ကမ္ဘာကြီးက မြန်မာ့အရေးကို မေ့လျော့နေသော်လည်း ဘုရားသခင်ကမူ မေ့လျော့တော်မမူ

မြန်မာနိုင်ငံရှိ ကာဒီနယ် ချားလ်စ်မောင်ဘိုသည် အဆုံးသတ်ရန် အရိပ်အယောင်မရှိသေးသည့် ပြည်တွင်း စစ်ဒဏ်ကို ခံစားနေရပြီး စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေး အကျပ်အတည်းများ ဆိုက် ရောက်နေကာ လူပေါင်း ၃.၅ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည့်အပြင် လူငယ်များစွာ ပြည်ပသို့ တိမ်းရှောင်နေကြရသည့် နိုင်ငံ၏ အခြေအနေကို မီးမောင်းထိုးပြလိုက်ပါသည်။

ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘိုက “မြန်မာနိုင်ငံသည် ကုန်ဈေးနှုန်း ကြီး မြင့်မှုနှင့်အတူ စီးပွားရေးအကျပ်အတည်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးမှုကြောင့် ဖြစ် ပေါ်လာသော အကျပ်အတည်း၊ လူပေါင်း ၃.၅ သန်းကျော် အိုးအိမ်စွန့်ခွာရခြင်းနှင့် လူငယ်များ ပြည်ပသို့ ထွက်ပြေးနေရခြင်းဟူသော လူမှုရေးအကျပ်အတည်း၊ အခြေခံကျန်းမာရေးစောင့် ရှောက်မှု အကျပ် အတည်းနှင့် မျိုးဆက်တစ်ခုလုံး ၅ နှစ်ခန့် ပညာသင်ကြားခွင့် ဆုံးရှုံးနေရသည့် ပညာရေးအကျပ်အတည်း စသည့် ‘ဘက်ပေါင်းစုံ အကျပ်အတည်း’ (Polycrisis) ကို ရင်ဆိုင်နေရသည်” ဟု ထပ်တလဲလဲ သတိပေး ပြောကြားခဲ့သည်။

နိုင်ငံအတွင်း ရင်ဆိုင်နေရသော ဆိုးရွားသည့် အခြေအနေများကို Vatican Media သို့ မျှဝေရာတွင် ကာဒီ နယ်က စစ်အာဏာသိမ်းပြီး ၅ နှစ်အကြာ မြန်မာနိုင်ငံကို ကြောက်ရွံ့မှု၊ ပင်ပန်းနွမ်းနယ်မှုနှင့် အထူးသဖြင့် လူငယ်များကြားတွင် နက်ရှိုင်းသော မရေရာမှုများ လွှမ်းမိုးနေသည့် နိုင်ငံအဖြစ် ဖော်ပြခဲ့သည်။ 

သို့သော်လည်း သူက မျှော်လင့်ချက်သည် “သေဆုံးမသွားသေးသော်လည်း” ၎င်းမှာ “လက်ဝါးကပ် တိုင် မှာ အတင်ခံထားရသကဲ့သို့ ဖြစ်နေသည်” ဟု မှတ်ချက်ပြုခဲ့သည်။

လူငယ်များအပေါ် သက်ရောက်မှု

ကာဒီနယ်ဘိုက လူထု၏ စိတ်နေစိတ်ထားမှာ ရှုပ်ထွေးပြီး ကိုယ့်အတွေ့အကြုံ၊ ပထဝီဝင် အနေ အထား နှင့် အကြမ်းဖက်မှုများနှင့် နီးစပ်မှုအပေါ်မူတည်၍ ကွဲပြားကြောင်း ဝန်ခံခဲ့သည်။ အထူးသဖြင့် လူငယ် များကြားတွင် နေ့စဉ်ဘဝသည် လုံခြုံမှုမရှိခြင်း၊ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုနှင့် အနာဂတ်အပေါ် ယုံကြည်မှု ကင်းမဲ့လာခြင်းတို့က ပိုမို ထင်ရှားလာသည်ဟု ဆိုသည်။

“လူငယ်တွေဟာ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုအတွက် အမြဲတမ်းလိုလို ကြောက်ရွံ့မှုတွေနဲ့ နေ ထိုင်နေကြရတယ်” ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများ၊ ပြန့်နှံ့နေသော အကြမ်းဖက်မှုများ၊ စီးပွား ရေး မတည်ငြိမ်မှုများနှင့် အတင်းအဓမ္မ စစ်သားစုဆောင်းခံရမည့် ခြိမ်းခြောက်မှုများကို ထောက် ပြခဲ့ သည်။ ဤကဲ့သို့ ကြာရှည်လာသော မလုံခြုံမှုများကြောင့် နိုင်ငံအနှံ့အပြားရှိ လူငယ်များကြားတွင် စိုးရိမ် ပူပန်မှု၊ စိတ်ဖိစီးမှုနှင့် စိတ်ပိုင်းဆိုင်ရာ ဖိအားများ မြင့်တက်လာစေသည်ဟု ၎င်းက ဆိုသည်။

ပညာရေး၊ အလုပ်အကိုင်နှင့် ပုံမှန်ဘဝများ ဆုံးရှုံးခြင်း

ကာဒီနယ်ဘိုက နှစ်ရှည်လများ အနှောင့်အယှက်ဖြစ်မှုများသည် ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်း များနှင့် ပုံမှန်လူမှုဘဝများကို မည်သို့ ပျက်စီးစေခဲ့သည်ကိုလည်း ပြစ်တင်ရှုတ်ချခဲ့သည်။

လူငယ်အများအပြားသည် စိတ်ပျက်အားငယ်မှု၊ ဝမ်းနည်းမှုနှင့် ကူရာကယ်ရာမဲ့မှုများကို ဖော်ပြကြပြီး စစ်တမ်းများအရ အာဏာမသိမ်းမီ နှစ်များနှင့် နှိုင်းယှဉ်ပါက ဒေါသထွက်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက် မှုများ သိသိသာသာ မြင့်တက်လာကြောင်း သိရသည်။ “ပုံမှန်ဘဝအတိုင်း နေထိုင်နိုင်သူ အလွန်နည်း ပါးသွားပြီ” မြန်မာနိုင်ငံမှ ထွက်ခွာရန် စဉ်းစားနေသူ သို့မဟုတ် ထွက်ခွာသွားသူ လူငယ်အရေအတွက် ပိုမိုများပြားလာကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ကာဒီနယ်ဘိုက မြန်မာလူငယ်များကို ဒုက္ခသည်သက်သက်အဖြစ်သာ မရှုမြင်ရန် သတိပေးခဲ့သည်။ အခက်အခဲများကြားတွင်ပင် ကြံ့ကြံ့ခံနိုင်မှုနှင့် ပြတ်သားသော စိတ်ဓာတ်များကို တွေ့ ရှိရကြောင်း ၎င်းက ဆိုသည်။ အချို့သော လူငယ်များသည် ပိုမိုကောင်းမွန်သော အနာဂတ် ဖြစ်လာနိုင် သည်ဟု ဆက်လက်ယုံကြည်နေကြပြီး အလွန်ခက်ခဲသော အခြေအနေများကြားမှ အခွင့်အလမ်းများ ဖန်တီးနိုင်ရန် ပညာရေးနှင့် ဒီဂျစ်တယ်နည်းပညာ အပါအဝင် ကျွမ်းကျင်မှုအသစ်များတွင် ရင်းနှီးမြှုပ်နှံ နေကြသည်။

ဒီဂျစ်တယ် ဖိအားများနှင့် နိုင်ငံရေး စိန်ခေါ်မှုများ

ဒီဂျစ်တယ် လူမှုဘဝသည် ကောင်းကျိုးနှင့် ဆိုးကျိုး ဒွန်တွဲနေကြောင်း ကာဒီနယ်က အကြံပြုသည်။ အွန် လိုင်းပလက်ဖောင်းများသည် ဆက်သွယ်ရေး၊ သင်ယူမှုနှင့် စည်းလုံးညီညွတ်မှုကို ပေးစွမ်းနိုင် သော် လည်း လူငယ်များကို အမုန်းစကား၊ အလွဲသုံးစားမှုနှင့် သတင်းမှားများဆီသို့ တွန်းပို့နေပြီး ၎င်းသည် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် လူမှုစည်းလုံးညီညွတ်မှုကို ပိုမို ပျက်စီးစေသည်။

လတ်တလော ပြုလုပ်ခဲ့သော ရွေးကောက်ပွဲများတွင်လည်း လူငယ်မဲဆန္ဒရှင်များအကြား ပါဝင်မှု နည်း ပါးခဲ့ပြီး အများစုမှာ နိုင်ငံရေးအရ စိတ်ပျက်အားငယ်နေကြသည်ဟု ကာဒီနယ်က လေ့လာတွေ့ ရှိခဲ့ သည်။

လက်ဝါးကပ်တိုင်တင်ခံရသော မျှော်လင့်ချက်”

ဤကဲ့သို့သော နောက်ခံအခြေအနေများရှိသော်လည်း မျှော်လင့်ချက်ထားရန် ဖြစ်နိုင်သေးကြောင်း ကာဒီ နယ်ဘိုက အခိုင်အမာ ပြောကြားခဲ့သည်။

“ဒါဟာ အပေါ်ယံ အကောင်းမြင်ဝါဒ မဟုတ်ပါဘူး။ ဒါဟာ လက်ဝါးကပ်တိုင်မှာ အသေခံပြီး ပြန်လည် ရှင်ပြန်ထမြောက်ခြင်းကနေ ဆင်းသက်လာတဲ့ ခရစ်ယာန်တို့ရဲ့ မျှော်လင့်ချက်ပါ” ဟု ၎င်းက ဆိုသည်။ ဤမျှော်လင့်ချက်သည် အခြေအနေများ သို့မဟုတ် နိုင်ငံရေး တွက်ချက်မှုများအပေါ်တွင် အခြေမခံ ကြောင်း ကာဒီနယ်က ရှင်းပြသည်။

“မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းရေး၊ အသက်မွေးဝမ်းကျောင်းမှု၊ တည်ငြိမ်မှုနဲ့ နိုင်ငံတကာရဲ့ အာရုံ စိုက်မှုတွေ အပါအဝင် လုံခြုံမှုများစွာ ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့ ဘုရားသခင်ရဲ့ ရှိနေခြင်းကိုတော့ မဆုံးရှုံးခဲ့ကြပါဘူး” ဟု ၎င်းက မှတ်ချက်ပြုသည်။ ဘုရားသခင် ရှိနေခြင်းကို အိုးအိမ်စွန့်ခွာရသည့် ရွာ များ၊ ဒုက္ခသည်စခန်းများနှင့် ဒုက္ခဆင်းရဲများကြားတွင် ဆက်လက်အမှုဆောင်နေကြသော မိသားစုများ၊ မိခင်များ၊ ဒေသနာပြဆရာများနှင့် ဘာသာရေးပုဂ္ဂိုလ်များ၏ တိတ်ဆိတ်သော သည်းခံနိုင်စွမ်းများတွင် တွေ့မြင်နိုင်သည်ဟု ၎င်းက ဆိုသည်။

မိသားစုများ ရှိသမျှကို ဝေမျှနေကြ

“မိသားစုတွေဟာ သူတို့မှာ ရှိသမျှ အနည်းငယ်လေးကို ဆက်လက်ဝေမျှနေကြတယ်။ အတူတကွ ဆက် လက်ဆုတောင်းနေကြတယ်” ဟု ကာဒီနယ်ဘိုက ဆိုသည်။

လူငယ်များသည်လည်း သူတို့၏ လူမှုအသိုင်းအဝိုင်းအတွက် စေတနာ့ဝန်ထမ်းအဖြစ် ဆက်လက် အမှု ဆောင်နေကြပြီး မတူညီသော အနာဂတ်အိမ်မက်များကို စွန့်လွှတ်ရန် ငြင်းဆန်နေကြသည်။ ဤလုပ် ရပ် များသည် သေးငယ်သည်ဟု ထင်ရသော်လည်း ၎င်းတို့သည် မုန်ညင်းစေ့ကဲ့သို့သော “ဧဝံဂေလိတရား၏ နိမိတ်လက္ခဏာများ” ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အမုန်းတရားကို ငြင်းပယ်ခြင်း၊ အကြမ်းဖက်မှုကို ဆန့်ကျင်ခြင်းနှင့် ပြန်လည်သင့်မြတ်ရေးနှင့် လူသား ဂုဏ်သိက္ခာဆိုင်ရာ စကားလုံးများကို ဆက်လက်ပြောဆိုခြင်းဖြင့် အသင်းတော်သည် “မျှော်လင့်ချက်၏ လျှို့ဝှက်ချက် (Sacrament of Hope)” အဖြစ် လုပ်ဆောင်ရန် ကြိုးပမ်းနေကြောင်း ကာဒီနယ်က အလေးပေး ပြောကြားခဲ့သည်။ ကမ္ဘာကြီးက လျစ်လျူရှုထားပုံပေါ်သည့်တိုင် “အကြမ်းဖက်မှုက နောက် ဆုံးစကားလုံး ဖြစ်လာမှာမဟုတ်ဘူးလို့ ကျွန်ုပ်တို့ ဆက်လက်ယုံကြည်နေပါတယ်” ဟု ၎င်းက ဆိုသည်။

မေ့လျော့ခံရသော်လည်း စွန့်ပစ်မခံရ

တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံရှိ လူအများအပြားသည် မေ့လျော့ခံထားရသည်ဟု ခံစားနေရကြောင်း ကာဒီနယ်ဘိုက ဝန်ခံခဲ့သည်။

“မြင်သာတဲ့ ပြောင်းလဲမှု မရှိဘဲ ဆင်းရဲဒုက္ခတွေနဲ့ နှစ်အတော်ကြာ ဖြတ်သန်းခဲ့ရပြီးပါပြီ။ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကလည်း အလွန်အမင်း အကြမ်းဖက်မှုတွေ ဖြစ်ပွားတဲ့ အချိန်ကလွဲရင် မှေးမှိန် သွားလေ့ ရှိတယ်” ဟု ၎င်းက ဆိုသည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ နှုတ်ဆိတ်နေမှု သို့မဟုတ် သတိကြီး စွာ ထားမှု၊ အရေးယူပိတ်ဆို့မှုများကြောင့် အထီးကျန်ဖြစ်ရမှုနှင့် ထိတွေ့ဆက်ဆံမှု လျော့နည်းလာမှုတို့က သာမန်ပြည်သူများအား စွန့်ပစ်ခံထားရသကဲ့သို့ ခံစားရစေသည်ဟု ကာဒီနယ်က အကြံပြုသည်။

သို့သော်လည်း ကမ္ဘာကြီးက မေ့လျော့နေခြင်းသည် ဘုရားသခင်က စွန့်ပစ်ထားခြင်းနှင့် မတူကြောင်း ကာဒီနယ်က ရှင်းလင်းပြောကြားခဲ့သည်။ “မြန်မာနိုင်ငံဟာ လျစ်လျူရှုခံထားရတယ်လို့ ခံစားရနိုင်ပေမဲ့ ဘုရားသခင်ရဲ့ စီမံကိန်းထဲမှာတော့ မေ့လျော့မခံထားရပါဘူး” ဟု ၎င်းက ဆိုသည်။

ပြန်လည်သင့်မြတ်ရေးအတွက် လုပ်ဆောင်ခြင်း

ကာဒီနယ်ဘိုသည် မြန်မာနိုင်ငံရှိ အသင်းတော်၏ ဓမ္မအမှုနှင့် လက်တွေ့ကျသော အခန်းကဏ္ဍကိုလည်း ဖော်ပြခဲ့သည်။ ကက်သလစ်ခေါင်းဆောင်များသည် အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် တရားမျှတမှု၊ ခွင့်လွှတ်မှုနှင့် ကရုဏာတရားတို့အပေါ် အခြေခံသည့် ပြန်လည်သင့်မြတ်ရေးအတွက် အစဉ်တစိုက် တောင်းဆိုနေကြပြီး ငြိမ်းချမ်းရေးဆိုသည်မှာ တိုက်ပွဲများမရှိရုံသာမကဘဲ ထိုထက်မက ပိုမိုနက်ရှိုင်း ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

ဘာသာပေါင်းစုံ ချစ်ကြည်ရေး အစီအစဉ်များမှတစ်ဆင့် ခရစ်ယာန်၊ ဗုဒ္ဓဘာသာ၊ မွတ်စလင်နှင့် ဟိန္ဒူဘာသာဝင်များ စုပေါင်းကာ ငြိမ်းချမ်းရေးအတွက် ဆုတောင်းကြပြီး ကွဲပြားမှုများကြားတွင် အတူ ယှဉ်တွဲနေထိုင်မှု၏ ပုံစံကောင်းများကို ဖော်ပြနေကြသည်။ ဓမ္မသတင်းစကားများသည် အောင်နိုင် ရေးကို ရှေးရှုခြင်းထက် စာနာနားလည်မှုနှင့် နားထောင်ပေးမှုတို့ကို အလေးပေးကြောင်း၊ နိုင်ငံတကာ မိတ်ဖက်များ၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီကဲ့သို့သော အဖွဲ့အစည်း များသည် စည်းလုံးညီညွတ်မှု၊ လူသားဂုဏ်သိက္ခာနှင့် ဆွေးနွေးပွဲများကို မြှင့်တင်ပေးနေကြောင်း ကာဒီ နယ်က မှတ်ချက်ပြုခဲ့သည်။

“ဘုရားသခင်သည် သစ္စာရှိတော်မူ၏”

မြန်မာနိုင်ငံသည် ဗာတီကန်၏ မေ့လျော့ခြင်းကို မခံရကြောင်းကိုလည်း ကာဒီနယ်က အလေးပေး ပြော ကြားခဲ့သည်။ ပုပ်ရဟန်းမင်းကြီးသည် “အလွန်စိုးရိမ်ပူပန်နေပြီး” ငြိမ်းချမ်းရေး၊ ဆွေးနွေးပွဲများ၊ အရပ် သားများအား ကာကွယ်စောင့်ရှောက်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိနိုင်ရေးအတွက် အကြိမ်ကြိမ် တောင်းဆိုမှုများ ပြုလုပ်ခြင်းဖြင့် ထိုစိုးရိမ်မှုကို ဖော်ပြနေသည်ဟု ဆိုသည်။ နိုင်ငံရေးအရ အဖြေရှာမှုများသည် နှေးကွေးပြီး ရှုပ်ထွေးနေသော်လည်း ရောမမြို့ (ဗာတီကန်) ထံမှ စစ်မှန်သော ဆုတောင်းမှုနှင့် အာရုံစိုက်မှုများ ရှိနေကြောင်း ကာဒီနယ်က အခိုင်အမာ ပြောကြား ခဲ့သည်။

နောက်ဆုံးအနေဖြင့် ကာဒီနယ်ဘိုက မျှော်လင့်ချက်နှင့် ယုံကြည်ခြင်းတွင် ဇွဲရှိကြရန် တိုက်တွန်းခဲ့သည်။ “မျှော်လင့်ချက်ကို စွန့်လွှတ်လိုက်တာဟာ အနာဂတ်ကို အကြမ်းဖက်မှုနဲ့ စိတ်ပျက်အားငယ်မှုတွေဆီမှာ လက်နက်ချလိုက်တာပဲ ဖြစ်ပါလိမ့်မယ်” ဟု ၎င်းက ဆိုကာ မြန်မာနိုင်ငံအနေဖြင့် မျှော်လင့်နေရခြင်းမှာ “အခြေအနေတွေက လွယ်ကူနေလို့ မဟုတ်ဘဲ ဘုရားသခင်က သစ္စာရှိတော်မူတဲ့အတွက်ကြောင့် ဖြစ်ပါ တယ်” ဟု နိဂုံးချုပ် ပြောကြားခဲ့ပါသည်။

ဘာသာပြန်- Fr. Peter Kyi Maung

News- Vatican News

Website: rvamyanmar.org

www.youtube.com/@rvamyanmar8152

#rvamyanmar#VaticanNews#PopeLeoXIV#ArchdioceseofMandalay

rvamyanmar
rvamyanmar
Articles: 3759

Leave a Reply

Your email address will not be published. Required fields are marked *