဖြစ် လာကြတာ ဖြစ်ပါ တယ်။

မေး – ကိယက်ဗ်မှာ အရှင်သူမြတ် ဦးဆောင်ခဲ့တဲ့ ဝိညာဉ်ရေးဆုတ်ခွာခြင်း (retreat) ကို ‘ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့အဖ’ (Our Father) ဆုတောင်းချက်အပေါ် အခြေခံထားပါတယ်။ ဘာကြောင့် ဒီအကြောင်း အရာကို ရွေးချယ်တာလဲခင်ဗျာ။

ဆင်းရဲဒုက္ခနဲ့ စစ်ပွဲကာလတွေမှာ ဆုတောင်းခြင်းက အလွန်အရေးကြီးပါတယ်။ ‘ကောင်းကင်ဘုံရှိ ကျွန်ုပ် တို့အဖ’ ဆိုတာ အကြီးမြတ်ဆုံးသော ဆုတောင်းချက် ဖြစ်ပါတယ်။ သခင်ယေဇူးကိုယ်တိုင် ဒုက္ခခံဖို့နဲ့ အသေခံဖို့ ဂျေရုဆလင်ကို တက်သွားချိန်မှာ ဒီဆုတောင်းချက်ကို ဆုတောင်းခဲ့တာပါ။ ကိုယ်တော်ဟာ ဂျက်စေမာနေ ဥယျာဉ်ထဲမှာ ရှိနေမယ့် အချိန်ကို မျှော်ကြည့်ရင်း ဆုတောင်းခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တစ်ဦးစီအတွက်၊ အထူးသဖြင့် ဆင်းရဲဒုက္ခတွေနဲ့ ရင်ဆိုင်ရချိန်မှာ ဒီဆုတောင်းချက်ဟာ ကြီးမြတ်တဲ့ လက်ဆောင်တစ်ခု ဖြစ်ပါတယ်။

မေး – အခု ကျွန်တော်တို့ဟာ ရုရှားရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေအောက်က ကိယက်ဗ်မှာ ရှိနေချိန်မှာ၊ ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေနဲ့ အရှင်သူမြတ်ရဲ့ မိတ်ဆွေ လူကပ်စ် (Łukasz) တို့က ဂျေရုဆလင်မှာ ရှိနေပါတယ်။ စစ်ပွဲရဲ့ အဆင့်သစ်တစ်ခု စတင်နေပြီလို့ ကျွန်တော်တို့ မြင်နေရပါတယ်။ ယူကရိန်းနဲ့ သန့်ရှင်းသောမြေ (Holy Land) ရဲ့ အခြေအနေအပေါ် ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ။

နေရာအနှံ့မှာ အကြမ်းဖက်မှုတွေ ပိုတိုးလာနေတာ အမှန်ပါပဲ။ ဒါဟာ ဥရောပ ဒါမှမဟုတ် အရှေ့အလယ် ပိုင်းတင်မကဘဲ တောင်ဆူဒန်အပါအဝင် အာဖရိကလို နေရာအတော်များများမှာ စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ အချိန်ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာ ဖြစ်နိုင်တယ်၊ စစ်ပွဲဆိုတာ ရှောင်လွှဲလို့မရတဲ့အရာ မဟုတ်ဘူး ဆိုတဲ့ ခရစ်ယာန်သက်သေခံချက်ကို ကျွန်ုပ်တို့ အရင်ကထက် ပိုလိုအပ်နေပါတယ်။ စစ်ပွဲကာလမှာ ကျွန်ုပ်တို့ဟာ မျှော်လင့်ခြင်းရှိသူတွေ ဖြစ်ဖို့ ခေါ်ယူခြင်းခံရပါတယ်။

ဒီနေ့ခေတ် ခရစ်ယာန်တွေရဲ့ အဓိကသတင်းစကားက ‘မျှော်လင့်ခြင်း’ လို့ ကျွန်တော် ပြောချင်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ကိုယ်တော်မြတ်စက္ကရမင်တူ (Eucharist) ကို မျှော်လင့်ချက် မရှိတော့ဘူးလို့ ထင်ရတဲ့ အချိန် မှာ စတင်တည်ထောင်ခဲ့တာပါ။ အဲဒါကတော့ သေခြင်းနဲ့ အကြမ်းဖက်မှုတွေပဲ ရှေ့မှာရှိနေတဲ့ ‘နောက်ဆုံး ညစာစားပွဲ’ အချိန်မှာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ သခင်ယေဇူးက မိမိကိုယ်ကို ပေးဆပ်ခဲ့တာပါ။ ဒါဟာ ကျွန်ုပ်တို့ရဲ့ ကြီးမြတ်တဲ့ မျှော်လင့်ခြင်းစက္ကရမင်တူ ဖြစ်ပါတယ်။ ဒါကြောင့် ယူကရိန်းပြည်သူတွေ ဒါမှ မဟုတ် စစ်ပွဲဖြစ်ပွားနေတဲ့ ဘယ်နေရာကလူတွေကိုမဆို ကျွန်တော်ပေးချင်တဲ့ တစ်ခုတည်းသော သတင်းစကားကတော့ – ကျွန်ုပ်တို့ဟာ သခင်ဘုရားအပေါ် မျှော်လင့်ချက် ထားကြပါတယ်။ ကိုယ်တော်ရဲ့ ငြိမ်းချမ်းရေးဟာ နောက်ဆုံးမှာ အောင်နိုင်ပါလိမ့်မယ်။

