“ငြိမ်းချမ်းရေးအတွက် အလုပ်လုပ်ကြပါ” ၊ “လက်နက်မပါဘဲ အဖြေရှာကြပါ”။

(Pope Leo XIV in Castel Gandolfo)

ပုပ်ရဟန်းမင်းကြီး လီယို ၁၄ သည် ကတ်စတယ် ဂန်ဒေါ်ဖို (Castel Gandolfo) ရှိ ဗီလာ ဘာဘာရီနီ (Villa Barberini) စံအိမ်တော်အပြင်ဘက်၌ သတင်းထောက်များအား အကျဉ်းချုပ် မိန့်ကြားခဲ့ပြီး၊ “ငြိမ်းချမ်း ရေးအတွက် အလုပ်လုပ်ကြရန်” နှင့် “ဆွေးနွေးညှိနှိုင်းမှုကို မြှင့်တင်ရန်” သူ၏ တောင်းဆိုချက်ကို ထပ် လောင်း ပြောကြားခဲ့သည်။

“ငြိမ်းချမ်းရေးအတွက် ဆုတောင်းပေးကြပါ၊ ငြိမ်းချမ်းရေးအတွက် အလုပ်လုပ်ကြပါ၊ မုန်းတီးမှုတွေကို လျှော့ချကြပါ။ ကမ္ဘာပေါ်မှာ မုန်းတီးမှုတွေက အဆက်မပြတ် တိုးပွားနေပါတယ်” ဟု ပုပ်ရဟန်း မင်း ကြီး လီယို ၁၄ က ကတ်စတယ် ဂန်ဒေါ်ဖိုရှိ ၎င်း၏ ပုံမှန် အနားယူခြင်းနှင့် အလုပ်လုပ်ခြင်းနေ့များအဖြစ် ကုန်ဆုံးခဲ့သည့် ဗီလာ ဘာဘာရီနီ စံအိမ်တော်အပြင်ဘက်ရှိ သတင်းထောက်တစ်စုအား ပြောကြားခဲ့ခြင်း ဖြစ်သည်။

အရှေ့အလယ်ပိုင်းဒေသတွင် တိုက်ခိုက်မှုများ မြင့်တက်လာပြီး ကမ္ဘာတစ်ဝန်းတွင် စိုးရိမ်ထိတ်လန့်မှုနှင့် တင်းမာမှုများ ကြီးထွားလာသည်နှင့်အမျှ၊ ပုပ်ရဟန်းမင်းကြီးက ငြိမ်းချမ်းရေးပန်းတိုင်ကို အကောင် အထည်ဖော်ရန် တိုက်တွန်းခဲ့သည်။ တစ်ချိန်တည်းမှာပင် လူတိုင်းအနေဖြင့် “ဆွေးနွေးညှိနှိုင်းမှုကို မြှင့် တင်ရန် အမှန်တကယ် ကြိုးပမ်းကြရန်” နှင့် “ပြဿနာများကို ဖြေရှင်းရန် လက်နက်မပါဘဲ အဖြေရှာ ကြရန်” နှိုးဆော်ခဲ့သည်။

ဤစကားများသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က အန်ဂျီလပ်စ် (Angelus) ဆုတောင်းပွဲတွင် သူပြောကြား ခဲ့သော စကားများကို ပြန်လည် ပဲ့တင်ထပ်နေခြင်း ဖြစ်သည်။ ထိုစဉ်က အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် တိုက်ခိုက်မှုနှင့် အရှေ့အလယ်ပိုင်း ဒေသအချို့ကို အီရန်က ဗုံးကြဲတိုက်ခိုက်မှုများနှင့် စပ်လျဉ်း၍ လီယို ၁၄ က “တည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေးကို အပြန်အလှန် ခြိမ်းခြောက်မှုများ သို့မဟုတ် ပျက်စီးဆုံးရှုံးမှု၊ ဆင်းရဲဒုက္ခနှင့် သေခြင်းတရားတို့ကို ဖြစ်ပေါ်စေသည့် လက်နက်များ အသုံးပြုခြင်းဖြင့် မရရှိနိုင်ဘဲ၊ ကျိုးကြောင်းဆီလျော်မှုရှိသော၊ ရိုးသားပြီး တာဝန်ယူမှုရှိသော ဆွေးနွေးညှိနှိုင်းမှုများဖြင့်သာ ရရှိနိုင်မည်ဖြစ်သည်” ဟု မိန့်ကြားခဲ့သည်။

ဘာသာပြန်-Fr. Peter Kyi Maung

Photo Credit: Vatican News

Photo caption : Pope Leo XIV in Castel Gandolfo

https://www.vaticannews.va/en/pope/news/2026-03/pope-leo-xiv-work-for-peace-and-seek-solutions-without-weapons.html

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *