
“စစ်ပွဲတိုင်းသည် ကိုယ်ကျင့်တရားနှင့် လူသားဆန်မှုဆိုင်ရာ ကျရှုံးမှုဖြစ်သည်”

( “ဇာပိုရစ်ရှ်ဇာမြို့တွင် ရုရှားဒရုန်းတိုက်ခိုက်မှုအပြီး နောက်ဆက်တွဲမြင်ကွင်း”)
ဗာတီကန်နိုင်ငံတော်နှင့် နိုင်ငံတကာအဖွဲ့အစည်းများ ဆက်ဆံရေးဆိုင်ရာ အတွင်းရေးမှူး ဂိုဏ်းချုပ် ဆရာ တော်ကြီး ပေါလ်ဂယ်လက်ဂါသည် (၁၅၅၄) ကြိမ်မြောက် ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင် ရွက် ရေးအဖွဲ့ (OCSE) အမြဲတမ်းကောင်စီ အထူးအစည်းအဝေးတွင် ပြောကြားသည့် မိန့်ခွန်း၌ ယူကရိန်းငြိမ်း ချမ်းရေးအတွက် ခိုင်မာသော ခြေလှမ်းများလှမ်းရန် နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းခဲ့ပါသည်။
“တရားမျှတပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ရည်ရွယ်တဲ့ စစ်မှန်ပြီး အားလုံးပါဝင်နိုင်တဲ့ သံတ မန်ရေးရာ လမ်းကြောင်းတွေကို တည်ဆောက် ထိန်းသိမ်းဖို့အတွက် လိုအပ်တဲ့ နိုင်ငံရေးသတ္တိကို ပြသ ကြဖို့ ဗာတီကန်နန်းတော် (The Holy See) က သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို တိုက်တွန်းပါတယ်” ဟု ရုရှား၏ ယူကရိန်းကျူးကျော်စစ် (၄) နှစ်ပြည့်မြောက်သည့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် နေ့တွင် ပြောကြားသော မိန့်ခွန်း၌ ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။
“စစ်ပွဲတိုင်းဟာ ကိုယ်ကျင့်တရားနဲ့ လူသားဆန်မှုဆိုင်ရာ ကျရှုံးမှုကို ကိုယ်စားပြုနေပါတယ်” ဟု ဂိုဏ်း ချုပ်ဆရာတော်ကြီး ဂယ်လက်ဂါက ဆိုသည်။
ခိုင်မာသော ခြေလှမ်းများကို လှမ်းရန် လိုအပ်သည်
ငြိမ်းချမ်းရေးအတွက် “ခိုင်မာသော ခြေလှမ်းများ လှမ်းရမည်” ဖြစ်ကြောင်း၊ “အမြင့်ဆုံးသော ပြည်သူ့ တာဝန်ကို ထမ်းဆောင်နေရသူများသည် စေတနာဆန္ဒများကို လက်တွေ့ကျပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး အစီအစဉ်များအဖြစ် ပြောင်းလဲနိုင်ရန်အတွက် စဉ်ဆက်မပြတ်သော သံတမန်ရေးရာ ဆွေး နွေးမှုများနှင့်အတူ ချက်ချင်းလက်ငင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာများ၊ တိုက်ပွဲရပ်နားမှု များ ကို ဦးစားပေး ဆောင်ရွက်ရမည်”။
“ဆွေးနွေးပွဲများသည် ညှိနှိုင်းမှုများတွင် စစ်မှန်သော စေတနာထားရှိမှုနှင့် တာဝန်ဝတ္တရားများကို သစ္စာ ရှိရှိ လိုက်နာဆောင်ရွက်မှုအပေါ် အခြေခံရမည်”။
ယင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများကို လွယ်ကူချောမွေ့စေရန်၊ ယုံကြည်မှု တည်ဆောက်ရန်နှင့် လုံခြုံရေး ပြန်လည်ရရှိစေမည့် အစီအမံများကို ဖော်ဆောင်ရာတွင် OCSE အနေဖြင့် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်မည်ဟု ဗာတီကန်က ယုံကြည်ကြောင်း။
လူသားများအတွက်နှင့် ဆင်းရဲဒုက္ခများ လျှော့ချရေးကို အဓိကဗဟိုပြုသော မည်သည့် စစ်မှန်သည့် သံတမန်ရေးရာ ကြိုးပမ်းမှုများကိုမဆို ကူညီပံ့ပိုးပေးရန် ဗာတီကန်က “အသင့်ရှိနေသည်” ဟု ပြော ကြားခဲ့သည်။
နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို လေးစားလိုက်နာရန် အရေးကြီးပုံ
ထို့နောက် ဂိုဏ်းချုပ်ဆရာတော်ကြီး ဂယ်လက်ဂါက နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို လေးစားလိုက်နာရန် အရေးကြီးကြောင်းနှင့် ယင်းသည် အခြေအနေအရပ်ရပ် သို့မဟုတ် စစ်ရေးနှင့် မဟာဗျူဟာမြောက် အကျိုးစီးပွားများအပေါ် မူတည်၍ မရနိုင်ကြောင်း ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ၏ စိုးရိမ်ပူပန်မှုများကို ထပ်ဆင့်ဖော်ပြခဲ့သည်။
ဇန်နဝါရီလ ၉ ရက်နေ့က ဗာတီကန်ဆိုင်ရာ သံတမန်အဖွဲ့ဝင်များအား ပြောကြားခဲ့သော ပုပ်ရဟန်း မင်းကြီး၏ မိန့်ခွန်းကို ကိုးကား၍ “စစ်ပွဲ၏ ဆိုးကျိုးများကို လျှော့ချရန်နှင့် ပြန်လည်ထူထောင်ရေးကို မျှော်ကိုး၍ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေသည် စစ်ဖြစ်ပွားနေသူတို့၏ ရည်မှန်းချက်များထက် အစဉ်အမြဲ သာလွန်လွှမ်းမိုးရမည်” ဟု ဆိုသည်။
“လူသားတို့ အသက်နှင့် ဂုဏ်သိက္ခာ၏ မြင့်မြတ်မှုကို တောင်းဆိုရင်း၊ ငြိမ်းချမ်းရေးဆီသို့ ဦးတည်သော လမ်းကြောင်းများကို စစ်မှန်စွာ ရှာဖွေလိုသော ဆန္ဒဖြင့် အရေးတကြီး ဆောင်ရွက်ရန်၊ ကရု ဏာထား ရန်နှင့် ဆွေးနွေးပွဲများ ဖြစ်မြောက်အောင် ကြိုးပမ်းရန် ဗာတီကန်က သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို တောင်းဆိုပါတယ်” ဟု ဂိုဏ်းချုပ်ဆရာတော်ကြီးက နိဂုံးချုပ် ပြောကြားခဲ့သည်။
Translated by Fr. Peter Kyi Maung
Website: rvamyanmar.org
www.youtube.com/@rvamyanmar8152
Photo Credit: Vatican News