မေး – အရှင်သူမြတ်ရဲ့ စာအုပ်ဖြစ်တဲ့ “The Seven Last Words” (လက်ဝါးကပ်တိုင်ပေါ်က နောက်ဆုံး စကား ၇ ခွန်း) ကို ယူကရိန်းဘာသာစကားနဲ့ ထုတ်ဝေလိုက်ပါပြီ။ အဲဒီစာအုပ်အကြောင်းကို ဘယ်လို ဖော်ပြချင်ပါသလဲ။

ဒီစာအုပ်လေးဟာ စီနော့ဒ်လျှောက်လှမ်းခြင်း (synodality) နဲ့ အချင်းချင်း နားထောင်တတ်ဖို့ သင်ယူ ခြင်းဆိုတဲ့ အကြောင်းအရာနဲ့ နီးနီးကပ်ကပ် ဆက်စပ်နေပါတယ်။ အကြမ်းဖက်မှုတွေ ရှိနေချိန်မှာ ကျွန်ုပ် တို့ရဲ့ နားတွေကို ပိတ်ထားချင်တဲ့ သွေးဆောင်မှု ရှိတတ်ပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ နားထောင်ရပါမယ်။ ကျွန်ုပ်တို့ လူသားတွေအနေနဲ့ အထူးသဖြင့် သဘောထားမတိုက်ဆိုင်တဲ့ အခါမျိုးမှာတောင် အချင်းချင်း နားထောင်ကြရပါမယ်။ သဘောထားကွဲလွဲမှုတွေကြားထဲမှာပဲ တစ်ဦးဆီကတစ်ဦး သင်ယူနိုင်ကြတာပါ။ ကျွန်ုပ်တို့ရဲ့ ကမ္ဘာကြီးဟာ လူတွေ တကယ် မစဉ်းစားဘဲ၊ တခြားသူတွေအပေါ် စိတ်နှလုံး မဖွင့်ဘဲ ပြောနေကြတဲ့ ကြွေးကြော်သံတွေနဲ့ ပြည့်နှက်နေပါတယ်။ အဲဒီအစား ကျွန်ုပ်တို့ရဲ့ စိတ်နဲ့ နှလုံးသားကို ဖွင့်ထားဖို့ ဘုရားသခင်က ခေါ်ယူနေတာ ဖြစ်ပါတယ်။

ဒါကြောင့် စစ်ပွဲကာလမှာ စီနော့ဒ်လျှောက်လှမ်းခြင်းဟာ အလွန်အရေးကြီးပါတယ်။ ဇန်နဝါရီလက ရော မမြို့မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ ကာဒီနယ်အားလုံး စုဝေးခဲ့ကြပြီး၊ ပုပ်ရဟန်းမင်းကြီး လီယိုက ပထမဦးဆုံး အလိုရှိခဲ့တာက ကျွန်တော်တို့ အချင်းချင်း နားထောင်ကြဖို့ ဖြစ်ပါတယ်။ ဒါမှလည်း သူက ကျွန်တော်တို့ရဲ့ အသံကို ကြားနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ အကြမ်းဖက်မှုတွေနဲ့ ပြည့်နေတဲ့ ကမ္ဘာကြီး အတွက် အသင်းတော်က ပေးတဲ့ ကြီးမြတ်တဲ့ လက်ဆောင်တစ်ခုလို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်ုပ် တို့ဟာ နားနဲ့တင်မဟုတ်ဘဲ စိတ်ကူးဉာဏ်နဲ့ပါ နားထောင်ကြရပါမယ်။ ဘာကြောင့် တခြားသူတွေက ငါတို့နဲ့ မတူဘဲ တွေးတောရသလဲဆိုတာကို ငါတို့ စိတ်ကူးကြည့်နိုင်သလား။

ဘာသာပြန်- Fr. Peter Kyi Maung

Website: rvamyanmar.org

www.youtube.com/@rvamyanmar8152

#rvamyanmar

Photo Credit:Vatican News

https://www.vaticannews.va/en/church/news/2026-03/cardinal-timothy-radcliffe-ukraine-war-conflict-peace-hope.html

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *